backup og meta

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

    ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။

    ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။

    မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား

    မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ ကိုဗစ်ဖြစ်ပွားနိုင်ပြီး ရောဂါလက္ခဏာကတော့ အရမ်းကြီး ပြင်းထန်တာမျိုး မရှိတာကနေ ရောဂါလက္ခဏာ လုံးဝမရှိတာမျိုး ရှိသလို အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တာမျိုးလည်း ရှိပါတယ်။

    ကိုဗစ်က မိခင်နို့ကနေတဆင့် ကူးစက်တာမျိုးတော့ မရှိပါဘူး။ ကိုဗစ် ရှိနေတဲ့ မိခင်က ကလေးကို နို့တိုက်နေချိန်မှာ နှာချေချောင်းဆိုးတာတွေကြောင့် အမှုန်တွေကနေတဆင့် ကူးစက်တာမျိုးတော့ ရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးကို မိခင်ကနေတဆင့် ကိုဗစ် ကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင် အကောင်းဆုံး နည်းလမ်း တစ်ခုက ကိုယ်ဝန်ဆောင်ချိန်မှာ ဒါမှမဟုတ် မွေးပြီးတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားတာပါ။

    မွေးကင်းစလေးတွေမှာရော အသက် ၁ နှစ်အောက် ဘေဘီလေးတွေမှာပါ ကိုဗစ် ဖြစ်နိုင်ပါတယ်။

    ဖေဖေမေမေတို့ သိထားဖို့ လိုမယ့် ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ကိုဗစ်

    ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

    ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေထဲမှာမှ မျိုးဗီဇပြောင်းလဲလာတဲ့ ကိုဗစ်ဗိုင်းရပ်စ်တွေက ကူးစက်မြန်ပြီး ရောဂါပြင်းထန်တာမျိုးတွေ ရှိပါတယ်။ ကာကွယ်ဆေး ပြည့်မီအောင် မထိုးနှံရသေးတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။

    အရမ်းငယ်သေးတဲ့ ကလေးလေးတွေကတော့ ကိုဗစ် ကာကွယ်ဆေး ထိုးနှံဖို့ မဖြစ်နိုင်သေးတာကြောင့် သူတို့လေးတွေကို ကိုဗစ်အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကလေးနဲ့ အနီးကပ် ထိတွေ့မယ့်သူတွေကို ကာကွယ်ဆေး ထိုးပေးတာမျိုး လုပ်ဆောင်ဖို့ လိုသလို ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ ကလေးကို မချီခင် လက်ဆေးတာ၊ ကလေးကို လူထူတဲ့နေရာတွေကို ခေါ်သွားတာမျိုး ရှောင်တာ၊ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေတာမျိုးတွေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။

    ကလေးလေးတွေကို ကိုဗစ် ကူးစက်ခံရတာမျိုး မဖြစ်အောင် မိဘတွေအနေနဲ့ သေသေချာချာလေး ကာကွယ်ပေးဖို့ လိုပါမယ်။ ကိုဗစ် ဗိုင်းရပ်စက် တစ်ဦးကနေ တစ်ဦးကို အလွယ်တကူ ကူးစက်နိုင်သလို ကလေးတွေမှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်တာကြောင့် သေချာလေး ဂရုစိုက် ကာကွယ်ဖို့ လိုပါမယ်။

    ကိုဗစ် ကူးစက်မှုကြောင့် ကလေးတွေမှာ ဖျားနာမှုကို ခံစားရနိုင်သလို အဆုတ်ပိုးဝင်ကူးစက်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ အဆိုးရွားဆုံးကတော့ အသက်ဆုံးရှုံးနိုင်တာပါ။ ဒါကြောင့် ကလေးကို ကိုဗစ်မဖြစ်အောင် ကလေးနဲ့ အနီးကပ် ထိတွေ့မယ့်သူတွေလည်း ကိုဗစ်ကာကွယ်မှုတွေကို သေချာလုပ်ဆောင်ပေးဖို့ လိုပါမယ်။

    ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

    ပုံမှန်အားဖြင့်ကတော့ ကလေးတွေမှာ ဖြစ်တဲ့ ကိုဗစ်လက္ခဏာတွေက လူကြီးတွေမှာဖြစ်တဲ့ ကိုဗစ်လက္ခဏာတွေလောက် မပြင်းထန်ကြပါဘူး။ အချို့ကလေးလေးတွေမှာဆိုရင် လက္ခဏာ မပြတာမျိုးလည်း ရှိပါတယ်။

    • ချောင်းဆိုးမယ်
    • အဖျားရှိမယ်
    • ချမ်းတုန်မယ်
    • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်မယ်
    • ကြွက်သားတွေ ကိုက်ခဲမယ်
    • ကိုယ်လက်တွေ ကိုက်ခဲမယ် (ဒါကို ကလေးက မပြောနိုင်ပါဘူး။ ဒီတော့ ဂျီပဲကျနေမှာပါ)
    • လည်ချောင်းနာမယ်
    • ကလေးက ခြေကုန်လက်ပမ်းကျပြီး မှိန်းနေမယ်
    • အန်မယ်
    • ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ်
    • နှာခေါင်း ပိတ်မယ်
    • ခြေထောက်လေးတွေ လက်လေးတွေ အရောင်ပြောင်းမယ်
    • နှာစေးမယ် စတာတွေ ခံစားရနိုင်ပါတယ်။

    ကိုဗစ်ရဲ့ အချို့သော လက္ခဏာတွေက တုပ်ကွေးလက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနေနိုင်တာကြောင့် ကလေးမှာ ဖျားနာမှု တစ်ခုခု ခံစားရပြီဆိုရင် ဆရာဝန်ဆီ သွားပြီး သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။

    အရေးပေါ် အခြေအနေ

    ကလေးမှာ အခုလို လက္ခဏာတွေ တွေ့ရပြီဆိုရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။ ကလေးက

    • အသက်ရှူရ ခက်နေတာ
    • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတာ
    • နို့မဝင်တာ၊ ဆီးနည်းသွားတာ
    • ကလေးက တစ်ချိန်လုံး မှိန်းနေတာ
    • နှုတ်ခမ်းတွေ ပြာလာပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုအပ်ပါမယ်။

    ဘယ်လို ကလေးတွေမှာ ကိုဗစ် အဖြစ်များလဲ

    တကယ်လို့ ကလေးက

    • အဝလွန်မယ်
    • ဆီးချိုရှိမယ်
    • ပန်းနာရင်ကျပ်ရှိမယ်
    • မွေးရာပါ နှလုံးရောဂါ ရှိမယ်
    • မျိုးဗီဇဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိမယ်
    • အာရုံကြောစနစ် ထိခိုက်ထားတာတွေ ရှိမယ်ဆိုရင် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ ပုံမှန်ထက် ပိုများနေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement