backup og meta

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


12/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

    အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။

    သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ

    သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့

  • ကိုယ့်ရဲ့ စားသောက်မှုပုံစံ
  • ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12)
  • ကိုယ်လက်လှုပ်ရှားမှု
  • အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
  • သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ

    အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် ပျစ်မပျစ်ကို အတိအကျ သိနိုင်တဲ့ နည်းလမ်းကတော့ semen analysis လို့ခေါ်တဲ့ သုက်ရည်စစ်ဆေးတာပဲ ဖြစ်ပါတယ်။

    အမြင်အားဖြင့်ဆိုရင်တော့

    • သုက်ရည်က ပုံမှန်ထက် သိသိသာသာပိုပျစ်လာတာ
    • အရည်လို ထွက်လာရမယ့်အစား ခပ်ပျစ်ပျစ်အနှစ်အနေနဲ့ ထွက်လာတာ
    • အဖက်လေးတွေ၊ အခဲလေးတွေ ပါလာတယ်ဆိုရင် သုက်ရည်ပျစ်တယ်လို့ သံသယရှိသင့်ပါတယ်။

    သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းများ

    သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ

    • ရေဓာတ်နည်းတာ

    သုက်ရည်က ရေပမာဏများများနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။  ဒါကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်နည်းမယ်ဆိုရင် သုက်ရည်လည်း ပျစ်လာမှာဖြစ်ပါတယ်။ ရေဓာတ်နည်းတဲ့အခါ

    -ရေဆာတာ

    -အာခြောက်တာ

    -နုံးတာ

    -ဆီးနည်းတာ

    -ဆီးအရောင်ရင့်တာတွေ ခံစားရတတ်ပါတယ်။

    ဒါကြောင့် ထူးထူးခြားခြား လက္ခဏာတွေ မရှိပါဘဲနဲ့ သုက်ရည်ပျစ်တယ်ဆိုရင် ရေများများသောက်ကြည့်ပါ။ ရေဓာတ်ပြည့်ဝလာရင် ပုံမှန်အတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။

    • ဟော်မုန်းမညီမျှတာ

    သုက်ရည်မှာ ဟော်မုန်းတွေပါသလို သုက်ရည်ထုတ်လုပ်မှုကိုလည်း ဟော်မုန်းတွေက လွှမ်းမိုးထားပါတယ်။ သုက်ရည်မှာ တက်စတိုစတီရုန်း၊ စတီးရွိုက်စတဲ့ ဟော်မုန်းတွေပါဝင်ပြီး ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ အသက်အရွယ် စတာတွေက ဟော်မုန်းအပေါ် သက်ရောက်မှု ရှိပါတယ်။

    ဒီဟော်မုန်းတွေ မျှခြေပျက်တဲ့အခါ သုက်ရည်ပျစ်တာအပြင်

    လိင်စိတ်နည်းတာ

    လိင်တံမထောင်မတ်နိုင်တာ

    -ကြွက်သားတွေ ကျုံလှီလာပြီး လူက ပိန်လာတာ

    -နုံးတာ စတာတွေကို ခံစားရတတ်ပါတယ်။

    ဒါကြောင့် သုက်ရည်ပျစ်တာနဲ့အတူ ဒီလက္ခဏာတွေပါ ခံစားနေရရင် နီးစပ်ရာဆရာဝန်နဲ့ ပြသပါ။ တစ်ဖက်မှာလည်း အာဟာရပြည့်ဝအောင်စားပါ။ အိပ်ရေးဝဝအိပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။

    • ပိုးဝင်တာ

    ဆီးလမ်းကြောင်း ဒါမှမဟုတ် လိင်အင်္ဂါပိုးဝင်တဲ့အခါမှာလည်း သုက်ရည်ပျစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘက်တီးရီးယားပိုးတွေကို တိုက်ဖို့ သုက်ရည်ထဲမှာ သွေးဖြူဥတွေ များလာတာကြောင့်ပါ။ ဒါ့ပြင် ပိုးဝင်တဲ့အခါ

    -ဆီးသွားရခက်တာ

    -ဆီးပူဆီးကျင်တာ

    -ဆီးထဲသွေးပါတာ

    -ဆီးအရောင်နောက်တာ

    -ဝှေးစေ့ရောင်တာတွေကိုပါ ခံစားရတတ်ပါတယ်။

    သုက်ရည်ပျစ်တာနဲ့အတူ ဒီလက္ခဏာတွေပါ ရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

    • ဆီးကျိတ်နဲ့ သုက်လှောင်အိမ် ပြဿနာ

    သုက်ရည်မှာ ပါတဲ့ အရည်တွေဆိုတာ ဝှေးစေ့၊ သုက်လှောင်အိမ်နဲ့ ဆီးကျိတ်က အရည်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီအင်္ဂါအစိတ်အပိုင်းတွေမှာ ပြဿနာတစ်ခုခုဖြစ်ရင် သုက်ရည်ပျစ်လာနိုင်ပါတယ်။ ဆီးကျိတ်နဲ့ သုက်လှောင်အိမ်မှာ ပြဿနာ ဖြစ်တဲ့အခါ

    -သုက်လွှတ်ရင်နာတာ

    -ဆီးကျင်တာ

    -ဆီးခဏခဏ သွားချင်တာတွေ ဖြစ်တတ်ပါတယ်။

    ဒီလက္ခဏာတွေကိုပါ ခံစားနေရရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

    • သုက်မလွှတ်တာကြာတာ

    သုက်မလွှတ်တာ ကြာရင်လည်း သုက်ရည်ပျစ်တတ်ပါတယ်။ ဒါကြောင့် သုက်မလွှတ်တာကြာပြီ၊ သုက်ရည်လည်း ပျစ်တယ်ဆိုရင် ရက်ခြားတစ်ခါလောက် အာသာဖြေပြီးပဲဖြစ်ဖြစ် သုက်လွှတ်ကြည့်ပါ။

    သုက်ရည်ပျစ်ခြင်းက မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိသလား

    အကြမ်းအားဖြင့်တော့ သုက်ရည်ပျစ်တယ်ဆိုရင် သာမန်သုက်ရည်ထက် သုက်ကောင်ပိုများတယ်လို့ ယူဆနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပုံမှန်မဟုတ်တဲ့ သုက်ကောင်တွေပါ များနိုင်တယ်ဆိုတာ သိထားရပါမယ်။

    ဘယ်လိုပဲဖြစ်ဖြစ် သုက်ကောင်များတဲ့အတွက် သာမန်ထက် မျိုးအောင်နိုင်စွမ်း၊ ကလေးရနိုင်ခြေ များတယ်လို့တော့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ နောက်ပြီး သုက်ရည်က ပျစ်တဲ့အတွက် မိန်းမကိုယ်ထဲကနေ ပြန်မထွက်နိုင်ဘဲ ကြာကြာနေနိုင်တာကြောင့် မျိုးအောင်နိုင်ခြေလည်း များပါတယ်။

    ဒါက သာမန် ကျန်းမာတဲ့ သုက်ရည်အတွက်ပါ။ ပိုးဝင်တာ၊ ဟော်မုန်းမညီမျှတာ၊ ဆီးကျိတ်ပြဿနာ စတာတွေမှာတော့ သုက်ရည်က ပျစ်တယ်ဆိုပေမယ့် မျိုးအောင်နိုင်စွမ်းကောင်းချင်မှ ကောင်းမှာပါ။

    သာမန်အားဖြင့်တော့ သုက်ရည်ပျစ်တာက မျိုးအောင်နိုင်စွမ်းကို မထိခိုက်စေနိုင်ပါဘူး။

    သုက်ရည်ပျစ်တာကို ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ။

    တခြားလက္ခဏာတွေမရှိဘဲ သုက်ရည်ပျစ်တာ တစ်မျိုးတည်းဆိုရင်တော့ ရေများများသောက်၊ ကိုယ့်ရဲ့ စားသောက်နေထိုင်ကိုပြောင်းလဲပြီး မကြာခဏ သုက်လွှတ်ကြည့်ပါ။ ဒါနဲ့မှ မသက်သာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ဒီလိုမဟုတ်ဘဲ သုက်ရည်ပျစ်တာနဲ့အတူ

    • ဆီးသွားတဲ့အခါ၊ သုက်လွှတ်တဲ့အခါ နာကျင်တာ
    • လိင်တံထောင်မတ်ဖို့ခက်တာ
    • လိင်စိတ်နည်းတာ
    • အတူနေတာ ၆လလောက် ကျော်တာတောင် အမျိုးသမီးမှာ ကိုယ်ဝန်မရဘူးဆိုရင် (မျိုးမအောင်ရခြင်း အကြောင်းအရင်းတွေရဲ့ ၃ပုံ ၁ပုံလောက်က အမျိုးသားတွေနဲ့ သက်ဆိုင်ပါတယ်) ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကြည့်ဖို့ လိုပါတယ်။

    သုက်ရည်ပျစ်တာက ဖြစ်တတ်ပါတယ်။ သုက်ရည်ပျစ်တိုင်း ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် အပေါ်က လက္ခဏာတွေ ရှိနေရင်တော့ သေချာစစ်ဆေးဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    12/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement