backup og meta

ဝှေးစေ့တစ်လုံးတည်း ရှိတဲ့ အမျိုးသားများရဲ့ လိင်မှုဘဝနဲ့ ကလေးရနိုင်ခြေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝှေးစေ့တစ်လုံးတည်း ရှိတဲ့ အမျိုးသားများရဲ့ လိင်မှုဘဝနဲ့ ကလေးရနိုင်ခြေ

    အကြောင်းအမျိုးမျိုးကြောင့် ဝှေးစေ့တစ်လုံးတည်း ရှိတော့တဲ့အခါ အမျိုးသားတွေက သူတို့ရဲ့ လိင်မှုဘဝ၊ ကလေးရနိုင်ခြေ၊ လိင်စိတ်ခံယူမှုတို့နဲ့ ပတ်သက်ပြီး အပြောင်းအလဲ ဖြစ်လာမှာကို စိုးရိမ်လာကြပါတယ်။ ဝှေးစေ့တစ်လုံးတည်းရှိတော့တဲ့အခါ အမျိုးသားတွေရဲ့ ဘဝက ဘယ်လိုပြောင်းလဲလာမှာလဲ။

    ဝှေးစေ့တစ်လုံးတည်း ရှိရတော့တဲ့ အကြောင်းအရင်းများ

    ဝှေးစေ့တစ်လုံးတည်းရှိရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ မွေးရာပါ ပြဿနာတွေ၊ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ဗိုက်ထဲမှာ ဝှေးစေ့ကျန်နေခြင်း

    ကိုယ်ဝန်ဆောင်ချိန် အမေ့ဗိုက်ထဲမှာဆိုရင် ဝှေးစေ့က ကလေးရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေပြီး မွေးပြီးတဲ့အခါကျမှ ကပ္ပာယ်အိတ်ထဲကို ဆင်းလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကလေးတွေမှာ ဝှေးစေ့က မဆင်းဘဲ ဗိုက်ထဲမှာ ဒါမှမဟုတ် လမ်းကြောင်းတစ်နေရာမှာ တစ်နေတတ်ပါတယ်။ များသောအားဖြင့် နှစ်လုံးမှာ တစ်လုံးက ဗိုက်ထဲမှာ ကျန်နေတတ်ပါတယ်။

    ဒီလိုမျိုး ကပ္ပာယ်အိတ်ထဲကို ဆင်းမလာတဲ့ ဝှေးစေ့က နောက်ပိုင်းမှာ ကျုံ့သွားပါတယ်။ ဒါကြောင့် ဝှေးစေ့တစ်လုံးတည်းကျန်တော့တာပါ။

    ရောဂါကြောင့်  ခွဲစိတ်လိုက်ရခြင်း

    တချို့သော ဝှေးစေ့ရောဂါတွေမှာ လူကို အန္တရာယ်မဖြစ်အောင် ရောဂါအခြေအနေအရ ဝှေးစေ့ကို ခွဲစိတ်ပြီး ဖယ်ရှားလိုက်ရတာတွေ ရှိပါတယ်။ ဥပမာ

    Testicular regression syndrome

    ဝှေးစေ့ပျောက်ရောဂါလို့ ပြောရမှာပါ။ သန္ဓေသားဘဝမှာ ဝှေးစေ့ရှိပေမယ့် မွေးလာတဲ့အခါ ဝှေးစေ့က အလိုလိုကျုံ့ပြီး ပျောက်သွားတာမျိုးပါ။

    ဒီလိုအခြေအနေတွေမှာဆိုရင် ဝှေးစေ့က တစ်လုံးတည်း ကျန်တော့မှာ ဖြစ်ပါတယ်။

    ဝှေးစေ့က ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးနိုင်သလဲ

    ဝှေးစေ့တစ်လုံးတည်းကျန်တဲ့အတွက် ဘာဖြစ်နိုင်လဲဆိုတာ မပြောခင်မှာ ဝှေးစေ့က ဘာလုပ်ပေးနိုင်လဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဝှေးစေ့က

    • သုက်ကောင်လေးတွေ ထုတ်ပေးပါတယ်။ သုက်ကောင်က မမျိုးဥနဲ့ ပေါင်းတဲ့အခါ သန္ဓေသားလေး ဖြစ်လာမှာ ဖြစ်ပါတယ်။
    • တက်စတိုစတီရုန်းလို့ခေါ်တဲ့ အမျိုးသားဟော်မုန်းကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းက အမျိုးသားတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာ၊ လိင်စိတ်နဲ့ မျိုးအောင်နိုင်စွမ်းကို ထိန်းညှိပေးပါတယ်။
    • ဦးနှောက်တွင်းက ဟော်မုန်းလမ်းကြောင်းကို ထိန်းချုပ်ပြီး မျိုးပွားစနစ်ကို ထိန်းညှိပေးပါတယ်။

    ဒါကြောင့် အမျိုးသားတွေက ဝှေးစေ့တစ်လုံးတည်း ကျန်တော့တဲ့အခါ လိင်မှုဘဝနဲ့ ကလေးရနိုင်ခြေကို ထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်ကြတာ ဖြစ်ပါတယ်။

    ဝှေးစေ့တစ်လုံးတည်း ရှိတဲ့ အမျိုးသားများရဲ့ လိင်မှုဘဝနဲ့ ကလေးရနိုင်ခြေ

    • လိင်မှုဘဝ

    ဝှေးစေ့တစ်လုံးတည်းရှိပေမယ့် အမျိုးသားဟော်မုန်းတွေက ပုံမှန်အတိုင်း ထွက်နိုင်ပါသေးတယ်။ လိင်တံလည်း ထောင်မတ်နိုင်သလို သုက်လည်း လွှတ်နိုင်ပါတယ်။ လိင်စိတ်လည်း ရှိပါတယ်။

    အခုမှ ဝှေးစေ့ထုတ်ထားတာဆိုရင်တော့ ဟော်မုန်းပမာဏကို ပြန်ညှိဖို့ အချိန်တစ်ခု စောင့်ရနိုင်ပါတယ်။  အသေးစိတ်ကိုတော့ ပြသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဟော်မုန်းပမာဏကို စစ်ဆေးကြည့်ပါ။

    • ကလေးရနိုင်ခြေ

    ရနိုင်ပါတယ်။ ကျန်နေတဲ့ ဝှေးစေ့တစ်လုံးက ကောင်းကောင်းအလုပ်လုပ်မယ်ဆိုရင် ကလေးရနိုင်ခြေကလည်း ဝှေးစေ့နှစ်လုံးရှိသူနဲ့ အတူတူပါပဲ။

    ကိုယ်က ကျန်းမာရးကောင်းမယ်။ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေမယ့် တခြားသော ရောဂါတွေ မရှိဘူးဆိုရင် ကလေးရနိုင်ပါတယ်။ ရလည်း ရကြပါတယ်။

    • လိင်စိတ်ခံယူမှု

    တချို့ကလည်း ဝှေးစေ့တစ်လုံးတည်း ရှိတော့တာကြောင့် ကျားဟော်မုန်းတွေ နည်းသွားပြီး လိင်စိတ်ခံယူမှု ပြောင်းသွားမလားလို့ စိုးရိမ်ကြပါတယ်။ ဒီလိုတော့လည်း မဖြစ်တတ်ပါဘူး။ ကျားဟော်မုန်းတွေကို ကျန်နေတဲ့ ဝှေးစေ့တစ်လုံးက လုံလောက်အောင် ထုတ်ပေးနိုင်မယ်ဆိုရင် အမျိုးသားသွင်ပြင်အတိုင်းပဲ ရှိနေမှာ ဖြစ်ပါတယ်။

    • တခြားဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး

    ဝှေးစေ့တစ်လုံးတည်းရှိရတဲ့ အကြောင်းရင်းက ဗိုက်ထဲမှာ ဝှေးစေ့ကျန်နေတာကြောင့်ဆိုရင်တော့ သူ့ကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ရှိပါတယ်။ အဲ့တာကတော့ ဝှေးစေ့ကင်ဆာနဲ့ အူကျွံတာပဲဖြစ်ပါတယ်။

    ဒါကြောင့် ကိုယ်က ဝှေးစေ့တစ်လုံးတည်းရှိမယ်။ အဲ့တစ်လုံးက ဗိုက်ထဲမှာ ကျန်နေပြီး အောက်ကို ဆင်းမလာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။

    အကြံပြုချက်

    အမျိုးသားတွေမှာ ဝှေးစေ့တစ်လုံးတည်းရှိပေမယ့် ဝှေးစေ့နှစ်လုံးတည်း ရှိသူလိုပဲ နေနိုင်ပါတယ်။ သူတို့ရဲ့ လိင်စိတ်၊ လိင်မှုဘဝ၊ ကလေးရနိုင်ခြေ ဒါတွေအပေါ်မှာ ဘာသက်ရောက်မှုမှ ဖြစ်စေမှာ မဟုတ်ပါဘူး။
    ဝှေးစေ့တစ်လုံးတည်း ရှိတဲ့ အမျိုးသားမှာ လိင်တံ မထောင်မတ်တာ၊ လိင်စိတ်နည်းတာ၊ သုက်မထိန်းနိုင်တာတွေ ဖြစ်ရတာက စိတ်ဖိစီးမှုများနေလို့ပါ။ ကိုယ့်ရဲ့ လိင်မှုဘဝနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အစိုးရိမ်လွန်တာကြောင့် ဖြစ်ပါတယ်။ ဒါက စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်ကြောင့် ဖြစ်ပြီး ဝှေးစေ့တစ်လုံးတည်း ရှိနေတာကြောင့် မဟုတ်ပါဘူး။
    ဒီသဘောတရားကို နားလည်ထားမယ်၊ ဝှေးစေ့တစ်လုံးတည်း ရှိပေမယ့် ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မထိခိုက်နိုင်ဘူးဆိုတာကို သိထားမယ်ဆိုရင် သာမန်အမျိုးသားတွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement