backup og meta

လောက်သေရွက် က ကိုဗစ်ကို မနိုင်ပါဘူး။


Aye Thi Mon မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လောက်သေရွက် က ကိုဗစ်ကို မနိုင်ပါဘူး။

    ငါးပိနှပ်တဲ့အခါ အကောင်တွေ မတွယ်အောင်ဆိုပြီး ထည့်လေ့ရှိတဲ့ လောက်သေရွက် က ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ ကိုဗစ်ရောဂါကို ပျောက်ကင်းစေနိုင်တယ်၊ လို့ အခုတလော နာမည်ကြီးနေပါတယ်။

    ဒီသတင်းကို အမှန်လို့ ယူဆပြီး လောက်သေရွက်ကို ကျိုသောက်သူတွေ ရှိသလို၊ လောက်သေရွက်နဲ့ ရေချိုးတယ်။ အာလုတ်ကျင်းတယ် ဆိုသူတွေလည်း မနည်းပါဘူး။

    ဒါဆို မေးစရာရှိတာက လောက်သေရွက်က တကယ်ပဲ ကိုဗစ်ဗိုင်းရပ်စ်ကို နိုင်သလားလို့ပေါ့။ တကယ်အမှန်ကတော့ လောက်သေရွက်က ကျန်းမာရေးအာနိသင်ရှိပေမယ့် ကိုဗစ်ဗိုင်းရပ်စ်ကိုတော့ မနိုင်ပါဘူး။

    လောက်သေရွက် ဆိုတာ

    လောက်သေပင်ဆိုတာက အမြင့်ပေ ၃ မီတာလောက်ပဲ ရှိတဲ့ အပင်ငယ်တစ်မျိုးပါ။ ပင်စည်ကလည်း ကြီးကြီးမားမား မဟုတ်ပါဘူး။ ရိုးတံ ပျော့ပျော့လေးမှာ အရွက်လေးတွေ စီပြီး ပေါက်နေတာပါ။ အရွက်တွေက ခပ်ရွယ်ရွယ် ရှိပါတယ်။

    ဆေးဖက်ဝင်တဲ့ လောက်သေပင်ကို သဘာဝ တောရိုင်းတွေထဲမှာ တွေ့ရနိုင်ပါတယ်။ ဈေးတွေထဲမှာလည်း ဝယ်ယူလို့ ရပါတယ်။

    အာရှဒေသတွေမှာ တွေ့ရနိုင်ပြီး တောင်တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ နယူးဂီနီ၊ ဩစတြီးယား၊ ပစိဖိတ်ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။

    သစ်တောတွေထဲမှာ ပေါက်ရောက်သလို စပါးခင်းတွေဘေးမှာလည်း ပေါက်ရောက်ကြပါတယ်။ ရွှံစေးဆန်တဲ့ မြေမှာ ပေါက်ရောက်ကြပါတယ်။ လောက်သေပင်က တစ်နှစ်ပတ်လုံး ပန်းပွင့်ပါတယ်။

    လောက်သေရွက်က ကိုဗစ်ကို မနိုင်ပါဘူး။

    လက်ရှိမှာ ကိုဗစ်ကို အနိုင်တိုက်ဖို့ဆိုရင် ကိုယ်ခံအားကောင်းအောင် ဂရုစိုက်တာနဲ့ အရည်အသွေး စိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံထားတာပါ။ လောက်သေရွက်က အင်းဆက်တွေကို သေစေနိုင်တယ်ဆိုပေမယ့် ဗိုင်းရပ်စ်တွေကို သေစေနိုင်တာမျိုး မရှိပါဘူး။

    ကိုဗစ်က ဗိုင်းရပ်စ် အမျိုးအစားပါ။ ဒါကြောင့် လောက်သေရွက်ကို ဗိုင်းရပ်စ် အမျိုးအစား ဖြစ်တဲ့ ကိုဗစ်ကို သေစေနိုင်တယ်ဆိုတဲ့ သတင်းက မမှန်ပါဘူးလို့ ပြောပါရစေ။

    လောက်သေရွက် က ကိုဗစ်ကို မနိုင်ပေမယ့် ဆေးဖက်တော့ ဝင်ပါတယ်။

    လောက်သေရွက်ကို လက်ဖက်ခြောက်နေရာမှာ အစားထိုး အသုံးပြုလို့ ရပါတယ်။ လောက်သေရွက်ကို အခြောက်ခံပြီး လက်ဖက်ခြောက်လို ရေနွေးထဲထည့်သောက်လို့ ရပါတယ်။

    ဒါ့အပြင် လောက်သေရွက်ကို လိပ်ခေါင်း ကုသဖို့ သုံးလို့ရသလို အစာအိမ်မှာ ခံစားရတဲ့ ဝေဒနာတွေ သက်သာစေဖို့ အတွက်လည်း အသုံးပြုလို့ ရပါတယ်။ ခန္ဓာကိုယ် ပြင်ပက အနာတွေ သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။ အနာစိမ်းလို အနာမျိုးတွေ သက်သာစေဖို့ လောက်သေရွက်ကို ကြိတ်ပြီး အုံပေးလို့ ရပါတယ်။

    အရေပြား ပြဿနာတွေ သက်သာစေဖို့အတွက်လည်း လောက်သေရွက်ကို ပြုတ်ပြီး ချိုးပေးလို့ ရပါတယ်။ လောက်သေရွက်က ဆီးရွှင်စေနိုင်ပြီး ကျောက်ကပ်နဲ့ ဆီးအိမ် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

    လောက်သေပင်ရဲ့ အမြစ်ကိုတော့ နာတာရှည် ချောင်းဆိုးတာ သက်သာစေဖို့ သုံးလို့ ရသလို တီဘီအဆုတ်ရောင်တာကို သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။ ကျောက်ကပ် မကောင်းတာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက်လည်း အသုံးပြုကြပါတယ်။

    ဆီးလမ်းကြောင်း ကျန်းမာစေဖို့ သုံးကြသလို အနာကျက်စေဖို့၊ သန်ကျစေဖို့၊ အသည်းရောဂါတွေကို သက်သာစေဖို့လည်း သုံးကြပါတယ်။ သရက်ရွက် ကျန်းမာစေဖို့ သုံးကြသလို အင်းဆက်တွေကို ဖယ်ရှားဖို့လည်း အသုံးပြု ကြပါတယ်။

    လောက်သေရွက်က ဆေးဖက်ဝင်ပေမယ့် တန်ဆေး လွန်ဘေးပါ။ ဒါကြောင့် အလွန်အကျွံ သုံးစွဲတာမျိုး မလုပ်ပါနဲ့။ ကိုဗစ်ကို ပျောက်စေတယ်ဆိုပြီး အလွဲသုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် သတိထားစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement