backup og meta

မုန်ညင်းဆီက လိင်တံကြီးစေ သလား

မုန်ညင်းဆီက လိင်တံကြီးစေ သလား

အမျိုးသားတွေက သူတို့ရဲ့ လိင်တံနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု နည်းကြပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ လိင်တံကို သေးတယ်၊ ကောင်းကောင်း မထောင်မတ်ဘူးလို့ ထင်ကြပါတယ်။ ဒါကြောင့် နည်းမျိုးစုံသုံးပြီး ကြီးအောင်၊ ထောင်အောင် ကြိုးစားကြပါတယ်။ ဒီထဲမှာ မုန်ညင်းဆီလည်း ပါပါတယ်။ မုန်ညင်းဆီနဲ့ နှိပ်နယ်ပြီး လိင်တံကြီးအောင် ကြိုးစားကြပါတယ်။ တကယ်ရော မုန်ညင်းဆီက လိင်တံကြီးစေ လို့လား။

မုန်ညင်းဆီဆိုတာ

မုန်ညင်းဆီဆိုတာ မုန်ညင်းစေ့ကို ကြိတ်ပြီး အဆီထုတ်ထားတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ မုန်ညင်းဆီက

  • ပိုးသေစေတယ်။
  • ဆံသားနဲ့ အရေပြားကို ကျန်းမာစေတယ်။
  • နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတယ်။
  • ကောင်းမွန်တဲ့ မပြည့်ဝဆီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလို ကောင်းကျိုးတွေရှိပေမယ့် မုန်ညင်းဆီကို ဟင်းချက်ဆီအဖြစ် သိပ်မသုံးကြပါဘူး။ သူ့မှာ နှလုံးကို ထိခိုက်စေနိုင်တဲ့ erucic acid ပါဝင်မှု များလို့ပါ။ ဒါကြောင့် အနောက်နိုင်ငံတွေမှာ စားဆီအဖြစ် အသုံးပြုတာကို တားမြစ်ထားပါတယ်။

မုန်ညင်းဆီကို Carrier oil တစ်ခုခုနဲ့ ‌ပေါင်းပြီး အရေပြားနဲ့ ကြွက်သားတွေမှာ လိမ်းဖို့၊ Extracted လုပ်ပြီး အရသာအနေနဲ့ (Flavoring agent) ပမာဏအနည်းငယ်လောက် ထည့်ဖို့သာ အသုံးပြုကြပါတယ်။

မုန်ညင်းဆီက လိင်တံကြီးစေ သလား

အာယုဗေဒဆေးနည်းတွေမှာတော့ မုန်ညင်းဆီကို လိင်တံကြီးဖို့၊ ထောင်မတ်မှုကောင်းစေဖို့ သုံးကြတယ်ဆိုပေမယ့် သိပ္ပံနည်းကျတော့ လက်တွေ့မပြနိုင်သေး ပါဘူး။ နောက်ပြီး လိင်စိတ်တက်ကြွစေဖို့ မုန်ညင်းဆီကို သုံးကြတယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့်တော့ အိန္ဒိယဘက်မှာပါ။

အနောက်တိုင်း ဆေးပညာမှာတော့ မုန်ညင်းဆီက လိင်တံကြီးစေ သလားဆိုတာ အတိအကျ သက်သေမပြနိုင်သေးပါဘူး။

မုန်ညင်းဆီက လိင်တံကြီးစေ တယ်လို့ ခံစားရတာ ဘာကြောင့်လဲ

တချို့အမျိုးသားတွေက မုန်ညင်းဆီ လိမ်းပြီးတဲ့အခါ သူတို့ရဲ့ လိင်တံက ပိုကြီးလာတယ်၊ ပိုထောင်မတ်လာတယ်လို့ ထင်ကြပါတယ်။ ဒါက အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

  • လိင်တံကို နှိုးဆွသလို ဖြစ်တာ

ဆီနဲ့ ကိုယ်တိုင်ဖြစ်ဖြစ်၊ ဆက်ဆံဖော်ကိုဖြစ်ဖြစ် လိင်တံကို နှိပ်နယ်တဲ့အခါ လိင်ပိုင်းဆိုင်ရာ နှိုးဆွမှု ဖြစ်ပြီး ထောင်မတ်လာတာပါ။ ဒါက ဆီမသုံးဘဲ နှိုးဆွရင်လည်း ဖြစ်နိုင်ပါတယ်။

  • လိင်တံကို နှိပ်နယ်တာ

လိင်တံကို နှိပ်နယ်တဲ့အခါ သွေးလည်ပတ်မှု ကောင်းပြီး လိင်တံဆီ သွေးများများရောက်တာကြောင့် လိင်တံထောင်လာခြင်း ဖြစ်ပါတယ်။

  • လိင်တံပူနွေးလာတာ

ဆီလိမ်းပြီး နှိပ်ရင်၊ ပွတ်ရင် ဘယ်နေရာမှာမဆို ပူနွေးလာပါတယ်။ လိင်တံကလည်း ဒီလိုပါပဲ။ ပူနွေးမှုကြောင့် သွေးလည်ပတ်မှုကောင်းပြီး ထောင်မတ်လာတာ ဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကတော့ မုန်ညင်းဆီနဲ့ နှိပ်နယ်ရင် ဘာကြောင့်လိင်တံ ကြီးပြီး ထောင်မတ်လာတာလဲဆိုတာအပေါ်  ဖြစ်နိုင်တဲ့ အချက်တွေပါ။ ဒါက မုန်ညင်းဆီနဲ့မှ မဟုတ်ပါဘူး။ တခြားဆီတစ်မျိုးမျိူး ဒါမှမဟုတ် လက်နဲ့ ပုံမှန်အတိုင်း နှိုးဆွရင်လည်း ဖြစ်နိုင်ပါတယ်။ မုန်ညင်းဆီမှာမှ သီးသန့်အာနိသင်ရှိတာမျိုးတော့ မဟုတ်ပါဘူး။

လိင်တံမှာ မုန်ညင်းဆီ သုံးတာက အန္တရာယ်ကင်းရဲ့လား။

မုန်ညင်းဆီကို အရေပြားမှာ လိမ်းတာက ကြီးမားတဲ့ ပြဿနာတော့ မရှိပါဘူး။ အထူးသဖြင့်တော့ အိန္ဒိယဘက်မှာ အရေပြား ကျန်းမာအောင် လိမ်းကြပါတယ်။ လိင်တံအရေပြားကလည်း အရေပြားပဲဆိုတော့ ကြီးကြီးမားမားပြဿနာတော့ မရှိပါဘူး။

ဒါပေမယ့် သတိထားရမယ့် အချက်တွေတော့ ရှိပါတယ်။

  • ပထမတစ်ခုက ဓာတ်မတည့်တာပါ။ အရေပြားနဲ့ ဓာတ်မတည့်ဘူးဆိုရင် မသုံးတာ အကောင်းဆုံးပါ။ ဒါကြောင့် စစချင်း သုံးမယ်ဆို လိင်တံမဟုတ်တဲ့ တခြားနေရာ (ဥပမာ လက်မောင်း) လိုနေရာမျိုးမှာ ဆီအနည်းငယ်လိမ်းပြီး ဓာတ်တည့်မတည့် ၁ရက်လောက် စောင့်ကြည့်ပါ။
  • ဒုတိယ တစ်ခုက မိန်းမကိုယ် ပိုးဝင်နိုင်ခြေကို သတိပြုပါ။ အထူးသဖြင့် ဆီပေနေတဲ့ လိင်တံနဲ့ မိန်းမကိုယ် ဆက်ဆံတဲ့အခါ ပိုးဝင်နိုင်ခြေကို သတိပြုဖို့လိုပါတယ်။
  • နောက်ဆုံးတစ်ခုက ကွန်ဒုံးပေါက်နိုင်တာပါ။ မုန်ညင်းဆီအပါအဝင် တခြားအဆီတွေက ကွန်ဒုံးကို ပေါက်လွယ်စေပါတယ်။ ဒါကြောင့် ကွန်ဒုံးသုံးမယ်ဆိုရင် မုန်ညင်းဆီကို ချောဆီအဖြစ် မသုံးသင့်ပါ။

 မုန်ညင်းဆီကို လိင်တံကြီးဖို့ သုံးသင့်မသုံးသင့်

လက်ရှိအချိန်ထိတော့ မုန်ညင်းဆီက လိင်တံကြီးဖို့၊ ထောင်မတ်ဖို့ သိသာတဲ့ အာနိသင်ရှိတယ်ဆိုတာကို လေ့လာချက်တွေ မရှိသေးပါဘူး။ မုန်ညင်းဆီလိမ်းပြီး လိင်တံကြီးလာ၊ ထောင်လာတယ်ဆိုတာ လိင်တံကို နှိုးဆွပြီး သွေးလည်ပတ်မှု ကောင်းတာကြောင့် ပိုဖြစ်နိုင်ပါတယ်။

ခုချိန်ထိတော့ ရေရှည်ခံပြီး စိတ်ချရ၊ အာနိသင် တကယ်ကောင်းတဲ့ လိင်တံကြီးနည်းဆိုတာ မရှိသေးပါဘူး။ လိင်တံသေးတယ်လို့ ထင်ကြတဲ့ အမျိုးသားအများစုကလည်း တကယ်တမ်းတော့ အိပ်ရာပေါ်မှာ အဆင်မပြေလောက်အောင် သေးနေတာမျိုး မဟုတ်ပါဘူး။

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာကတော့ မုန်ညင်းဆီနဲ့ပဲ ကုသလို့ မရပါဘူး။ စိတ်ရောဂါ၊ ဟော်မုန်းပြဿနာ၊ သွေးကြောပြဿနာတွေနဲ့ ဆက်စပ်နေတာကြောင့် တတ်ကျွမ်းနားလည်သူနဲ့ သေချာကုသရမှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Acceptability of Massage with Skin Barrier-enhancing Emollients in Young Neonates in Bangladesh https://www.ncbi.nlm.nih.gov/pmc/articles/PMC2754003/ Accessed date Sep 7, 2023

Detention Without Physical Examination of Expressed Mustard Oil https://www.accessdata.fda.gov/cms_ia/importalert_89.html Accessed date Sep 7, 2023

Erucic acid a possible health risk for highly exposed children https://www.efsa.europa.eu/en/press/news/161109 Accessed date Sep 7, 2023

Mustard https://www.agmrc.org/commodities-products/grains-oilseeds/mustard Accessed date Sep 7, 2023

Erectile Dysfunction (ED) https://www.urologyhealth.org/urology-a-z/e/erectile-dysfunction-(ed) Accessed date Sep 7, 2023

ယခုပုံစံ

05/01/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား

ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement