backup og meta

တတိုင်းမွှေး ဆေးဖက်ဝင်သလား!

တတိုင်းမွှေး ဆေးဖက်ဝင်သလား!

တတိုင်းမွှေးပင်ကို မမြင်ဖူးရင်သာ နေကြမယ်။ အမည်ကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပြောချင်တာက တတိုင်းမွှေး ဆေးဖက်ဝင်သလား  ဆိုတာပါ။ ကဲ …… ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

တတိုင်းမွှေးပင် ဆိုတာ

တတိုင်းမွှေးပင်ဆိုတာက ပန်းပွင့်တဲ့ အပင်တစ်မျိုးပါ။ Magnoliaceae မျိုးရင်းပင် တစ်မျိုးပါ။ ရှေးခေတ် ကာလတွေကလည်း ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အပင်ရဲ့ အပွင့်၊ အခေါက်၊ အဆီအနှစ် အားလုံးက ဆေးဖက်ဝင်ပါတယ်။ 

တတိုင်းမွှေးပင်က အရှေ့အာရှ နဲ့ အရှေ့တောင်အာရှ ဒေသမျိုးရင်းပင်တစ်မျိုးပါ။ များစွာသော ကျန်းမာရေး အကျိုးကျေးဇူးတွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင် အပင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ 

တတိုင်းမွှေး ဆေးဖက်ဝင်သလား!

တတိုင်းမွှေး ဆေးဖက်ဝင်သလား ဆိုတော့ တတိုင်းမွှေးပင်က ကျန်းမာရေးအတွက် ကောင်းကျိုး  များစွာ ရှိနေပါတယ်။ ဘယ်လို ကောင်းကျိုးတွေလဲဆိုတော့ တတိုင်းမွှေးပင်က စိုးရိမ်စိတ် များတာကို သက်သာစေနိုင်သလို ခံတွင်းရောင်ရမ်းတာ၊ ရာသီလာချိန် နာကျင်ကိုက်ခဲတာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးတွေကို ကောင်းမွန်စေနိုင်ပါတယ်။ 

နောက်ပြီး တတိုင်းမွှေးပင် အခေါက်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဓာတ်မတည့်မှုကိုလည်း သက်သာစေနိုင်ပါသေးတယ်။ တိတိကျကျ သိရှိနိုင်စေဖို့ လေ့လာလိုက်ရအောင်နော်။ 

  • စိုးရိမ်စိတ် များတာကို သက်သာစေတယ်

တတိုင်းမွှေးပင်က ခန္ဓာကိုယ်ရဲ့ ဟော်မုန်း မညီမျှမှုကို တိုက်ရိုက် ထိန်းညှိပေးပြီး စိုးရိမ်စိတ်များတာကို သက်သာစေနိုင်သလို ဟော်မုန်း မမျှတတာကြောင့် စိတ်ဖိစီးတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဟော်မုန်းစနစ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်တွင်းမှာ စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဟော်မုန်းတွေ ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။

  • သွားဖုံးရောင်တာကို သက်သာစေတယ်

တတိုင်းမွှေးပင် အဆီအနှစ်တွေက သွားဖုံးရောင်တာ၊ သွားဖုံးသွေးထွက်တာတွေကို သက်သာစေနိုင်ပြီး သွားနဲ့ ခံတွင်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

  • ရာသီလာချိန် ကိုက်ခဲတာကို သက်သာစေတယ်

တတိုင်းမွှေးပန်းပွင့်တွေနဲ့ အခေါက်တွေထဲမှာ ရှိတဲ့ ဒြပ်ပေါင်းတွေက အရောင်ကျစေနိုင်ပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ တတိုင်းမွှေးအဖူးတွေက ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုလည်း ကောင်းစေပါတယ်။ ရာသီအကြို လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ 

  • အသက်ရှူလမ်းကြောင်း ကျန်းမာစေနိုင်တယ်

တတိုင်းမွှေးပင်က လေပြွန်ရောင်တာ၊ ချောင်းဆိုးတာ၊ ချွဲထတာတွေ အပါအဝင် ပန်းနာရင်ကျပ်ရောဂါတွေကိုပါ သက်သာစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ 

  • ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်

တတိုင်းမွှေးပင်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ ဓာတ်မတည့်မှုကို သက်သာစေတာပါ။ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေနိုင်သလို ဝတ်မှုန် ဓာတ်မတည့်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ 

  • ဝိတ်ကျစေနိုင်တယ်

တတိုင်း​မွှေးပင်စည် အခေါက်က အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ သွေးဆုံးချိန်မတိုင်ခင် ကိုယ်အလေးချိန်တက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ 

  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

တတိုင်းမွှေးပင်က စိတ်ဖိစီးမှုကို လျှော့ကျစေနိုင်သလို သွေးတွင်းသကြားဓာတ် ထိန်းညှိပေးဖို့လည်း ထောက်ကူပေး ပါတယ်။ ဆီးချိုကို ထိန်းညှိဖို့ အသုံးပြုပေးလို့ ရသလို ကာကွယ်ပေးဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ 

  • အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ လျှော့ချပေးတယ်

တတိုင်းမွှေးပင်ရဲ့ နောက်ထပ် အသုံးဝင်မှု တစ်ရပ်ကတော့ လူကြီးတွေမှာ သိမြင်မှုစွမ်းရည် ကျဆင်းတာကို သက်သာစေတာပါ။ ဦးနှောက်တွင်းက acetylcholineပမာဏ မြင့်တက်အောင် လှုံ့ဆော်ပေးပြီး မှတ်မိနိုင်စွမ်း နည်းတာကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့လည်း လှုံ့ဆော်ပေးပါတယ်။  

  • အသည်း ကျန်းမာစေနိုင်တယ်

တတိုင်းမွှေးပင်က ပြန်ရည်ကြောစနစ်ကို လှုံ့ဆော်ပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အရက်သောက်တာ များတာကြောင့် အသည်းအဆီဖုံးတာကို ကာကွယ်ဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။

ဘာတွေ သတိထားရမလဲ!

တတိုင်းမွှေးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အများကြီး မသုံးသင့်ပါဘူး။ ရောဂါ အခံရှိသူတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

တတိုင်းမွှေးနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။ ဒါကြောင့် အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးကျွမ်းကျင်သူများနဲ့သာ တိုင်ပင်ပါ။ 

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

9 Benefits Of Magnolia Bark, How To Consume, & Side Effects https://www.stylecraze.com/articles/amazing-health-benefits-of-magnolia-bark/ Accessed Date 31 May 2023

Using Magnolias for Health https://www.motherearthgardener.com/plant-profiles/munificent-magnolias-zm0z20szbut/ Accessed Date 31 May 2023

MAGNOLIA https://www.rxlist.com/magnolia/supplements.htm Accessed Date 31 May 2023

Magnolia Flower: Health Benefits, Meaning + Interesting Facts https://natureofhome.com/magnolia-flower-meaning-benefits-symbolize/ Accessed Date 31 May 2023

10 Impressive Health Benefits Of Magnolia https://www.organicfacts.net/health-benefits/herbs-and-spices/magnolia.html Accessed Date 31 May 2023

ယခုပုံစံ

29/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး

အလှအပအတွက် ဥသျှစ်ရွက်ရဲ့ အသုံးဝင်ပုံက


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement