backup og meta

ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက ဘာတွေများလဲ.....


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက ဘာတွေများလဲ.....

    ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ရောဂါတိုင်းက ကာကွယ်လို့မရတာ မဟုတ်ပါဘူး။ ရောဂါတိုင်းကို ကာကွယ်လို့မရပေမယ့် အချို့သောရောဂါတွေကိုတော့ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ ဒါတွေက ဘာတွေများဖြစ်မလဲ တူတူကြည့်ပြီး ကာကွယ်လိုက်ရအောင်လား………..

    ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေက ဘာတွေများလဲ…………..

    ရောဂါ တော်တော်များများကို မခံစားရစေဖို့ဆိုရင် ကြိုတင်ပြီး ကာကွယ်ဆေး ထိုးနှံထားလို့ ရပါတယ်။ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက

    ရေကျောက် 

    အဖုအပိမ့်တွေဟာ စဖြစ်ကာစမှာ အနီရောင် အဖုသေးသေးလေးတွေဖြစ်ပြီး ဝက်ခြံ ဒါမှမဟုတ် အင်းဆက်ကိုက်ခံရတဲ့အရာလေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီလိုအခြေအနေနဲ့ ၂ ရက်ကနေ ၄ ရက်လောက်အထိကြာနိုင်ပါတယ်။ ဒီလိုကနေမှာ အရည်ကြည်ဖုလေးစဖြစ်လာပါလိမ့်မယ်။ ဒီအရည်ကြည်ဖုတွေပေါက်သွားတဲ့အခါမှာ အနာလေးတွေလို စဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေ အနာတွေဖြစ်လာပြီး ခြောက်သွားတဲ့အခါ အညိုရောင် အနာဖေးတွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။

    ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ကြိုတင်ပြီး ကာကွယ်ဆေးထိုးထားလို့ရပါတယ်။

    ဝက်သက်

    ခန္ဓာကိုယ်မှာ အနီရောင်အဖုအပိမ့်တွေထွက်တာပါ။ အဖျားက ၄ ရက်ကနေ ၇ ရက်အထိကြာနိုင်ပါတယ်။ ဖျားနာမှုနဲ့အတူ နှာစေးတာ၊ မျက်လုံးတွေနီတာ၊ လည်ချောင်းနာတာ၊ ပါးစောင်ထဲမှာ အဖြူစက်တွေထွက်တာ မျိုးတွေခံစားရနိုင်ပါတယ်။

    ဝက်သက်က ဆံစပ်တွေမှာ စဖြစ်တတ်ပြီး ဒီကနေမှတဆင့် လည်ပင်း၊ ရင်ဘတ်၊ခြေထောက်တွေ၊လက်တွေမှာပေါက်လာတတ်ပါတယ်။ ဒီလက္ခဏာတွေကရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာပြတတ်ပါတယ်။ ကာကွယ်ဆေးထိုးတာက တစ်ခုတည်းသောကာကွယ်မှုပါ။ ကုသမှုကတော့မရှိပါဘူး။

    ဒီတော့  ဝက်သက်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဖေစို့ဆိုရင် ကာကွယ်ဆေးကြိုတင်ထိုးနှံထားပေးပါ။

    မေးခိုင် 

    မသန့်ရှင်းတဲ့အရာတွေ (ဥပမာ သံချေးတက်နေတဲ့ သံစူးမိတာ၊ မသန့်ရှင်းတဲ့အရာတွေ အနာကိုထိတွေ့မိတာ) ကြောင့် မေးခိုင်ပိုး ဝင်နိုင်ပါတယ်။ ဒီမှာ တော်တော်များများက မေးခိုင်ကာကွယ်ဆေးကို ကြိုတင်ထိုးထားတာမျိုးမရှိကြပါဘူး။ ထိခိုက်မိတဲ့ အခါမျိုးမှာမှ ထိုးကြတာများပါတယ်။

    တကယ်ကတော့ မေးခိုင် ပိုးကာကွယ်ဖို့ဆိုရင် တစ်နှစ်တစ်ခါပုံမှန် ကာကွယ်ဆေးထိုးပေးလို့ရပါတယ်။ တိရစ္ဆာန် အကိုက်ခံရတာ၊ လူကိုက်ခံရတာတွေဖြစ်တဲ့ အခါမှာလည်း မေးခိုင်ကာကွယ်ဆေး ထိုးဖို့လိုပါမယ်။ မေးခိုင်ပိုးကြောင့် ကျန်းမာရေးပြဿနာကင်းစေဖို့ဆိုရင် တစ်နှစ်တစ်ကြိမ် မေးခိုင်ကာကွယ်ဆေးထိုးပေးပါ။

    ဦးနှောက်အမြှေးရောင်

    ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ အာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အ​မြှေးပါး နဲ့ ဦးနှောက်အတွင်းမှာရှိတဲ့ အရည်တွေထဲကို ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်လာတဲ့ ရောင်ရမ်းမှုကို ဆိုလိုတာပါ။ ဦးနှောက်အမြှေးရောင် ရောဂါက အရမ်းအဖြစ်များလှတဲ့ ရောဂါတော့မဟုတ်ပါဘူး။

    ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက အသက်အန္တရာယ် ထိခိုက်စေနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုကနေတဆင့် ကူးစက်ပြန့်နှံ့နိုင်ပါတယ်။

    ဦးနှောက်အမြှေးရောင်တာကို ကာကွယ်ဖို့ ကာကွယ်ဆေးထိုးလို့ရပါတယ်။

    ရေယုန်

    ရေယုန်က ပါးစပ်တဝိုက်နဲ့ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာလည်း ပေါက်နိုင်ပါတယ်။ Herpes simplex virus (HSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ ရောဂါပိုးက အရေပြားကိုထိလိုက်မိတာနဲ့ အတွင်းလွှာဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပြီး သွေးကြောတွအထိရောက်ရှိမှုကနေတဆင့် ရောဂါပိုး ကူးစက်ခံရတာပါ။

    ဒီပြဿနာကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကြိုတင်ထိုးထားလို့ရပါတယ်။

    ပါးချိတ်ရောင်

    ပါးချိတ်ရောင်ရောဂါဟာ လူတစ်ဦးကနေတစ်ဦးကို တံတွေး၊ နှာရည်တို့ကနေ ကူးစက်နိုင်သလို ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်နေတာကနေတဆင့်လည်း ကူးစက်နိုင်တဲ့ ဗိုင်းရပ်ရောဂါတစ်မျိုးပါ။ ပါးချိတ်မှာရှိတဲ့ တံတွေးထုတ်ပေးတဲ့ တံတွေးဂလင်းကို အဓိကထိခိုက်စေတာပါ။

    တံတွေးဂလင်း ရောင်လာခြင်းက အဓိကရောဂါလက္ခဏာ တစ်ခုပေါ့။ အရွယ်ရောက်ပြီးသူတွေမှာက ကလေးတွေ ထက်ပိုပြီး ပြင်းထန်စွာခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတေ့ာ ဦးနှောက်အမြှေးရောင်တာ၊ ပန်ကရိယ ရောင်တာ၊ အကြားအာရုံ ဆုံးရှုံးတာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဒီပြဿနာကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကြိုတင်ထိုးထားလို့ရပါတယ်။

    အသည်းရောင် အသားဝါ

    အသည်းရောင် အသားဝါရောဂါဆိုတာက အသည်းကဆဲလ်တွေကိုရောင်ရမ်းစေပြီး အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပေါ့။ အသည်းရောင်အသားဝါရောဂါအမျိုးအစားတွေအမျိုးမျိုးရှိသလိုရောဂါဖြစ်စေတဲ့ အကြောင်းရင်းခံတွေလည်း အမျိုးမျိုးရှိပေမယ့် ရောဂါလက္ခဏာတွေကတော့ ခပ်ဆင်ဆင် တူတတ်ကြပါတယ်။

    အသည်းရောင် အသားဝါရောဂါပိုးတွေက အမျိုးမျိုးရှိသလို ချွေး၊တံထွေး နဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်တဲ့အထိ ပြင်းထန်တာကြောင့် ကာကွယ်ဆေးထိုးပြီး ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။

    တုပ်ကွေး

    တစ်နှစ်တစ်ကြိမ်တော့ အနည်းဆုံး တုပ်ကွေးဖြစ်တတ်ကြပါတယ်။ ရာသီတုပ်ကွေးတွေက တစ်နှစ်ထက် တစ်နှစ်ပိုမိုပြင်းထန်လာကြပါတယ်။ တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတာက မသက်သာသလို ပြန်နလန်ထဖို့လည်း တော်တော်လေး အချိန်ယူရပါတယ်။ ဒီတော့ တုပ်ကွေးကြောင့် ပင်ပန်းတာကို သက်သာစေဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးတာပါ။

    ဂျာမန်ဝက်သက် (Rubella)

    ဂျာမန်ဝက်သက် (Rubella) ကာ ဗိုင်းရပ်ကူးစက်ရောဂါတစ်မျိုး ဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်မှာ အနီစက်တွေ ပေါ်လာပါလိမ့်မယ်။ အနီစက်များတွေအပြင် ဖျားတာနဲ့ ပြန်ရည်ကျိတ်ရောင်တာမျိုးတွေကိုပါ ခံစားရနိုင်ပါတယ်။

    ရောဂါပိုးရှိသူ နှာချေချောင်းဆိုးရာကနေတဆင့် လွင့်စဉ်ထွက်လာတဲ့ နျညရည်၊ တံထွေးအစက်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ နှာရည်၊ တံထွေးတို့နဲ့ထိတွေ့ထားတဲ့ အရာဝတ္ထုတွေကို ထိမိပြီးနောက် ပါးစပ်၊ နှာခေါင်း၊ မျက်လုံးများကို ထိမိလိုက်မယ်ဆိုရင် ဂျာမန်ဝက်သက် ကူးစက်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူနှင့် အစားအတူတူစားတာ ရေ၊ အချိုရည်တွေကို အတူတူသောက်ခြင်းကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

    ဒီလိုကူးစက်မှုပြင်းထန်တဲ့ ရောဂါပိုးတွေကို အကောင်းဆုံး ကာကွယ်တဲ့နည်းလမ်းက ကာကွယ်ဆေးထိုးတာပါ။

    Human papillomavirus (HPV)

    Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။

    Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ HPV ဗိုင်းရပ်စ်ကာကွယ်မှုကို အမျိုးသမီးတွေ အတွက် အဓိကထား လုပ်ဆောင်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေ မှာတင်မဟုတ်ပါဘူး။ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုက တစ်ဆတစ်ဆများလာတာနဲ့အတူ ဒီရောဂါအန္တရာယ်က တော်တော်လေးကြီးလာပါတယ်။

    ဒီပြင်းထန်တဲ့ ပြဿနာကို ကာကွယ်ဖို့ဆိုရင် HPV ကာကွယ်ဆေးထိုးထားတာ အဆင်အပြေဆုံးဖြစ်မှာပါ။

    ဒါတွေအပြင် ကလေးငယ်တွေမှာ အဖြစ်များတဲ့ ကြက်ညှာချောင်းဆိုး နဲ့ အဆုတ်ရောင်ရောဂါတွေကိုလည်း ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement