backup og meta

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား

    ပုံမှာပြထားတဲ့ အကောင်လေးကို အိမ်တိုင်း အိမ်တိုင်းမှာ တွေ့ဖူးကြမှာပါ။ ဟိုထောင့် ဒီထောင့်မှာ ကပ်နေပြီး လက်နဲ့ သပ်ချလိုက်ရင် အထဲကနေ တွန့်တွန့် တွန့်တွန့်နဲ့ အကောင်သေးသေးလေး ထွက်လာပါတယ်။ ဒီကောင်လေးတွေကို ကွာစေ့ကောင် လို့ ခေါ်ပါတယ်။ ဒီကောင်လေးတွေ အိမ်မှာ ရှိနေတာက ကိုယ့်ရဲ့ ကျန်းမာရေးကိုများ ထိခိုက်စေမှာလား။

    ကွာ‌စေ့ကောင် ဆိုတာ

    ရုတ်တရပ်ကြည့်လိုက်ရင် ကွာစေ့လိုမျိုး ခပ်ပြားပြား ကြမ်းကြမ်းလေး ဖြစ်နေလို့ ကွာစေ့ကောင်လို့ ခေါ်ပေမယ့် ဒေသအလိုက် အခေါ်အဝေါ်တော့ ကွာနိုင်ပါတယ်။ သိပ္ပံနာမည်ကတော့ Phereoeca uterella လို့ ခေါ်ပါတယ်။

    သူ့မှာ ဥ၊ သားလောင်း၊ ပိုးတုံးလုံးအဆင့်နဲ့ အရွယ်ရောက်ပြီးချိန်ဆိုပြီး အဆင့်ဆင့်ကြီးထွားလာပါတယ်။ ကွာစေ့လိုမျိုး ခပ်ပြားပြား ဖြစ်နေတာက သားလောင်းနဲ့ ပိုးတုံးလုံးအစောပိုင်း အဆင့်တွေမှာပါ။ ဒီအဆင့်တွေမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြင်ပပစ္စည်းတွေနဲ့ အကာအကွယ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

    သားလောင်းတို့၊ ပိုးတုံးလုံးတို့အဆင့်မှာ အကောင်လေးတွေက သာမန်မျက်စိနဲ့ ကြည့်မယ်ဆိုရင် တော်တော်ကို သေးပါတယ်။ အပြင်က အခွံရှိနေတာကြောင့်သာ ကွာစေ့ကောင် တွေကို မြင်လွယ်တာပဲ ဖြစ်ပါတယ်။

    အပြင်ခွံကို သူတို့ကိုယ်က ထွက်တဲ့ ချည်မျှင်လို အရာတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး အခွံရဲ့ အပြင်ဘက်မှာတော့  သဲ၊ ဖုန်မှုန့်၊ တခြားအင်းဆက်တွေရဲ့ အညစ်အကြေးတွေ၊ ဆံပင်စ၊ ချည်မျှင် စတာတွေနဲ့ လုပ်ထားတာဖြစ်ပါတယ်။

    ဒီအခွံလေးက သူတို့ရဲ့ အိမ်၊ ပုန်းခိုရာနေရာဆိုလည်း မမှားပါဘူး။ ဒီအခွံလေးနဲ့ ကာပြီး တစ်နေရာကနေ တစ်နေရာကို သွားတာ၊ အစာရှာတာ လုပ်ကြပါတယ်။

    ကွာစေ့ကောင်တွေ ဘာစားလဲ

    သူတို့တွေကို ဟိုကြား ဒီကြား၊ အိမ်နံရံ၊ အဝတ်ဘီရို၊ ပင့်ကူမျှင် ရှိတဲ့နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အစာက အဲ့နေရာတွေမှာ ရှိလို့ပါ။

    ကွာစေ့ကောင် တွေက အဓိကအားဖြင့် ပိုးချည်မျှင်နဲ့ အလားတူတာတွေကို စားကြပါတယ်။ များသောအားဖြင့်တော့ ပင့်ကူမျှင်ပေါ့။ ဒါ့ပြင် သူနဲ့ မျိုးတူကောင်တွေရဲ့ အခွံတွေက အမျှင်တွေကိုလည်း စားတတ်ပါတယ်။

    ဒါ့ပြင် တိရိစ္ဆာန်အမွေးတွေ၊ လူရဲ့ ဆံချည်မျှင်တွေ၊ သိုးမွေးထည်ကိုလည်း စားတတ်ပါတယ်။

    ကွာစေ့ကောင် တွေက ကျန်းမာရေးပြဿနာ ပေးနိုင်လား

    ကွာစေ့ကောင်တွေက အဆိပ်လည်း မရှိသလို ကိုက်တာ၊ တုပ်တာလည်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့ သူ့အခွံမှာက ဖုန်တွေ၊ သဲတွေ ပါလာတဲ့အခါကျတော့ တချို့သူတွေမှာ ထိမိရင် ယားယံတာ ဖြစ်တတ်ပါတယ်။

    အခွံမှာ တခြားအင်းဆက်တွေရဲ့ အညစ်အကြေးတွေ ပါတတ်တော့ ဒါတွေနဲ့ မတည့်ဘူးဆိုရင် ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ ယားတဲ့နေရာကို ရေသေချာဆေးပြီး ရေခဲဝတ်ကပ်တာ၊ ကယ်လမင်း လိုးရှင်းလိမ်းတာတွေ လုပ်ပေးနိုင်ပါတယ်။

    ဒါကလွဲလို့ တခြားကြီးကြီးမားမား ကျန်းမာရေးပြဿနာ မရှိသလို အသက်အန္တရာယ်လည်း မပေးနိုင်ပါဘူး။

    ကွာစေ့ကောင် တွေကို ဘယ်လိုရှင်းထုတ်ပစ်နိုင်သလဲ

    ကွာစေ့ကောင်တွေက ကျန်းမာရေးကို မထိခိုက်စေဘူးဆိုပေမယ့် ဟိုဟိုဒီဒီ တွေ့လာရတဲ့အခါ အိမ်သန့်ရှင်းရေးကို ထိခိုက်လာပါတယ်။ သိုးမွေးတွေက သူ့အစာဖြစ်တဲ့အတွက် ကိုယ့်အိမ်က အဝတ်အစားတွေ ပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။

    ဒါကြောင့် ကွာစေ့ကောင်တွေက ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်လာပြီဆိုရင် အကောင်းဆုံး နည်းလမ်းက အိမ်သန့်ရှင်းရေးကို သေချာ လုပ်ဖို့ပါပဲ။

    • သူတို့ရဲ့ အစာက ပင့်ကူမျှင်တွေ ဖြစ်တဲ့အတွက် ပင့်ကူမျှင်တွေကို ပုံမှန်ရှင်းပါ။
    • အိမ်ကြမ်းပြင်မှာ ဖုန်တွေ၊ ဆံချည်မျှင်နဲ့ တိရိစ္ဆာန်အမွေးတွေ မရှိအောင် ပုံမှန်လှဲကျင်းပါ။
    • တခြားအင်းဆက်တွေ မရှိအောင် တတ်နိုင်သမျှ ရှင်းထားပါ။
    • သိုးမွေးထည်တွေကို သေချာသိမ်းဆည်းပါ။

    ဒါဆိုရင်တော့ အစာမရှိတော့တဲ့အတွက် ကွာစိကောင် တွေလည်း တဖြည်းဖြည်း နည်းသွားမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement