backup og meta

ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့

    ဆောင်းရာသီမှာ အသားပပ်တာက ငယ်ငယ်ကတည်းက ရင်းနှီးပြီးသား အသားအရေ အခြေအနေလေး တစ်ခုပေါ့။ ဆောင်းရာသီမှာ ရာသီဥတုက အေးမြခြောက်သွေ့တာ၊ လေထုက အေးမြခြောက်သွေ့တာတွေက အသားအရေမှာ ရှိနေတဲ့ ရေဓာတ်ကို ခမ်းခြောက်စေပြီး အသားပပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုလို ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေနဲ့ လုပ်ဆောင်လို့ ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

    ဆောင်းရာသီမှာ ဘာကြောင့် အသားပပ်တာလဲ!

    ဆောင်းရာသီမှာ အသားပပ်တာက ဆောင်းရာသီမှာ အဖြစ်များတဲ့ အရေပြားအခြေအနေပါ။ ကလေးကစလို့ လူကြီးအထိ အကုန်လုံးမှာ ဖြစ်နိုင်ပါတယ်။ ဆောင်းရာသီမှာ အသားပပ်တာက ရာသီဥတုက အေးမြခြောက်သွေ့ သလို ခြောက်သွေ့အေးမြတဲ့ လေထုနဲ့ တိုက်ရိုက်ထိတွေ့ရတာကြောင့်လည်း အသားအပေါ်ယံလွှာက ရေဓာတ်နဲ့ အဆီဓာတ်တွေ ဆုံးရှုံးသွားတာကြောင့်ပါ။ ဒါကြောင့် အသားအရေ ခြောက်သွေ့ အဖက်လန်ပြီး အသားပပ်ရတာပါ။

    အသားပပ်ရင် ဘယ်လို ခံစားရမလဲ!

    ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် အသားပပ်ပြီဆိုရင်တော့ – 

    • အသားတွေ ခြောက်တာ
    • အရေပြားတွေ နီးမြန်းတာ
    • ပက်ကြားအက်သလို ဖြစ်တာ
    • ယားယံတာ
    • ထိခိုက်လွယ်တာ
    • အရေပြား အဖက်လန်တာ
    • ရောင်ရမ်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ 

    ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့ 

    ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ လုပ်ဆောင်လို့ ရပါတယ်။ 

    • Scrubတိုက်ပါ

    အရေပြားမှာ ဆဲလ်သေတွေ ရှိနေတာက အသားအရေကို အစိုဓာတ်ထိန်းဖို့ ခက်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်လည်း အရေပြားက သူ့အလိုလို ဆဲလ်သေတွေကို ဖယ်ရှားနိုင်ပေမယ့် ကိုယ်က scrubလေး ပုံမှန်တိုက်ပေးရင်တော့ ‌အစိုဓာတ်ထိန်းကရင်မ် လိမ်းတဲ့အခါ ပိုပြီး စုပ်ယူမှု ကောင်းပါတယ်။ 

    • ရေကို အကြာကြီး  မချိုးပါနဲ့

    ရေကို အချိန်ကြာမြင့်စွာ ချိုးတာက အပေါ်ယံ အရေပြားက အဆီဓာတ်တွေ ခမ်းစေပြီး အသားခြောက်တာ၊ အသားပပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ရေနွေးနဲ့ပဲဖြစ်ဖြစ်၊ ရေအေးနဲ့ပဲဖြစ်ဖြစ် အကြာကြီး မချိုးပါနဲ့။ ၅-၁၀မိနစ်လောက်နဲ့ မြန်မြန်ချိုးပါ။ 

    • ဆပ်ပြာ အပြင်းစားတွေ မသုံးပါနဲ့

    အနံ့ပြင်းလွန်း၊ ဓာတုပစ္စည်းတွေ ပါဝင်မှုများတဲ့ ဆပ်ပြာ အပြင်းစားတွေကို အသုံးပြုတာက အသားအရေကို ခြောက်သွေ့ ထိခိုက်လွယ်စေပြီး ဆောင်းရာသီမှာ အသားပပ်တာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒီလိုဆပ်ပြာတွေက အရေပြားပေါ်မှာရှိတဲ့ ချေးတွေအပြင် အဆီတွေကို စုပ်ယူသန့်ရှင်းလိုက်လို့ပါ။ 

    • အစိုဓာတ်ထိန်းစက် ဖွင့်ပါ

    လေထုထဲမှာ အစိုဓာတ် ရှိတာက အသားအရေ ခြောက်သွေ့မှု ကင်းစေပြီး အသားပပ်တာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့ နေအိမ်ခန်းထဲမှာ အစိုဓာတ် ထိန်းစက်လေး ဖွင့်ထားပေးပါ။

  • လေတိုးမခံပါနဲ့
  • ဆောင်းရာသီမှာ တိုက်ခတ်တဲ့ ခြောက်သွေ့သွေ့ လေတွေက အသားပပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသားပပ်တာကို သက်သာစေဖို့ လေတိုးခံတာမျိုး မလုပ်ပါနဲ့။ ဆောင်းတွင်းမှာ အဲကွန်းခန်းထဲ အကြာကြီး မနေပါနဲ့။ 

    • အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ

    ဆောင်းရာသီမှာ မျက်နှာအပါအဝင် ခန္ဓာကိုယ် အရေပြားတွေကိုပါ အစိုဓာတ်ထိန်းခရင်မ်တွေ လိမ်းပေးပါ။ ဒီလို လိမ်းပေးတာက အသားအရေ ခြောက်သွေ့မှု ကင်းစေပြီး အသားပပ်တာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သလို အသားပပ်တာကိုလည်း သက်သာစေမှာပါ။ 

    ရေချိုးပြီးစအချိန်တွေဆို ရေသုတ်ပြီးတာနဲ့ ချက်ချင်း လိမ်းပေးပါ။ တစ်နေ့တာလုံးမှာ အသားခြောက်တိုင်း ခဏခဏ လိမ်းဖို့ လိုပါတယ်။

    • ရေများများ သောက်ပါ

    ဆောင်းရာသီက ရေသောက်နည်းတတ်ကြတဲ့ ရာသီပါ။ ဒီရာသီမှာ ရေသောက်နည်းတာက အသားခြောက်စေပြီး အသားပပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့ ရေကို တတ်နိုင်သမျှ များများလေး သောက်ပေးပါ။ 

    • သနပ်ခါးတွေ ထူပိန်းနေအောင် မလိမ်းပါနဲ့

    သနပ်ခါးက အသားအရေအတွက် သဘာဝ ဆေးတစ်မျိုးပဲ ဆိုပေမယ့် ဆောင်းရာသီမှာ အရေပြားပေါ်မှာ သနပ်ခါးတွေကို ထူပိန်းနေအောင် လိမ်းပေးတာက အရေပြားခြောက်သွေ့ပြီး အသားပပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ သနပ်ခါးတွေ ထူပိန်းနေအောင် မလိမ်းပါနဲ့။ သနပ်ခါးထက်စာရင် အစိုဓာတ်ထိန်းကရင်မ်ကို လိမ်းပေးပါ။ 

    • အနံ့ပြင်းတာမျိုးတွေ မသုံးပါနဲ့

    အမွှေးနံ့ ပြင်းတဲ့ အရေပြား သန့်စင်ရေးသုံး ပစ္စည်းတွေက အသားအရေကို ခြောက်သွေ့တာ အသားပပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အရေပြားပေါ်မှာ အနံ့ပြင်းတာမျိုးတွေ သုံးတာကို ရှောင်ပါ။

    ကဲ …. ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့အတွက် အခုပြောခဲ့တဲ့ အချက်လေးတွေကို လိုက်နာဖို့  မမေ့နဲ့နော်။ 

    # ဝက်ခြံပြဿနာ ဒီလို ဖြေရှင်းပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement