backup og meta

နေ့စဉ် အမှတ်တမဲ့လုပ်မိနေနိုင်တဲ့ ရောဂါကူးစက်ခံရနိုင်တဲ့ အလေ့အထတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့စဉ် အမှတ်တမဲ့လုပ်မိနေနိုင်တဲ့ ရောဂါကူးစက်ခံရနိုင်တဲ့ အလေ့အထတွေ

    ခုတလော ရောဂါတွေက ဆန်းပြားလာသလို ပြင်းထန်လာကြပါတယ်။ တိုးတက်လာမှုနဲ့အတူ ရောဂါကူးစက်ခံရနိုင်ခြေတွေကလည်း တော်တော်လေး များလာပါတယ်။ အခုတလော လူတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုကိုဖြစ်စေတဲ့ coronavirus (Covid-19) ကလည်း တစ်ခုအပါအဝင်ပေါ့။ ဒီတော့ နေ့စဉ် အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ အပြုအမူတွေကြောင့် Covid-19 အပါအဝင် အခြား ကူးစက်ရောဂါတွေ မခံစားရစေဖို့ ဒီဆောင်းပါးလေးကနေ သတိပေးပါရစေ။

    ကူးစက်ရောဂါပိုးတွေ ဘယ်လို ကူးစက်ကြသလဲ……….

    ကူးစက်ရောဂါတွေက အမျိုးမျိုးရှိသလို ကူးစက်တဲ့ပုံစံကလည်း အဖုံဖုံပါ။ လေထဲကနေတဆင့်ကူးတာ၊ ရောဂါပိုးရှိနေသူတွေရဲ့ နှာရည်၊တံထွေး စတာတွေကနေ ကူးစက်တာ၊ ရောဂါပိုးရှိသူရဲ့ ချွေး၊ သွေး နဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့ အရည်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒီတော့ ကိုယ်တွင်းကို ရောဂါပိုးတွေ မကူးစက်စေဖို့ဆိုရင် ကိုယ်တိုင်က သေချာလေး ကာကွယ်မှုတွေလုပ်ဖို့လိုပါမယ်။

    ရောဂါပိုးတွေ ကူးစက်နိုင်တဲ့ အခြေအနေတွေက ဘာတွေများလဲ………….

    နေ့စဉ် လှုပ်ရှားသွားလာနေမှုတွေအတွင်း ရောဂါကူးစက်ခံရနိုင်တဲ့ အခြေအနေတစ်ရပ်မက ရင်ဆိုင်ရနိုင်ပါတယ်။

    • အများသုံး သယ်ယူပို့ဆောင်ရေး စနစ် (YBS ဘတ်စ်၊ ကူးတို့လှေ၊ ရထား၊ လေယာဉ် လိုမျိုး အများနဲ့အတူ စီးနင်းရတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ)
    • စူပါမားကတ်စ်
    • အများပြည်သူ အပန်းဖြေအနားယူတဲ့နေရာတွေ
    • လူစုလူဝေးရှိတဲ့နေရာတွေ
    • ဆေးရုံ၊ ဆေးခန်းတွေ လိုမျိုးနေရာတွေက ရောဂါကူးစက်ခံရနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။

    နေ့စဉ် လုပ်မိနေနိုင်တဲ့ ရောဂါကူးစက်ခံရနိုင်တဲ့ အလေ့အထတွေက ဘာတွေများလဲ…………

    တစ်နေ့တာ အလုပ်ကိစ္စတွေကို လုပ်ဆောင်ရင်း အမှတ်တမဲ့လုပ်မိလိုက်တဲ့ အပြုအမူတွေကြောင့် ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒီတော့ သတိထားဆင်ခြင်လို့ရစေဖို့ အခု ပြောပြမယ့် အလေ့အထလေးတွေကို ဆင်ခြင်စေချင်ပါတယ်။

    လက်မဆေးတာ

    လက်ဆေးတာက ရောဂါပိုးတွေကို ကာကွယ်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါ။ ရောဂါပိုးတွေ ကပ်တွယ်နေနိုင်တဲ့ အများသုံး ယာဉ်က လက်ကိုင်တွေ၊ ပိုက်ဆံ အပါအဝင် အခြားရောဂါပိုးတွေရှိနေနိုင်တဲ့အရာတွေ။ တိရစ္ဆာန်လေးတွေ၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ပြီးတိုင်း၊ အိမ်သာကဆင်းလာတိုင်းနဲ့ အစားအစာတွေကို ကိုင်တွယ်ခါနီးတိုင်းမှာ လက်ကို ရေနဲ့ဆပ်ပြာသုံးလို့ သေချာလေးဆေးကြောပါ။

    တစ်ခုခုဆို လက်က ပေမနေပါဘူး။ သန့်ပါတယ်ဆိုပြီး အလွယ်တကူ အစားစားလိုက်တာ၊ မျက်လုံးပွတ်တာလိုမျိုး အပြုအမူတွေကို မလုပ်မိပါစေနဲ့။ ဒါတွေက ရောဂါပိုးတွေကို ကိုယ်တွင်းက အလွယ်တကူ ဝင်ရောက် ကူးစက်နိုင်လို့ပါ။

    အိပ်ရေးပျက်ခံတာ

    အလုပ်များလို့ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်နေလို့ဖြစ်ဖြစ်၊ ဂိမ်းဆော့နေလို့ဖြစ်ဖြစ် ညဘက်အိပ်ရာဝင် နောက်ကျတတ်တယ်ဆိုရင် ဒီအကျင့်က ဖျောက်ဖို့လိုနေပါပြီ။ အကြောင်းကတော့ အိပ်ရေးပျက်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကများလို့ပါ။

    အိပ်ရေးပျက်တာ များလာတဲ့အခါ ကိုယ်ခံအားက နည်းလာပြီး ကူးစက်ရောဂါပိုးတွေ ဝင်ရောက်နိုင်ခြေက ပိုများသွားနိုင်ပါတယ်။  ဒါကြောင့် ကူးစက်ရောဂါပိုးတွေကို ကာကွယ်ဖို့ဆိုရင် ညတိုင်း အိပ်ရေးဝဝအိပ်ဖို့ လိုပါမယ်။

    တစ်ကိုယ်ရေသန့်ရှင်းရေး သေချာဂရုမစိုက်တာ

    နေ့တိုင်းရေချိုးဖို့ ပျင်းတဲ့သူလေးတွေရှိနိုင်ပါတယ်။ ရေချိုးတယ်ဆိုတာက အနံ့အသက်ကင်းပြီး လန်းဆန်းစေဖို့တင် မဟုတ်ပါဘူး။ ရောဂါပိုးတွေကိုပါ ကာကွယ်ပေးဖို့အတွက်ပါ။ ဒါကြောင့် ရေချိုးရတာကို သဘောမကျဘူးဆိုရင်တောင်မှ တစ်နေ့ကို တစ်ကြိမ်လောက်တော့ သေချာလေးရေချိုးပေးပါ။

    တဘက်တစ်ခုတည်း သုံးတာ

    မြန်မာလူမျိုးအများစုက မိသားစုတစ်စုထဲမှာ တစ်ကိုယ်ရေသုံးပစ္စည်းကစလို့ အရာရာတိုင်းကို အတူတူ သုံးကြတာများပါတယ်။ ဒီလိုအသုံးပြုတာက ချစ်ခြင်းမေတ္တာကို ပြသရာရောက်ပေမယ့် ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကတော့ တော်တော်လေးများနေပါတယ်။

    ဒါကြောင့် ဖြစ်နိုင်ရင် ရောဂါပိုးကူးစက်တာကို ကာကွယ်ဖို့အတွက် တဘက်ကစလို့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကို သီးသန့်ထားသုံးဖို့ ပြောပါရစေ။

    သွားပုံမှန်မတိုက်တာ

    ခံတွင်းသန့်ရှင်းရေးက ကျန်းမာရေးအတွက် တော်တော်လေး အရေးကြီးပါတယ်။ ခံတွင်းထဲက ချွဲအမြှေးပါးတွေက အသက်ရှူလမ်းကြောင်းထဲကို ရောဂါပိုးတွေ ဝင်မလာအောင် တားဆီးပေးပါတယ်။

    ခံတွင်းသန့်ရှင်းရေးဖြစ်တဲ့၊ သွားတိုက်တာ။ သွားပွတ်ကြိုးသုံးတာ၊ သွားပုံမှန်စစ်ဆေးတာတွေက ကျန်းမာရေးအတွက် လုပ်သင့်တဲ့ အပြုအမူတွေပါ။ ကူးစက်ရောဂါအပါအဝင် နာတာရှည်ရောဂါတွေကို ကာကွယ်ဖို့ဆိုရင်တစ်နေ့ကို နှစ်ကြိမ် ပုံမှန် သွားတိုက်ပေးပါ။

    နေထိုင်ရာနေရာတွေကို သန့်ရှင်းရေးမလုပ်တာ

    တစ်နေ့တာ နေထိုင် အလုပ်လုပ်ရမယ့် အလုပ်ခွင်။ နေအိမ် နဲ့ တစ်နေ့တာမှာ အသုံးပြုဖို့ လိုအပ်မယ့် ပစ္စည်းပစ္စယတွေကို မနက်ခင်းတိုင်းမှာ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ လူတော်တော်များများ လက်ခံထားတဲ့ အယူအဆက သုံးမရတော့အောင် ညစ်ပတ်မှ သန့်စင်တာပါ။ တကယ်ကတော့ ရောဂါပိုးတွေကနေ ကာကွယ်ဖို့ဆိုရင် ပုံမှန် သန့်စင်ဖို့လိုပါမယ်။

    အစားမမှန်တာ

    ကိုယ်ခံအားကောင်းစေဖို့နဲ့ ရောဂါတွေကို ကာကွယ်ဖို့ဆိုရင် နေ့စဉ် အာဟာရပြည့်ဝလုံလောက်အောင် စားသုံးမိဖို့က တော်တော်လေးအရေးကြီးပါတယ်။ အလုပ်များနေလို့ဆိုပြီး အစားမစားမိတာ။ မြန်မြန်နဲ့လွယ်လွယ်ဆိုပြီး အသင့်စား၊ အမြန်စား အစားအစာတွေကို စားတာမျိုးမလုပ်ပါနဲ့။

    နေ့တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝအောင် စားသုံးမှုက ကိုယ်ခံအားကိုကောင်းစေပြီး ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တားဆီးပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement