home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သုက်မထွက်အောင်ထိန်းတာ အန္တရာယ်ရှိသလား

သုက်မထွက်အောင်ထိန်းတာ အန္တရာယ်ရှိသလား

ဆန္ဒမပြီးမြောက်ချင်သေးလို့ သုက်မထွက်အောင်ထိန်းချုပ်တာက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှု တွေဖြစ်လာနိုင်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။

လိင်ဆက်ဆံရင်းဖြစ်ဖြစ် ကိုယ့်ဖာသာအာသာဖြေရင်းပဲဖြစ်ဖြစ် သုက်မထွက်အောင်ထိန်းချုပ်ထားလိုက်တဲ့ အချိန်တွေရှိမယ်ထင်ပါတယ်။ တချို့ယောင်္ကျားလေးတွေကျပြန်တော့လည်း ထိန်းချုပ်စရာမလိုဘဲသဘာ၀ အရကိုသုက်ထွက်ဖို့ကြာနေတာမျိုးတွေရှိပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အချိန်တန်ရင်အပြင်ထွက်ရမယ့် သုက်ရည်ကမထွက်ဘဲ ခန္ဓာကိုယ်ထဲမှာရှိနေရင်ပြဿနာမရှိနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။

တိုတိုနဲ့လိုရင်းဖြေရရင်တော့ သုက်ရည်မထွက်အောင်ထိန်းတာက ကျန်းမာရေးအရဘာအန္တရာယ်မှမရှိပါဘူး။ လိင်စိတ်ကြွလာချိန်မှာ ဝှေးစေ့ကနေသုက်ကောင်တွေထုတ်ပေးတယ်။ ဒီသုက်ကောင်တွေကဝှေးစေ့ရဲ့ပြွန် တစ်လျှောက်ဆင်းလာပြီး ဆီးလမ်းကြောင်းထဲမှာသုက်ရည်နဲ့ပေါင်းသွားပါတယ်။ ဆန္ဒပြီးမြောက်ချိန်မှာဒီ သုက်ရည်တွေလိင်တံထိပ်က တွန်းကန်ထွက်လာပါတယ်။

သုက်ရည်ထဲမှာတကယ်တော့ သုက်ကောင် ၁၀% ပဲပါဝင်ပါတယ်။ ကျန်တာတွေက ပရိုတင်း၊ ကယ်လ်စီယမ်ဓာတ်၊ ဆိုဒီယမ်ဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင်စီနဲ့ အင်ဇိုင်း ဓာတ်တွေပါ။ ပြောရမယ်ဆိုခန္ဓာကိုယ်အတွက်ဘာမှ ဘေးမဖြစ်တဲ့အရာတွေချည်းပဲမို့ အပြင်မထွက်တဲ့ သုက်ရည်ကကျန်းမာရေးအရဘာဆိုးကျိုးမှ မရှိဘူးလို့ဆိုလိုတာပါ။

ဒါဆို အပြင်ထွက်မလာတဲ့သုက်ရည်တွေဘယ်ရောက်သွားလဲဆိုတာ ပြောပြပါမယ်။ ကိုယ်ထဲပြန်ဝင်လာတဲ့ သုက်ရည်ကိုခန္ဓာကိုယ်ကဖြိုခွဲလိုက်ပြီး အထဲကဓာတ်တွေကိုစုပ်ယူလိုက်ပါတယ်။ ဒီလိုမဟုတ်ရင်လည်း ညဖက် အိပ်ပျော်နေချိန်မှာမှ သုက်လွှတ်မိတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါကို wet dream (အိပ်ပျော်နေစဉ်သုက် လွှတ်ခြင်း) လို့ ခေါ်ပါတယ်။

အရွယ်ရောက်ပြီးယောင်္ကျားလေးတိုင်းကြုံရနိုင်တဲ့အတွေ့အကြုံဖြစ်တာကြောင့် ဘာမှစိုးရိမ်စရာမရှိပါဘူး။ ဒါ့ကြောင့်သုက်ရည်မထွက်တာက တချို့တွေထင်သလိုကိုယ်ထဲမှာသုက်ကောင်တွေ ပုပ်ကုန်ပြီး ကျန်းမာရေးဆိုး ကျိုးတွေခံစားရနိုင်တယ်ဆိုတာလုံးဝမဟုတ်ဘူးလို့ပြောချင်ပါတယ်။ ဒီသုက်ကောင် တွေကိုလည်းခန္ဓာကိုယ်ထဲမှာဖြိုခွဲပြီးပြန်လည်စုပ်ယူလိုက်ပါတယ်။

ဒါပေမဲ့ သုက်မထွက်အောင်ရည်ရွယ်ချက်ရှိရှိထိန်းချုပ်တာနဲ့ ဘယ်လိုလုပ်လုပ်သုက်မထွက်နိုင်တဲ့ အခြေအနေ (၂) ခုမတူတာကို တော့သိသင့်ပါတယ်။ သုက်မလွှတ်မိအောင်ထိန်းချုပ်တာကို edging လို့ခေါ်ပါတယ်။ ဒီလို လုပ်ရတဲ့ရည်ရွယ်ချက်က ပိုပြီးအချိန်ကြာကြာလိင်ဆက်ဆံနိုင်အောင်နဲ့ သုက်လွှတ်မြန်တာကိုထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ နည်းလမ်းမှန်မှန်နဲ့စိတ်ရှည်ရှည်လေ့ကျင့်နိုင်ရင် ကိုယ့်ရဲ့လိင်ကျန်းမာရေးအပေါ်အထောက်အကူ ဖြစ်နိုင်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

ဘယ်လိုလုပ်လုပ်သုက်မထွက်တဲ့သူတွေလည်းရှိပါတယ်။ အာရုံကြောပိုင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့ ပါကင်ဆန်ရောဂါခံစားနေရသူတွေ၊ ကျောရိုးမကြီးထိခိုက်ဒဏ်ရာရနေသူတွေ၊ တင်ပါးဆုံကွင်းဒဏ်ရာရနေ သူတွေအပါအဝင် ကင်ဆာရောဂါကုသမှုခံယူနေသူတွေနဲ့ စိတ်ကျရောဂါဆေးတွေသောက်သုံးနေရသူတွေမှာ လိင်ဆက်ဆံပေမဲ့သုက်မထွက်တဲ့အခြေအနေမျိုးကြုံရတတ်ပါတယ်။

ကျန်းမာရေးပြဿနာတစ်ခုဖြစ်တဲ့ အတွက်ကုသမှုခံယူဖို့လိုအပ်ပါတယ်။တချို့အမျိုးသားတွေကတော့ ကလေးရမသွားအောင်ကာကွယ်တဲ့အနေနဲ့ သားကြောဖြတ်ထားတတ်ပါတယ်။ သုက်ကောင်ကိုသယ်ယူပေးတဲ့ပြွန်ကိုခွဲစိတ်ပြီးချည်နှောင်လိုက်တဲ့အတွက် ထွက်လာတဲ့သုက်ရည်မှာ သုက်ပိုးလုံးဝမပါတော့ပါဘူး။

ဆန်းဆန်းပြားပြားအခြေအနေတစ်ခုလည်းရှိပါသေးတယ်။ ဆန္ဒပြီးမြောက်သွားတာကိုခံစားရပေမဲ့ ဘာသုက်ရည်မှမထွက်ဘဲ ခြောက်ကပ်ကပ်နဲ့ ကျန်ရစ်ခဲ့သူတွေလည်းရှိပါတယ်။ ဒီလိုခံစားနေရသူတွေဟာ retrograde ejaculation လို့ခေါ်တဲ့ သုက်ရည်ကအပြင်မထွက်ဘဲ ဆီးလမ်းကြောင်းအတိုင်းကိုယ်ထဲ ပြန်ဝင်သွားတဲ့အခြေအနေနဲ့ကြုံနေရတာဖြစ်ပါတယ်။

အပေါ်မှာပြောခဲ့သလိုဘဲသုက်ရည်ကကိုယ်ထဲပြန်ဝင်ပြီး ပျောက်သွားတဲ့အတွက်ဘာမှတော့အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ ကလေးယူဖို့ကြိုးစားနေသူဆိုရင်တော့ နည်းနည်းခွကျတဲ့အတွက် ဆရာဝန်နဲ့တိုင်ပင်ပြသဖို့လိုလာပါပြီ။ များသောအားဖြင့် ဆီးကျိတ် (ဒါမှမဟုတ်) ဆီးအိတ် ခွဲစိတ်မှုခံယူဖူးသူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ အာရုံကြောစနစ်တဖြည်းဖြည်းပျက်စီးတဲ့ဝေဒနာ ခံစားနေရသူတွေဖြစ်တတ်ပါတယ်။

ပြန်ခြုံပြောရမယ်ဆို သုက်မလွှတ်မိအောင် ထိန်းချုပ်တာက ကျန်းမာရေးအပေါ်ဘာပြဿနာမှမရှိပါဘူး။ သုက်ထွက်ဖို့ခက်ခဲတာကတော့ မတူတဲ့နောက်တစ်အခြေအနေတစ်ခုပါ။ သုက်လွှတ်ဖို့ ခက်ခဲသူတွေက သုက်လွှတ်နိုင်ဖို့ အနည်းဆုံး မိနစ် ၃၀ လောက် အာသာဖြေ (ဒါမှမဟုတ်) လိင်ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ကြာအောင်နေနေ သုက်မထွက်တဲ့သူတွေရယ်၊ ထွက်လာတဲ့သုက်ရည်မှာမျိုးဆက်ပွားဖို့လိုအပ်တဲ့ သုက်ကောင်မပါသူတွေကိုတော့ ဒီလိုဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေ ကိုရှာဖွေကုသပေးဖို့လိုအပ်ပါတယ်။

Dr. Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 18/01/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။