brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အဆစ်ရောင်နာ (Arthritis)

အဆစ်ရောင်နာ (Arthritis) ဆိုတာ အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်မျိုးပါ။ အဆစ်တွေ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ လှုပ်ရှားဖို့ ခက်တာ၊ တက်တက်ကြွကြွနေဖို့ ခက်တာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။

အဆစ်ရောင်နာ (Arthritis)

အဆစ်ရောင်နာတွေက အမျိုးမျိုးပါပဲ။ တစ်မျိုးစီတိုင်းမှာ မတူညီတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အဆစ်ရောင်နာ အမျိုးအစားကို လိုက်ပြီး ကုထုံးတွေလည်း ကွာခြားနိုင်ပါတယ်။

အဆစ်ရောင်နာ က များသောအားဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ဖြစ်နိုင်သလို အမျိုးသမီးတွေ၊ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အရွယ်သုံးပါးစလုံး ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။

အဆစ်ရောင်နာ ဆိုတာ အဆစ်တွေ ( အရိုး တစ်ခုခုနဲ့ တစ်ခု ဆုံပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာ) မှာ ထိခိုက်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်မျိုးပါ။ အဆစ်ရောင်နာတွေထဲမှာ အဆစ်တွေ ရောင်ရမ်းတာ၊ ကျိုးတာမျိုးတွေ ပါဝင်နေပါတယ်။ ဒီလိုပြောင်းလဲမှုတွေက အဆစ်တွေမှာ လှုပ်ရှားမှု လုပ်တဲ့အဆခါ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။

အဆစ်ရောင်နာက များသောအားဖြင့် ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ခံစားရနိုင်ပါတယ်။

  • ခြေထောက်
  • လက်
  • တင်ပါး
  • ဒူး
  • ခါးအောက်ပိုင်း စတဲ့နေရာတွေမှာ ခံစားရနိုင်ပါတယ်။

အဆစ် တစ်ခုမှာ ဘာတွေနဲ့ ပါဝင် ဖွဲ့စည်းထားတာလဲ …….

အဆစ်တစ်ခုမှာ တစ်ရှူးပျော့တွေက အရိုးတစ်ခုနဲ့ တစ်ခု ပွတ်တိုက်မိတာမျိုး မဖြစ်စေဖို့ ကြားခံ တစ်ခုအနေနဲ့ ခုခံပေးထားပါတယ်။ အရိုးနုလို့ခေါ်တဲ့ တွယ်ဆက်တစ်ရှူးလေးတွေက အဆစ်တွေကို ကျိုးပဲ့ထိခိုက်တာမျိုး၊ နာကျင်တာမျိုး မဖြစ်စေဘဲ ကောင်းကောင်း လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။

အချို့အဆစ်လေးတွေမှာဆိုရင် synovial membrane လို့ခေါ်တဲ့ အဆစ်တွေ လှုပ်ရှားမှု ကောင်းစေဖို့ ချောဆီသဖွယ် လုပ်ဆောင်ပေးတဲ့ အရည်အိတ်လေးတွေ ပါဝင်နေပါတယ်။

အဆစ်တော်တော်များများ အထူးသဖြင့် ဒူးဆစ်လို အဆစ်တွေကိုတော့ အရွတ်တွေ၊ အရွတ်တွဲတွေက အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ အရွတ်တွေက ကြွက်သားတွေနဲ့ အရိုးတွေကို တွယ်ဆက်ပေးပါတယ်။ အရိုး အချင်းချင်းကိုလည်း တွယ်ဆက်ပေးပါတယ်။

အဆစ်ရောင်နာ အမျိုးအစားတွေက ဘာတွေလဲ …….

အဆစ်ရောင်နာအမျိုးအစားတွေက အဆစ်တွေရဲ့ အခြေအနေကို လိုက်ပြီး အမျိုး ၁၀၀ ကျော် ကွာခြားနိုင်ပါတယ်။ အဖြစ်များတဲ့ အဆစ်ရောင်နာတွေကတော့

  • Osteoarthritis (အရိုးအဆစ်ရောင်) (သို့မဟုတ်) “wear and tear” အဆစ်ရောင်နာ – ဒီအဆစ်ရောင် အမျိုးအစားကတော့ အရိုးနုလေးတွေအပေါ် ဖိအား အကြိမ်ကြိမ် သက်ရောက်တာကြောင့် အရိုးနုလေးတွေ ပျက်စီးသွားရာကနေ ဖြစ်တဲ့ အဆစ်ရောင်နာပါ။ အဖြစ်များတဲ့ အဆစ်ရောင်နာ တစ်မျိုးပါ။
  • Ankylosing spondylitis (ခါးအောက်ပိုင်း အဆစ်ရောင်နာ) (သို့မဟုတ်)  arthritis of the spine – ခါးအောက်ဘက်ပိုင်းက အဆစ်တွေမှာ ဖြစ်တဲ့ အဆစ်ရောင်နာ အမျိုးအစားပါ။ .
  • Juvenile arthritis (ကလေးတွေမှာ ဖြစ်တဲ့ အဆစ်ရောင်နာ) (JA) – ကိုယ်ခံအားက အဆစ်တဝိုက်မှာရှိတဲ့ တစ်ရှူးတွေကို မှားယွင်းတိုက်ခိုက်တာကြောင့် ဖြစ်တဲ့ အဆစ်ရောင်နာအမျိုးအစားပါ။ အစက် ၁၆ နှစ်အောက်တွေမှာ အဖြစ်များပါတယ်။
  • Gout (ဂေါက်ရောဂါ) – အဆစ်တွေထဲမှာ ယူရစ်အက်ဆစ် ပုံဆောင်ခဲတွေ ဖြစ်ပေါ်မှုကြောင့် ဖြစ်တဲ့ အဆစ်ရောင်နာအမျိုးအစားပါ။
  • Psoriatic arthritis – ကိုယ်ခံအား ပုံမှန်မဟုတ်တာ​ကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ အရေပြားဓာတ်မတည့်မှု ခံစားနေရသူတွေမှာ ဖြစ်တဲ့ အဆစ်ရောင်နာပြဿနာ တစ်မျိုးပါ။ psoriasis အရေပြားရောဂါ ခံစားနေရသူတွေမှာ ဖြစ်တဲ့ အဆစ်ရောင်နာတစ်မျိုးပါ။
  • Rheumatoid arthritis (လေးဖက်နာ) – ကိုယ်ခံအားက အဆစ်တွေမှာ ရှိတဲ့ synovial membranesတွေကို တိုက်ခိုက်တာကြောင့် ဖြစ်တဲ့ အဆစ်ရောင်နာ တစ်မျိုးပါ။

အဆစ်ရောင်နာ ဘယ်လောက် အဖြစ်များလဲ ……

အဆစ်ရောင်နာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အသက်ကြီးသူတွေမှာ အဖြစ်များသလို ကလေးတွေမှာလည်း အဖြစ်များပါတယ်။

ဘာကြောင့် အဆစ်ရောင်နာ ဖြစ်ရတာလဲ ……

အဆစ်ရောင်နာဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဥပမာပြောပြရရင် ဂေါက်ရောဂါဆိုရင် ယူရစ်အက်ဆစ် များနေတာကြောင့်ပါ။ အခြား အဆစ်ရောင်နာတွေ ခံစားရတဲ့ အကြောင်းအရင်းတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ များသောအားဖြင့်ကတော့

  • မျိုးရိုးရှိတာ
  • အဆစ်တွေကို ဝန်ပိစေနိုင်တဲ့ အလုပ်လုပ်ကိုင်တာ၊ အားကစားတွေ ပြင်းပြင်းထန်ထန် လုပ်တာ
  • autoimmune ရောဂါ တစ်ခုခု ရှိတာ
  • ဗိုင်းရပ်စ် ကူးစက်ခံရတာတွေက အဆစ်ရောင်နာကို ဖြစ်စေနိုင်ပါတယ်။

အဆစ်ရောင်နာ ဖြစ်စေနိုင်တဲ့ အခြားသော အချက်တွေ

အဆစ်ရောင်နာဖြစ်စေနိုင်တဲ့ အခြားသော အချက်တွေကတော့

  • အသက်အရွယ် – အသက်အရွယ်ကြီးရင့်လာလေလေ အဆစ်ရောင်နာခံစားရနိုင်ခြေ များလေလေပါ။
  • ဘဝနေထိုင်မှု ပုံစံ – ဆေးလိပ်သောက်တာ၊ လေ့ကျင့်ခန်း မလုပ်တာတွေက အဆစ်ရောင်နာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။
  • ကျား/ မ ကွာခြားချက် – အဆစ်ရောင်နာက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
  • ကိုယ်အလေးချိန် – အဝလွန်တာက အဆစ်တွေကို ဝန်ပိစေနိုင်ပြီး အဆစ်ရောင်နာကို ဖြစ်စေနိုင်ပါတယ်။

ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ………

အဆစ်ရောင်နာက အမျိုးအစားပေါ်လိုက်ပြီး လက္ခဏာတွေလည်း ကွာခြားနိုင်ပါတယ်။ အချို့တွေမှာ သိပ်မပြင်းထန်ပေမယ့် အချို့တွေမှာတော့ တော်တော်လေး ပြင်းထန်နိုင်ပါတယ်။ အဆစ်ရောင်နာက သက်သာလိုက်၊ နာလိုက်ဖြစ်တတ်သလို တစ်ချိန်လုံး နာနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဖြစ်များတဲ့ လက္ခဏာတွေကတော့ အဆစ်တွေမှာ

  • နာကျင်တာ
  • နီးမြန်းနေတာ
  • ကွေးလို့ဆန့်လို့ မရတာ
  • ရောင်နေတာ
  • တောင့်တင်းနေတာ
  • ပူနေတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ …..

အဆစ်ရောင်နာရောဂါ ခံစားနေရပြီလို့ သံသယရှိမယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး ပြသဖို့ လိုပါမယ်။ ဆရာဝန်က လက္ခဏာတွေကို မေးမြန်းပြီး အဆစ်ရောင်နာရဲ့ ပြင်းထန်မှုကို ဆုံးဖြတ်မှာပါ။

ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေအနေနဲ့

  • အဆစ်တွေရဲ့ လှုပ်ရှား လုပ်ဆောင်နိုင်မှုကို စစ်ဆေးမှာပါ
  • အဆစ်တဝိုက်က တောင့်တင်း ရောင်ရမ်းနေတာတွေကို စစ်ဆေးမှာပါ
  • အခြားသော ကျန်းမာရေး အခြေအနေတွေကိုပါ စစ်ဆေးမှာပါ။

ပုံရိပ်ဖော် စစ်ဆေးမှုတွေက အဆစ်ရောင်နာကို စစ်ဆေး သိရှိနိုင်မလား …….

အဆစ်ရောင်နာ (Arthritis)

ပုံရိပ်ဖော် စစ်ဆေးမှုတွေက အရိုး၊ အဆစ် နဲ့ တစ်ရှူးပျော့တွေကို သေချာ သိရှိနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ X-ray၊ MRI၊ အယ်လ်ထရာဆောင်းတို့က အခုလို သိရှိနိုင်စေမှာပါ။

  • အရိုး ကျိုးနေလား။ အဆစ်လွဲနေလား။ ဘာကြောင့် အဆစ်နာရတာလဲဆိုတာ
  • အဆစ်တဝိုက်က အရိုးနုတွေ ကျိုးနေတာလား
  • အဆစ်တွေ တဝိုက်က ကြွက်သား၊ အရွတ်၊ အရွတ်တွဲတွေမှာ ထိခိုက်မှုတွေ ရှိနေတာလား
  • တစ်ရှူးပျော့တွေ ရောင်ရမ်းနေတာလား ဆိုတာတွေကို သိရှိနိုင်စေမှာပါ။

သွေးစစ်တာက အဆစ်ရောင်နာရှိလားဆိုတာကို သိရှိနိုင်စေလား ……

သွေးစစ်တာက အဆစ်ရောင်နာရောဂါ ခံစားနေရတယ်လို့ တိုက်ရိုက် မသိရှိနိုင်စေပါဘူး။ ဆရာဝန်က ဂေါက်ရောဂါလို့ သံသယရှိမယ်ဆိုရင် ဒါမှမဟုတ် လေးဖက်နာ ဖြစ်နေတယ်လို့ ယူဆမယ်ဆိုရင် သွေးစစ်ခိုင်းပါလိမ့်မယ်။ သွေးထဲက ယူရစ်အက်ဆစ် ပမာဏ ဒါမှမဟုတ် inflammatory protein ပမာဏကို ကြည့်ပြီး အဆစ်ရောင်ရောဂါ ခံစားနေရလားဆိုတာကို အဖြေထုတ်ပေးမှာပါ။

အဆစ်ရောင်နာကို ဘယ်လို ကုသမလဲ ………

ဒါကတော့ ဖြစ်တဲ့အပေါ် မူတည်ပါတယ်။ တချို့မှာ ပျောက်ကင်းနိုင်ပေမယ့် တချို့မှာတော့ ရောဂါ ပိုဆိုး မလာအောင်ဘဲ ထိန်းပေးနိုင်မှာပါ။ ကုထုံးတွေကလည်း ရောဂါ ပြင်းထန်မှုအပေါ် လိုက်ပြီး ကွာခြားနိုင်ပါတယ်။ လက္ခဏာတွေလည်း ကွာခြားနိုင်ပါတယ်။

ကုသမှုမှာ ခွဲစိတ်မှုပါတဲ့ ကုထုံးတွေ ရှိသလို ခွဲစိတ်မှု မပါတဲ့ ကုထုံးတွေလည်း ရှိပါတယ်။

ဆေးသောက်တာ – အရောင်ကျဆေးလိုမျိုး ဆေးတွေ သောက်သုံးတာပါ။

Physical therapy – လေ့ကျင့်ခန်း လုပ်ပြီး နေ့စဉ် လှုပ်ရှားမှုမှာ အဆစ်နာတာကို ပိုဆိုးစေနိုင်တဲ့ အလေ့အထတွေကို ရှောင်ကြဉ်တာပါ။

Therapeutic injections – အဆစ်တွေထဲကို ပွတ်တိုက်မှု နည်းပြီး နာကျင်မှုနဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်ဖို့အတွက် အဆစ်တွေထဲကို ဆေးရည် ထိုးထည့်တာပါ။ ခဏတော့ သက်သာစေနိုင်ပါတယ်။ ချောဆီ သဘောမျိုး လုပ်ဆောင်ပေးပြီး အဆစ်တွေကို လှုပ်ရှားရ လွယ်စေတာပါ။

အဆစ်ရောင်နာက ခွဲစိတ်ကုသဖို့ လိုလား ……..

အဆစ်ရောင်နာက ပြင်းထန်တဲ့ အခြေအနေမှာဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုပါမယ်။ အပေါ်မှာ ပြောခဲ့တဲ့ ကုထုံးတွေနဲ့ ကုပေမယ့် တိုးတက်မှု မရှိဘူးဆိုရင် ခွဲစိတ်ကုသဖို့ လိုပါမယ်။

ဥပမာ အဆစ်အစားထိုးကုသတာမျိုးပေါ့။ အဆစ်ရောင်နာ ဖြစ်နေတဲ့ အဆစ်နေရာကို လူလုပ် အဆစ်တွေနဲ့ အစားထိုး ကုသတာမျိုးပါ။ ခြေချင်းဝတ် အဆစ် အစားထိုး ကုသမှု၊ တင်ပါးဆုံရိုး အစားထိုးကုသမှု၊ ဒူးဆစ် အစားထိုး ကုသမှု၊ ပခုံး အစားထိုး ကုသမှုတွေပါ။

အဆစ်ရောင်နာကို ကာကွယ်လို့ ရလား ……

အဆစ်ရောင်နာခံစားရနိုင်ခြေကို လျှော့ချချင်တယ်ဆိုရင်

  • ဆေးလိပ် နဲ့ ဆေးရွက်ကြီးကို ရှောင်ပါ
  • ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုပဲ လုပ်ပါ
  • ကျန်းမာနဲ့ ကိုယ်အလေးချိန် ထိန်းပါ
  • အဆစ်တွေ ထိခိုက်နိုင်ခြေကို တတ်နိုင်သမျှ လျှော့ပါ။

Takeaways

အဆစ်ရောင်နာက လူတိုင်း၊ အသက်အရွယ် မရွေးခံစားရနိုင်တဲ့ ပြဿနာပါ။ ပျောက်ကင်းအောင် ကုသနည်း မရှိတာကြောင့် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်မှာပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon မှ ရေးသားသည်။ · 07/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။