home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများ

မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများ

နွေရာသီ၊ဆောင်းရာသီတွေမှာ အရေပြားခြောက်သွေ့ခြင်း၊ အသားပပ်ခြင်းစတဲ့ အရေပြားပြဿနာတွေ ကြုံတွေ့ရသလိုပဲ မိုးရာသီမှာလည်း အရေပြားပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ စိုစိုစိစိဖြစ်နေတဲ့ရေတွေ၊ ဗွက်တွေကြား သွားလာရင်း ထိတွေ့ရတာနဲ့ မိုးရေတွေ ထိပြီး ဦးရေပြား ယားယံတာတွေလည်း ရှိနိုင်ပါတယ်။ မိုးရာသီ စိုစိုစွတ်စွတ်မှာ ဘက်တီးရီးယားတွေလည်း ပိုမိုပေါက်ဖွားလွယ်ပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့်ခြေထောက်နဲ့ခြေသည်းကြားမှာ မှိုစွဲတာတွေဖြစ်တတ်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာ အလာ့ဂျစ်ဖြစ်ခြင်းတွေက မိုးရာသီမှာ ပိုဖြစ်ပါတယ်။ ဒါက ပတ်ဝန်းကျင်ရဲ့ သန့်ရှင်းမှုနဲ့လည်း သက်ဆိုင်ပါတယ်။

ဝက်ခြံ

မိုးရာသီမှာ ဝက်ခြံတွေ ပိုပြီးအဖြစ်လွယ်ပါတယ်။ စိုစွတ်နေတဲ့ မိုးရာသီမှာ ပတ်ဝန်းကျင် သန့်ရှင်းမှုက အရမ်းကို အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို လက်နဲ့ ထိမိပြီး မျက်နှာကို ကိုင်တွယ်မိတဲ့အခါမှာ ဝက်ခြံတွေ အရမ်းကိုဖြစ်လွယ်ပါတယ်။ မျက်နှာအသားအရေဟာလည်း မိုးရာသီမှာခြောက်သွေ့နေမှာ မဟုတ်တာကြောင့် ဘက်တီးရီးယားတွေပျော်ပျော်ကြီးနေရာယူနေမှာပါ။ ဒါကြောင့် မျက်နှာကို သန့်ရှင်းအောင် ထားပါ။

ဦးရေပြား ယားယံခြင်း

မိုးရာသီကို အမျိုးသမီးတွေ စိတ်ကုန်တဲ့ အချက်တစ်ချက်ကတော့ ဦးရေပြား ယားယံခြင်းဖြစ်နိုင်ပါတယ်။ မိုးရေခေါင်းထဲကို ထိပြီဆိုတာနဲ့ ဦးရေပြားယားယံခြင်းတွေဖြစ်လာပါပြီ။နောက်တစ်ခုကတော့ ဆံပင်တွေမှာ လှိုင်းအတွန့်တွေပေါ်လာတာပါ။ ဒါကလေထဲမှာ အစိုဓါတ်တွေ ပိုလျှံနေခြင်းကြောင့်ဖြစ်ပြီး မိုးရွာတဲ့အခါမှာ ပါလာတာပါ။ ဒီလိုမျိုး မိုးရာသီမှာ ဦးရေပြား ယားယံခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ ပန်းသီးရှာလကာရည်ကိုရေလေးနဲ့ရောကာ ဦးရေပြားမှာ လိမ်းပါ။နောက်တော့ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ပါ။ သတိပြုရမှာကတော့ ဓာတုပစ္စည်းအများကြီး ပါတဲ့ခေါင်းလျှော်ရည် မဖြစ်စေဖို့ပါ။

နီရဲရောင်ရမ်းခြင်း

မိုးရာသီမှာ ဘက်တီးရီးယားတွေနဲ့ မှိုကပ်စွဲမှုတွေ ပိုဖြစ်တာကြောင့် မျက်နှာမှာ နီရဲရောင်ရမ်းခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ မျက်နှာမှာ အဆီထွက်ခြင်းတွေလျှောကျစေဖို့အတွက်လည်း ဂရုစိုက်ပါ။ ဒါဆိုရင်တော့ မျက်နှာမှာ နီရဲရောင်ရမ်းခြင်းတွေ သက်သာမှာပါ။

ခြေသည်းမှိုစွဲခြင်း

ခြေသည်းနဲ့ခြေထောက်မှာ မှိုစွဲတဲ့အခါမှာ သဲဝဲစားခြင်း၊ ဝဲပေါက်ခြင်း၊ခြေသည်းကြား သဲတွေဝင်ပြီးခြေစွယ်ငုတ်ခြင်းတွေဖြစ်နိုင်ပါတယ်။ခြေထောက်မှာ အနာဖြစ်နိုင်တဲ့အပြင်ပြည်တည်တာလည်းဖြစ်နိုင်ပါတယ်။ ဒါဟာ မိုးရေထဲမှာလျှောက်သွားတာကြောင့် ဘက်တီးရီးယားတွေ ကပ်ညှိလာပြီးဖြစ်တာပါ။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင်တော့ မိုးရေနဲ့ ထိပြီးတိုင်းခြေထောက်ကိုပြောင်စင်အောင်ဆေးကြောရပါမယ်။ခြေသည်းကြားလေးတွေကိုလည်း ဂရုတစိုက်ဆေးကြောရပါမယ်။

မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေကို သိထားပြီးပြီဆိုတော့ ကြိုတင်ကာကွယ်ခြင်းတွေပြုလုပ်လို့ရပါတယ်။ အဓိကကတော့ မိုးရာသီမှာ အရေပြားသန့်ရှင်းအောင် ဂရုစိုက်ဖို့ပါပဲ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Eaindray Kha မှ ရေးသားသည်။ 19/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။