home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အခြေစိုက် Serum Institute က ထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးတွေကို နိုင်ငံသား ၁၅ သန်းစာအတွက် ဝယ်ယူဖို့ ကြိုတင်သဘောတူညီချက်ရယူကာ နားလည်မှုစာချွန်လွှာ ရေးထိုးထားပါတယ်။

Serum Institute of India ဟာ Oxford/AstraZeneca ဆေးဝါးကို အလုံးအရင်းနဲ့ ထုတ်လုပ်ပေးမယ့် ကုမ္ပဏီဖြစ်သလို ကမ္ဘာပေါ်မှာ အကြီးဆုံးဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဝယ်ယူမယ့် သူတို့ရဲ့ Covidshield ဆေးဝါးကလည်း Oxford/AstraZeneca ရဲ့ နည်းပညာကို အခြေခံပြီးဖန်တီးထားတာပါ။

Serum Institute ဟာ အိန္ဒိယအစိုးရဆီက တရားဝင်ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲကာလမှာ ဆေးဝါး သန်း ၄၀ ဝန်းကျင်လောက်ကို ကြိုတင်ထုတ်လုပ်ထားခဲ့ပြီး လာမယ့် ၂၀၂၁ ဇူလိုင်လနောက်ဆုံးထားကာ နောက်ထပ် သန်း ၃၀၀ အထိ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းချက်ထားခဲ့ပါတယ်။

ယခုရက်ပိုင်းမှာပဲ အိန္ဒိယအစိုးရက သူတို့ရဲ့ ဆေးဝါးအတွက် အသုံးပြုခွင့်ကို တရားဝင်ခွင့်ပြုခဲ့ပေမယ့် မထင်မှတ်ထားတဲ့ နောက်ဆက်တွဲဆုံးဖြတ်ချက်ကိုပါ ချမှတ်ခဲ့ပါတယ်။ ဒါကတော့ အဆိုပါဆေးဝါးတွေကို အစိုးရဆီကိုသာ တင်သွင်းဖို့နဲ့ ပြည်ပတင်ပို့တာ၊ ပုဂ္ဂလိကဈေးကွက်တွေထဲကို ဖြန့်ချိတာတွေမလုပ်ဖို့ တားမြစ်လိုက်တာပါပဲ။

ကုမ္ပဏီရဲ့ မူလရည်မှန်းချက်က ကာကွယ်ဆေးတွေထဲက ၅၀% ကို ပြည်တွင်းမှာ အသုံးချသွားမှာဖြစ်ပြီးတော့ လက်ကျန် ၅၀% ကိုတော့ ပြည်ပတိုင်းပြည်တွေဆီကို ရောင်းချသွားဖို့ဖြစ်ပေမယ့် အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် အစီအစဉ်တွေအားလုံး ပရမ်းပတာဖြစ်သွားပါတယ်။

ဒါဟာ လူဦးရေ ၁၅ သန်းစာ ကာကွယ်ဆေး ဝယ်ယူဖို့ သူတို့နဲ့ သဘောတူညီချက် ရယူထားတဲ့ မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်ဖွယ်အနေအထားတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

မြန်မာနဲ့ COVID-19 ကာကွယ်ဆေး မျှော်လင့်ချက်

မြန်မာနိုင်ငံကတော့ Serum Institute of India ရဲ့ ကာကွယ်ဆေးအပြင် တရုတ်နဲ့ ရုရှားက ဆေးဝါးတွေကို ဝယ်ယူဖို့လည်း ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် ရုရှားကဆေးဝါးကတော့ လက်ခံရရှိဖို့ မနီးစပ်သေးပေမယ့် တရုတ်နိုင်ငံက ဆေးဝါးတွေကတော့ နှစ်ဆန်းပိုင်းလောက်မှာ ရရှိနိုင်ခြေရှိနေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် တရုတ်နိုင်ငံအခြေစိုက် Sinopharm နဲ့ ဟောင်ကောင်အခြေစိုက် Sinovac Biotech တို့ရဲ့ ကာကွယ်ဆေးဟာ အရေးပေါ်အသုံးပြုမှုအတွက် မြန်မာနိုင်ငံဆီကို တင်ပို့တော့မှာဖြစ်ပြီး နှစ်ဆန်းပိုင်းမှာ လက်ခံရရှိလိမ့်မယ်လို့ ဆိုထားပါတယ်။

တရုတ်ကာကွယ်ဆေးတွေဟာ တရားဝင်ခွင့်ပြုချက်ရရှိပြီးသားဖြစ်သလို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားစတဲ့ အာဆီယံ ဒေသတွင်း တိုင်းပြည်တွေကလည်း ဆေးအလုံးရေ သန်း ချီဝယ်ယူထားကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီဆေးဝါးတွေကို ပြည်တွင်းကို တင်သွင်းနိုင်ဖို့ သြဂုတ်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ အဆင်ပြေခဲ့ပြီလို့ သိထားရတာပါ။

အိန္ဒိယဆေးဝါးကိုလည်း လက်လွှတ်သေးဟန်မတူပဲ မျှော်မှန်းထားတဲ့အချိန်ကာလအတွင်းမှာ ဆေးဝါးတွေလက်ခံရရှိလိမ့်မယ်လို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ Serum Institute ကတော့ ဈေးကွက်ဆီတင်ပို့ချိန် လအနည်းငယ်နောက်ကျနိုင်တယ်လို့ ဆိုထားပေမယ့် မူလအစီအစဉ်အတိုင်း ဆေးဝါးဖြန့်ချိခွင့်ရဖို့ မျှော်လင့်နေဆဲပါ။

လက်ရှိ တရားဝင် ထုတ်ပြန်ချက်တွေအရဆိုရင်တော့ ပြည်တွင်းကို ကာကွယ်ဆေးတွေ ရောက်ရှိလာဖို့က ၂၀၂၁ ပထ ၃ လပတ်နဲ့ ဒုတိယ ၃ လပတ်ကြားကာလမှာ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးလုံလောက်စွာရရှိဖို့ကတော့ အချိန်ယူရဦးမယ့် လုပ်ငန်းစဉ်ဖြစ်ဖို့ ရှိနေပါတယ်။

ဒါကြောင့် လက်တလောကာလတွေမှာတော့ Mask တပ်လက်ဆေးSocial Distancing ပြုပြီး နေအိမ်ထဲမှာ နေထိုင်ကာ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ လိုအပ်နေပါသေးတယ်။ ကာကွယ်ဆေး မရရှိခင်အချိန်မှာတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေထိုင်တာက အကောင်းဆုံးနည်းလမ်းဆိုတာ မမေ့ဖို့ လိုမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 01/12/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။