backup og meta

လက်ချောင်းမှာပြတ်ရှဒဏ်ရာရရင် ဘယ်လိုဂရုစိုက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ချောင်းမှာပြတ်ရှဒဏ်ရာရရင် ဘယ်လိုဂရုစိုက်မလဲ

    ချက်ရင်းပြုတ်ရင်းဖြစ်ဖြစ်၊ အိမ်မှုကိစ္စတွေလုပ်ရင်းဖြစ်ဖြစ်၊ အလုပ်ခွင်ထဲမှာ အလုပ်လုပ်နေရင်းနဲ့ဖြစ်ဖြစ်၊ အားကစားတစ်ခုခုလုပ်ရင်း၊ သွားရင်းလာရင်းနဲ့လည်း လက်ချောင်းလေးတွေမှာ မတော်တဆထိခိုက်မိတာတွေဖြစ်လာနိုင်ပါတယ်။ ဘာလုပ်လုပ်မပါမဖြစ်အသုံးပြုလုပ်ဆောင်နေရတဲ့ လက်ချောင်းလေးတွေက အခြားအင်္ဂါအစိတ်အပိုင်းတွေထက်လည်း ထိမိခိုက်မိနိုင်ခြေပိုများပါတယ်။ အခန့်မသင့်ရင် အိမ်မွေးတိရစ္ဆာန်တွေနဲ့ ကစားရင်းက မတော်တဆအကိုက်ခံရတာမျိုးတောင်ရှိနိုင်ပါတယ်။ တစ်ခါတလေဆို ဘာရယ်မဟုတ်ဖန်ကွဲစလေးတွေကောက်ရင်းက လက်ကို ဖန်ကွဲစရှသွားတာမျိုးတောင်ဖြစ်တတ်ပါသေးတယ်။ အများဆုံးအသုံးပြုရတဲ့ လက်ချောင်းလေးတွေ ထိခိုက်မိရင် အခုဖော်ပြပေးမယ့်နည်းလေးတွေအတိုင်း ဂရုစိုက်ကြည့်လို့ရပါတယ်။

    လက်ချောင်းထိရှမိတဲ့အခါ

    လက်ကိုအရင်သန့်စင်ရပါမယ်။

    ထိရှမိတဲ့ဒဏ်ရာကို မကိုင်တွယ်ခင်မှာ လက်ကိုအရင်သန့်အောင်ဆေးကြောရပါမယ်။ ဒီလိုမျိုးလက်ကိုဆေးလိုက်တာက အနာထဲကို လက်မှာကပ်ညှိနေတဲ့ပိုးတွေမဝင်ရောက်နိုင်အောင် အတိုင်းအတာတစ်ခုအထိတားဆီးလိုက်နိုင်ပါလိမ့်မယ်။ တကယ်လို့များ လက်အိတ်သန့်သန့်လေးအလွယ်တကူရှိနေရင် အနာမဖြစ်တဲ့လက်ကို လက်အိတ်စွပ်ပြီး အနာကို ကိုင်တွယ်ပါ။

    အနာသွေးတိတ်အောင်လုပ်ရပါမယ်

    အနာကနေသွေးထွက်လာမှာကတော့ အသေအချာပါပဲ။ အနာက ၅ မိနစ် – ၁၀ မိနစ်ကြာတဲ့အထိမှသွေးမတိတ်ဖူးဆိုရင် အနာကို ဂွမ်းစသန့်သန့်လေး (သို့မဟုတ်) ပတ်တီးစသန့်သန့်လေးနဲ့ခပ်ဖွဖွလေးဖိထားပေးပါ။ အနာကသွေးမတိတ်ဘဲကြာနေရင် အဝတ်စသန့်သန့်တစ်ခုထဲမှာရေခဲတုံးလေးတွေထည့်ပြီး အနာကို ကပ်ပေးလို့ရပါတယ်။ ရေခဲကပ်တာက အရောင်လည်းကျစေနိုင်ပါတယ်။ သွေးအရမ်းထွက်ရင်တော့ သွေးကြောကိုထိသွားတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။

    အနာကိုဆေးကြောပါ

    အနာကိုရေသန့်သန့်နဲ့ဆေးကြောပေးပါ။ အနာကိုညင်ညင်သာသာဆေးကြောဖို့လိုပါမယ်။ အနာကို ဝန်းကျင်ကိုပဲဆပ်ပြာတိုက်ပါ။ အနာပေါ်ကိုဆပ်ပြာမတိုက်ပါနဲ့။ စပ်ဖျဉ်းဖျဉ်းဖြစ်နိုင်တာကြောင့်ပါ။ပြီးရင် အနာကိုခြောက်အောင် ဂွမ်းစ၊ တစ်သျှူးစ (သို့မဟုတ်) အဝတ်စနဲ့ သုတ်ပေးပါ။

    အနာထဲမှာ အမှိုက်စ၊ ဖန်ကွဲစနဲ့ပြင်ပအရာဝတ္ထုတစ်ခုခုဝင်နေမယ်ဆိုရင် ဇာဂနာကို အရက်ပြန်စွပ်ပြီး တစ်စချင်းစီဖယ်ရပါမယ်။ အနာကိုhydrogen peroxide နဲ့လောင်းဆေးတာ အရက်ပြန်နဲ့ ပွတ်တာ၊ iodine (သို့မဟုတ်) iodine ပါတဲ့ အနာသန့်ဆေးမျိုးနဲ့မဆေးပါနဲ့ ။ တစ်ရှုးတွေပျက်စီးပြီး အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်နိုင်တာကြောင့်ပါ။ အနာထဲက အစအနတွေကို ဖယ်ရခက်နေရင် နီးစပ်ရာဆေးခန်းမှာသွားပြတာကအကောင်းဆုံးပါ။

    အနာကဘယ်လောက်နက်သလဲ ဆန်းစစ်ပါ

    ထိခိုက်မိတဲ့ဒဏ်ရာကအရမ်းနက်သွားလား၊ ကြွက်သားတွေ အရွတ်တွေကိုများထိမိလားဆိုတာကိုသေချာစစ်ဆေးဖို့လိုပါတယ်။ အဆီပြင်နဲ့ ကြွက်သားတွေကို ထိမိသွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။ ပြတ်ရှဒဏ်ရာအရမ်းကြီးရင်ပြန်ချုပ်ဖို့လိုအပ်ပါတယ်။

    အနာက ၃ စင်တီမီတာလောက်ပဲရှိပြီး အနက်က စင်တီမီတာဝက်လောက်ပဲရှိတယ်ဆိုရင်တော့ အသေးစားပြတ်ရှဒဏ်ရာလို့သတ်မှတ်လို့ရပါတယ်။ ဆရာဝန်ဆီသွားစရာမလိုပါဘူး။ အိမ်မှာပဲဆေးထည့်လို့ရပါတယ်။

    အနာကို ပဋိဇီဝဆေးတစ်ခုခုလူးပါ

    အနာထဲကို ပိုးမဝင်နိုင်စေဖို့အတွက် အနာကို ပဋိဇီဝဆေးတစ်မျိုးမျိုးလူးပေးပါ။ပြီးရင်တော့ အနာကို ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေလုပ်ရပါမယ်။ အနာကို အစိုဓါတ်လည်းရရှိစေပါတယ်။ ပဋိဇီဝဆေးလူးပေးတာက အနာကို ပိုးမဝင်အောင်ကာကွယ်ပေးတဲ့အပြင် အနာကျက်လည်းမြန်စေပါတယ်။

    အချို့သူတွေမှာ ပဋိဇီဝဆေးနဲ့မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ ယားယံတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေခံစားရရင်ဆေးပြောင်းသုံးပေးပါ။

    ပလာစတာကပ်ပါ။ ပတ်တီးစည်းပါ။

    အနာထဲကိုပြင်ပကဘက်တီးရီးယားတွေနဲ့ မသန့်စင်တဲ့အရာတွေမဝင်ရောက်နိုင်အောင် အနာကို ပလာစတာကပ်ပြီးပဲဖြစ်ဖြစ် ပတ်တီးစည်းပြီးပဲဖြစ်ဖြစ် ကာကွယ်ပေးပါ။

    အနာမှာပလာစတာကပ်ထားမယ်ဆိုရင် အနာထဲကိုပြင်ပက မသန့်စင်တဲ့အရာတွေ၊ရောဂါပိုးတွေမဝင်ရောက်နိုင်ကာကွယ်ပြီးသားဖြစ်မှာပါ။ အမာရွတ်မထင်အောင်ကာကွယ်နိုင်သလို အနာပြန်မဖြစ်အောင်ကာကကွယ်ပြီးသားလည်းဖြစ်သွားပါလိမ့်မယ်။ အနာရင်းတာအပါအဝင် မလိုလားအပ်တဲ့နောက်ဆက်တွဲရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်မှာပါ။

    ဖြစ်နိုင်ရင်ရေစိုခံ ပလာစတာကိုအသုံးပြုပေးပါ။ရေချိုးတဲ့အခါမျိုး၊ရေကိုင်တဲ့အခါမျိုးမှာ အနာကိုရေမထိအောင် ပလပ်စတစ်လက်အိတ်၊ရော်ဘာလက်အိတ်တွေ စွပ်ပြီးရေမထိအောင်လုပ်ဆောင်ရပါမယ်။ အနာမှာကပ်ထားတဲ့ ပလာစတာ၊ ပတ်တီးတွေရေစိုသွားပြီဆိုရင် အသစ်လဲပေးပါ။ အနာကိုခြောက်အောင်သုတ်ပြီးဆေးလည်းပြန်ထည့်ပေးပါ။ ပလာစတာနဲ့ ပတ်တီးကို နေ့တိုင်းလဲပေးနိုင်ရင် အကောင်းဆုံးပါ။ရေစိုသွားရင် ညစ်ပေနေရင်လည်းလဲပေးပါ။

    လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးရပါမယ်

    အနာကအရမ်းနက်တဲ့အခါမျိုး၊ သံချေးတက်နေတဲ့ သံစူးမိတဲ့အခါမျိုး၊ တိရစ္ဆာန်ကိုက်ခံရတာ၊ လူကိုက်ခံရတာမျိုးဖြစ်မယ်ဆိုရင်မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါလိမ့်မယ်။ အပေါ်ယံအရေပြားပေါက်ပြဲသွားတဲ့အခါ အနာထဲကိုပိုးဝင်နိုင်ခြေပိုများသွားလို့လည်းဖြစ်ပါတယ်။

    နောက်တစ်ခုက လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံးတစ်ခါမှမေးခိုင်ကာကွယ်ဆေးမထိုးထားဖူးဘူး။ပြီးတော့ အနာကအရမ်းပြင်းထန်နေမယ်ဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။မြန်နိုင်သမျှမြန်မြန်ထိုးတာအကောင်းဆုံးပါ။

    ဒီလိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

    လက်ချောင်းတွေမှာ ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ အခုလိုမျိုးလက္ခဏာတွေဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားရောက်ပြသဖို့လိုပါလိမ့်မယ်။

    • လက်ချောင်းကလှုပ်လို့မရရင်
    • လက်ချောင်းကထုံကျဉ်နေရင်
    • အရိုးကိုထိမိခဲ့ရင်
    • အနာကအရမ်းကြီးပြီး နက်နေမယ်ဆိုရင်
    • အနာနာကျင်ရောင်ရမ်းတာ အရမ်းပြင်းထန်ပြီး အချိန်ကြာနေမယ်ဆိုရင်
    • အနာကို မသန့်စင်နိုင်တာကြောင့် အနာကအရမ်းညစ်ပေနေမယ်ဆိုရင်
    • လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံးမေးခိုင်ကာကွယ်ဆေးမထိုးထားဘူးဆိုရင်
    • တိရစ္ဆာန်ကိုက်တဲ့ဒဏ်ရာ၊ လူကိုက်ခံရတဲ့ ဒဏ်ရာဖြစ်နေမယ်ဆိုရင်
    • အနာကမကျက်ရင်
    • အနာက နီရဲရောင်ရမ်းတာ၊နာတာ၊ပြည်ထွက်နေတာလိုမျိုး အနာရင်းတဲ့လက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ထံချက်ချင်းသွားပြတာကအကောင်းဆုံးပါ။

    လက်ချောင်းလေးတွေမှာ မတော်တဆထိခိုက်ဒဏ်ရာရသွားတဲ့အခါ ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ကြည့်ကြပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement