backup og meta

ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း

    အမျိုးသားတွေဆိုပေမဲ့လည်း ထိပ်ပြောင်တဲ့အခါကျတော့ “ငါ အိုလာပြီလား။ အရင်လို မလန်းတော့ဘူးလား” ဆိုပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ ဒီခေတ်မှာ ထိပ်ပြောင်တာက ကုမရတာတော့ မဟုတ်ပါဘူး။ ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း ရှိနေပြီလေ။

    ထိပ်ပြောင်တာက သဘာဝပါ။

    အမျိုးသားတွေအနေနဲ့ အသက်ရလာရင် ဆံပင်တွေက တဖြည်းဖြည်းပါးလာပြီး ပြောင်လာတာက သဘာဝပါ။ အသက်ရလာတာကြောင့်လည်း ဖြစ်နိုင်သလို ဟော်မုန်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

    အမျိုးသားတွေရော အမျိုးသမီးတွေပါ အရွယ်ရလာရင် ထိပ်ပြောင်တတ်ပါတယ်။ အမျိုးသားတွေ ထိပ်ပြောင်တဲ့ ပုံစံက နားထင်နားကနေ အနောက်ဘက်ကို ဆံပင်တွေ ပါးပါးပြီး ပြောင်လာတာ ဖြစ်နိုင်သလို ထိပ်ကနေ ကွက်ပြီး ပြောင်လာတာလည်း ဖြစ်နိုင်ပါတယ်။

    အသက် ၃၀လောက်ဆိုရင် အမျိုးသားတွေမှာ ဆံပင်စပြီး ပါးလာပါပြီ။ တချို့ဆို ၂၀ကျော်လောက်တည်းက ပါးလာတာတွေတောင် ရှိပါတယ်။ ဒီအရွယ်က အရွယ်ကောင်းတွေ ဖြစ်တာကြောင့် ဆံပင်ပါးလာတာ၊ ထိပ်ပြောင်လာတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတာ၊ စိုးရိမ်စိတ်ဝင်တာတွေ ဖြစ်လာပါတယ်။

    ဒီလို သဘာဝကြောင့် ဖြစ်တဲ့ ထိပ်ပြောင်တာမျိုးက အပြီးပျောက်အောင်  ကုလို့ မရပါဘူး။ ခဏတာ သက်သာရုံလောက်ပဲ တတ်နိုင်ပါတယ်။ ခုပြောမဲ့ ဆေးတွေကလည်း ဒီလိုမျိုးပါပဲ။ ဒါပေမဲ့ ဒါတွေက အကြိမ်ကြိမ်အခါခါ လေ့လာမှုတွေ လုပ်ပြီး တရားဝင်ခွင့်ပြုချက်ရပြီးသား ဆေးတွေပါ။ စျေးကွက်ထဲမှာ ရှိနေတဲ့ ဘာမှန်းမသိတဲ့ ဆေးတွေ သုံးတာထက်စာရင် စိတ်ချရတဲ့ ဆေးတွေကို သုံးတာက ပိုကောင်းပါတယ်။

    ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း

    ဆေးဝါးတွေ ရှိသလို procedure လို့ခေါ်တဲ့ ကုထုံးတွေလည်း ရှိပါတယ်။

  • Minoxidil
  • ဆေးရည်ပုံစံနဲ့ လာပြီး အသုံးလည်းများပါတယ်။ လေ့လာချက်တွေအရတော့ Minoxidilက ဆံပင်ကျွတ်တာကို သက်သာစေပြီး ဆံပင်ပြန်ပေါက်‌အောင် လှုံ့ဆော်ပေးတယ်။ ရှိပြီးသား ဆံပင်တွေကိုလည်း သန်စွမ်းစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အရင်ဆံပင်အတိုင်း ပြန်ဖြစ်ချင်မှ ဖြစ်မှာပါ။

    ဆေးရည်ကို ဦး‌ရေပြားမှာ လိမ်းပေးရတာပဲဖြစ်ပါတယ်။ အာနိသင်ပြတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွာပါတယ်။ ၆လကနေ ၁နှစ်လောက်ထိ ကြာတာမျိုး ရှိတတ်ပါတယ်။ တချို့တွေကလည်း ၂လ၊ ၄လ လောက်နဲ့ အာနိသင်ရတတ်ပါတယ်။ ပထမဆုံးအကြိမ် စသုံးမယ်ဆိုရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစေချင်ပါတယ်။

    ဘေးထွက်ဆိုးကျိုးအနေနဲ့ ဦးရေပြားစပ်ဖျင်းဖျင်းဖြစ်တာ၊ ဦးရေယားတာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ဆံပင်ကျွတ်တာပါ။ စသုံးသုံးချင်းဆို ၂ပတ်လောက် ဆံပင်တွေ ကျွတ်တတ်ပါတယ်။ ၂ပတ်ထက်ကျော်အောင် ကျွတ်ရင်တော့ ဆရာဝန်နဲ့ ပြန်ပြပါ။

    ဆေးပမာဏတွေ၊ သုံးရမဲ့အကြိမ်တွေကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါမှမဟုတ် ဆေးအညွှန်းအတိုင်း သုံးပါ။ ဆရာဝန်ညွှန်တဲ့ ပမာဏ၊ အကြိမ်ရေထက် ပိုသုံးတာမျိုး မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ မလိမ်းရပါဘူး။

    Minoxidilက သုံးတာရပ်လိုက်ရင် အရင်လိုပဲ ဆံပင်တွေ ပြန်ပါးလာနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆံပင်တွေ ပိုကျွတ်လာတာ၊ ပါးလာတာတွေ ဖြစ်တတ်ပါတယ်။ ဆိုလိုတာက ဆေးအာနိသင်မရှိတော့တဲ့အတွက် အရင်လိုပဲ ပြန်ပြောင်လာမှာ ဖြစ်ပါတယ်။

    • Finasteride

    ဒါကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ သုံးသင့်တဲ့ ဆေးပါ။ လေ့လာချက်တွေအရ အသုံးပြုသူတွေရဲ့ 80-90%လောက်က ဆံပင်ကျွတ်တာ သက်သာလာတယ်လို့ ဆိုပါတယ်။ တချို့တွေဆို ဆံပင်လေးတွေ ပြန်ပေါက်လာတယ်လို့တောင် ပြောပါတယ်။

    သူက သောက်ဆေး အမျိုးအစား ဖြစ်ပြီး ၃လကနေ ၆လလောက်ကြာမှ အာနိသင်ပြတတ်ပါတယ်။ ဒီဆေးက အမျိုးသမီးတွေ မသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ထိတွေ့တာ၊ အမျိုးသားသောက်ဖို့ ဆေးချိုးပေးတာတွေတောင် မလုပ်ရပါဘူး။ အရေပြားကနေ ကိုယ်ထဲဝင်ပြီး ကလေးကို ဘေးဖြစ်စေတတ်လို့ပါ။

    ဘေးထွက်ဆိုးကျိုးအနေနဲ့ အမျိုးသားတွေမှာ လိင်စိတ်ပျောက်သွားတာ၊ လိင်တံမထောင်မတ်နိုင်တာ၊ ရင်သားတွေ ကြီးလာတာ၊ ဝှေးစေ့အောင့်တာ၊ စိတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆေးသောက်တာ ရပ်လိုက်ရင် ဒီဘေးထွက်ဆိုးကျိုးတွေ သက်သာသွားပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှပဲ သုံးလို့ရတယ်လို့ ပြောတာပါ။

    Minoxidilလိုပဲ သူကလည်း ဆေးသောက်တာ ရပ်လိုက်ရင် ဆေးအာနိသင်မရတော့တာကြောင့် အရင်လိုပဲ ပြန်ပြောင်နိုင်ပါတယ်။

    • Procedureများ

    Hair transplant

    နောက်နားက ဆံပင်တွေကို ယူပြီး ရှေ့က ဦးရေပြားမှာ ပြန်စိုက်ပေးတာပဲ ဖြစ်ပါတယ်။ အများစုကတော့ ၆လနဲ့ ၉လလောက်ဆို ရလဒ်မြင်ရပါပြီ။ တချို့ကလည်း ၁နှစ်လောက်ကြာပါတယ်။ ဒီကြားထဲမှာ ကွက်နေတဲ့နေရာလေးတွေ ရှိရင် ပြန်စိုက်ပေးရပါတယ်။

    ဒီprocedureက စျေးကြီးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဦးရေပြားတွေ ကျိန်းစပ်တာ၊ ပျို့အန်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။

    Platelet-rich plasma (PRP)

    PRPကို သူ့ချည်းသုံးတာ ရှိသလို hair transplantနဲ့ တွဲသုံးတာလည်း ရှိပါတယ်။ PRPဆိုတာက ကိုယ့်သွေးကို ယူ၊ စက်နဲ့လှည့်ပြီး အပေါ်ယံသွေးရည်ကြည်ကို ဦးရေပြားထဲ ပြန်ထိုးပေးတာ ဖြစ်ပါတယ်။ ဒီကနေမှ ဆံပင်တွေ ပြန်ပေါက်ဖို့ လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ လုပ်တာက အချိန်လည်း သိပ်မကြာပါဘူး။

    စစချင်းမှာတော့ ၃လပြည့်ရင် ပြန်လာပြီး ထပ်ထိုးရပါမယ်။ နောက်ပိုင်းကျရင်တော့ ၆လလောက်နေမှ သွားသွားထိုးရပါတော့မယ်။ PRPက ၃ပတ်လောက်ဆို အာနိသင်စပြပါပြီ။ နောက်ပိုင်းကျရင် ဆံပင်ကျွတ်တာ သက်သာပြီး ဆံပင်တွေ ပြန်ထွက်လာတာကို မြင်ရမှာပါ။

    ဒါကတော့ ဆေးဘက်ဆိုင်ရာ နည်းလမ်းတွေပါ။ တခြားနည်းလမ်းတွေအနေနဲ့ကတော့ ဆံပင်ကို ပြောင်တယ်လို့ မထင်ရအောင် ပုံသွင်းတာ၊ ဆံပင်အတုတပ်တာတွေ လုပ်လို့ ရပါတယ်။

    ထိပ်ပြောင်တာ ရှက်စရာ မဟုတ်ပါ

    ဒီခေတ်မှာ ပြောင်တာကလည်း ဆွဲဆောင်မှု တစ်ခုဖြစ်နေပြီဆိုတော့ တအားလည်း စိတ်ဓာတ်မကျပါနဲ့။ တကယ်လို့ ထိပ်ပြောင်တာက ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်နေရရင် အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီး အထက်ပါ ဆေးဝါးတွေကို အသုံးပြုကြည့်ပါ။ ပိုပြီး ပိုက်ဆံတတ်နိုင်ရင်တော့ procedureတွေ လုပ်ကြည့်ဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement