home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အနမ်းနောက်ကွယ်မှ လူဆိုးများ။ ။

အနမ်းနောက်ကွယ်မှ လူဆိုးများ။  ။

ချစ်သူတစ်ဦးနဲ့ တစ်ဦးအကြားထဲက ချစ်ခြင်းမေတ္တာတွေကို အကောင်းဆုံး ဖော်ထုတ်ပြသနိုင်တဲ့ အရာကတော့ အနမ်းတစ်ပွင့်ပဲ ဖြစ်ပါတယ်။ ဒီလို သမီးရည်းစားစုံတွဲတိုင်း မလွတ်ကင်းနိုင်တဲ့ အနမ်းဟာ စိတ်ကျန်းမာရေးအတွက်ရော ကိုယ်ခန္ဓာကျန်းမာရေးအတွက်ရော ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုပေမယ့် ဒီ အနမ်းရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ ရောဂါတွေလည်း ကပ်ပါနေတတ်ပါတယ်။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက်နမ်းရှိုက်တာကနေ ဘယ်လိုရောဂါတွေ ကူးစက်နိုင်မှာလဲ ။ ။

လူနှစ်ယောက် နှုတ်ခမ်းချင်း တေ့ပြီး နမ်းရတာဖြစ်တဲ့အတွက် တစ်ယောက်ဆီက ရောဂါပိုးတွေ နောက်တစ်ယောက်ဆီကို တံတွေးကနေ တစ်ဆင့်ပျံ့သွားနိုင်တာကြောင့် အနမ်းနောက်ကွယ်မှာ မမြင်နိုင်တဲ့ လူဆိုးတွေ ရှိနေပါတယ်။ ဘယ်သူတွေများလဲ ။ ။

နမ်းရှုံ့တာကနေ ကူးစက်နိုင်တဲ့ ရောဂါပိုးများ ။ ။

ဗိုင်းရပ်စ် ( virus)

တုပ်ကွေး လေထဲကတစ်ဆင့် ( ဒါမှမဟုတ်) ကိုယ်ကနေ ထထွက်တဲ့ အရည်တွေကနေ ကူးစက်တတ်တဲ့ ဒီ တုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ နမ်းရာကနေ ကူးစက်နိုင်တယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။

Glandular fever – Kissing Fever လို့တောင်ခေါ်ရတဲ့ ဒီ Glandular fever ဟာ Epstein-Barr virus ကြောင့်ဖြစ်ပြီး ဒီရောဂါပိုးဟာ တံတွေးကနေတစ်ဆင့် တစ်ယောက်ကနေ တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။

ရေယုန် – ရေယုန်က ထွက်တဲ့အရည်တွေထဲမှာ ရေယုန်ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ အပြည့်ပါတဲ့အတွက်ကြောင့် ဒီအရည်ထိတဲ့နေရာတိုင်း ရေယုန်တွေပွားနိုင်သလို ဒီ အရည်တွေကနေပဲ နောက်တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။

အသည်းရောင်အသားဝါ B ပိုး – အသည်းရောင် အသားဝါ B ပိုးဟာ သွေးတွေ၊ ချွေးတွေ ကိုယ်ခန္ဓာက ထွက်တဲ့အရည်တွေကနေ တစ်ဆင့် ကူးစက်နိုင်တာကြောင့် B ပိုးရှိတဲ့သူနဲ့ နမ်းရှုံ့မိရာကနေ ရောဂါပိုးကူးစက်နိုင်ပါတယ်။

ကြွက်နို့ – ပါးစပ်ထဲမှာရှိတဲ့ ကြွက်နို့ဟာလည်း နမ်းရှုံ့ခြင်းကနေတစ်ဆင့် အချင်းချင်းကို ကူးစက်စေတတ်တဲ့ ရောဂါတစ်ခုပါ။

ဘက်တီးရီးယား

Meningococcal disease ဦးနှောက် အမြှေးပါးရောင်ခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီယားရောဂါပိုးတစ်မျိုးပါ။ ဒီရောဂါပိုးရှိတဲ့ သူတစ်ယောက်နဲ့ နမ်းလိုက်ရင် နောက်လူက ဒီရောဂါပိုးချက်ချင်း တန်းကူးစက်သွားပြီး သွေးဆိပ်တွေသင့်ကာ အသက်ဆုံးနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

သွားပိုးစားခြင်း – ခံတွင်းထဲမှာရှိတဲ့ သွားပိုးစားခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အနမ်းကနေတစ်ဆင့် အခြားတစ်ယောက်ဆီကို ရောက်သွားပြီး နောက်လူဆီမှာလည်း သွားပိုးစားခြင်းကို ထပ်ဖြစ်စေပါတယ်။

ဒါဆို တစ်ယောက်နဲတစ်ယောက် အနမ်းချင်း ဖလှယ်လို့မရတော့ဘူးလား။ ။

အပေါ်မှာပြောခဲ့တဲ့ အနမ်းကနေ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေဟာ ရှိတော့ရှိတယ် ရှားတယ်ဆိုတဲ့ အထဲမှာပါဝင်ပါတယ်။ နမ်းတဲ့သူတိုင်း ဒီရောဂါတွေ ကူးကိုကူးနိုင်တယ်လို့မဆိုလိုပါဘူး။ ကူးသွားခဲ့တယ်ဆိုရင်တောင် ဝေဒနာ ပြင်းထန်တဲ့သူရှားပါတယ်။

ဒါဆို ရောဂါပိုးတွေ တစ်ယောက်ကနေ တစ်ယောက်ဆီ အနမ်းကတစ်ဆင့် မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ။ ။

  • နေမကောင်းဖြစ်နေတဲ့သူနဲ့ အနမ်းဖလှယ်တာကို ရှောင်ပါ။
  • ပါးစပ်ထဲမှာ ၊ ပါးစပ်နားတစ်ဝိုက်မှာ ရေယုန်၊ အနာတွေ ပေါက်နေတဲ့သူနဲ့ အနမ်းချင်း မဖလှယ်ပါနဲ့။
  • ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။
  • အနမ်းဖော် မများပါနဲ့။ အနမ်းအပေါ်မှာ သစ္စာရှိပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။