home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာလှပ အသက်ရှည်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ကြစို့

ကျန်းမာလှပ အသက်ရှည်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ကြစို့

အမြဲတမ်း အိပ်ချိန်ပြည့်ဝအောင် အိပ်ရမယ့် အကြောင်း ပြောနေခဲ့တာဆိုတော့ ဒီတစ်ခေါက်မှာ အိပ်ရာစောစောဝင်ဖို့ ဘာလို့ အရေးကြီးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘဝမှာ အကြွေးတင်ပြီး ပြန်မရတော့တဲ့အထဲမှာ အိပ်ချိန်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အိပ်ချိန်မှန်မှ ကျန်းမာမယ်၊ အိပ်ချိန်ပြည့်မှ နောက်နေ့မှာ လူက လန်းလန်းဆန်းဆန်း ဖြစ်ပြီး အလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်နိုင်မှာပေါ့။

ဒီနေရာမှာ နောက်ထပ် ပြောဖို့ လိုလာတာတစ်ခုက အိပ်စက်တဲ့ အချိန်ပါ။ ခုနောက်ပိုင်းမှာ လူငယ်တွေရော၊ လူကြီးတွေပါ ညအိပ်ချိန်မမှန်တော့ပါဘူး။ ညဘက်ကို သန်းခေါင် ၁၂ နောက်ပိုင်းမှပဲ အိပ်လာကြတဲ့သူတွေလည်း အရမ်းကို များလာပါတယ်။ အခုက Covid-19 ကပ်ဘေးကာလဖြစ်လို့ ဒီရန်ကို စိုးရိမ်ပူပန်နေရတာလည်း ပါမှာပေါ့။

တကယ်တော့ ကိုယ်စတင်အိပ်စက်တဲ့အချိန်ဟာ သန်းခေါင် ၁၂ ထက် လုံးဝနောက်ကျတာမျိုး မဖြစ်သင့်ပါဘူး။ တစ်နေ့လုံး လူက အလုပ်လုပ်ပြီး ပင်ပန်းသလိုပဲ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေကလည်း အားနည်းနေပါပြီ။ ဒီလိုအချိန်မှာ ကျွန်တော်တို့က အနားမယူဘဲ အလုပ်ဆက်လုပ်နေမယ်ဆိုရင် ဒီကိုယ်တွင်းအင်္ဂါတွေက အားနည်းပြီး ဆုတ်ယုတ်ပျက်စီးလာတော့မှာပါ။ ဒီအတွက် အိပ်ချိန်မှန်ဖို့လည်း လိုသလို စောစောအိပ်ဖို့ဟာလည်း အရေးကြီးပါတယ်။

စောစောအိပ်ခြင်းဟာ အလှအပတစ်ခုတည်းအတွက်လား။

အိပ်ချိန်ဟာ အလှအပအတွက်လည်း အရေးကြီးသလို အသက်အရွယ်မရွေး လူတိုင်းရဲ့ ကျန်းမာရေးအပေါ်မှာလည်း တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပါတယ်။

အလှအပရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စောစောအိပ်စက်ခြင်းဟာ

အသားအရေကို လှပစေတယ်
• အသားအရေကို ဖြူစင်ဝင်းပလာစေတယ်
အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အရေးအကြောင်းတွေကို လျော့ပါးစေတယ်
• မျက်အိတ်တွဲတာ၊ မျက်ကွင်းညိုတာကို သက်သာစေတယ်
နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ကျန်းမာရေး ရှုထောင့်မှ စောစောအိပ်စက်ခြင်းဖြင့်

၁။ နှလုံးကျန်းမာစေပြီး သွေးပုံမှန်စီးဆင်းလည်ပတ်စေတယ်။ ရင်ပူတာ၊ နှလုံးအမောဖောက်တာ၊ ရုတ်တရက် တက်တာတွေဟာ အိပ်ချိန်မမှန်တဲ့သူတွေမှာ အရမ်း အဖြစ်များတာကြောင့် စောစောအိပ်စက်ခြင်းဖြင့် ဒီလိုပြဿနာတွေ ကြုံရနိုင်ခြေကို လျော့နည်းစေပါတယ်။

၂။ စောစီးစွာ အိပ်စက်တဲ့အခါ သန်းခေါင်ယံလောက်မှာ အိပ်နေရင်းနဲ့ ခန္ဓာကိုယ်ကနေ မယ်လတိုနင်ဟော်မုန်း (Melatonin) တွေ ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးသလို ပြန့်ပွားနှုန်းကိုလည်း နှေးကွေးစေပါတယ်။ အထူးသဖြင့် ညဘက်ကို စောစောအိပ်ခြင်းဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ အစရှိတဲ့ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးရာလည်း ရောက်ပါတယ်။

၃။ စိတ်ညစ်တဲ့အချိန်တင်မက အိပ်ရေးမဝတဲ့အခါမှာပါ လူတွေရဲ့ ဦးနှောက်က စိတ်ဖိစီးမှုကို ခံစားရပါတယ်။ ဒီအတွက် ညဘက်တွေကို စောစောအိပ်စက်အနားယူခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့ကျသွားစေနိုင်သလို ဦးနှောက်ကိုလည်း အနားပေးလိုက်တဲ့အတွက် မနက်နိုးထလာတဲ့အခါ လူက လန်းလန်းဆန်းဆန်း ဖြစ်နေပြီး အားအင်ပြည့်ဝနေမှာပါ။

၄။ အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားပေးတာဖြစ်လို့ ရေရှည်မှာလည်း မှတ်ဉာဏ်လျော့ပါးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဦးနှောက်အာရုံကြော ချို့ယွင်းမှုကြောင့် ဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၅။ ကိုယ်အလေးချိန် တက်ချင်သူတွေအတွက်ရာ၊ ကျချင်တဲ့သူတွေအနေနဲ့ပါ ညအိပ်ချိန်ကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်အချိုးအစားအလိုက် ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှု၊ ကယ်လိုရီ လောင်ကျွမ်းမှုတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တဲ့အတွက် ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ရဖို့ဆိုရင် ညဘက်ကို စောစောအိပ်ပေးတာ အကောင်းဆုံးပါပဲ။

၆။ စောစောအိပ်စက်တဲ့အခါ ကိုယ်ခန္ဓာတွင်းမှာရှိတဲ့ ဆဲလ်တွေကို ပြန်လည် ပြုပြင်ဖို့ အချိန်ပိုရသလို ပိုပြီးတော့လည်း မြန်ဆန်စေပါတယ်။ တစ်ချိန်လုံး အလုပ်လုပ်နေရတဲ့ ကိုယ်တွင်းအင်္ဂါတွေလည်း အရောင်ကျစေပြီး အနားရလို့ နောက်တစ်နေ့ နိုးထလာချိန်မှာ ဇီဝကမ္မ ဖြစ်စဉ်ကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေနိုင်မှာပါ။

ဒါကို ကြည့်ခြင်းဖြင့် လူတစ်ယောက်က အိပ်ရေးဝဖို့လည်း လိုအပ်သလို စောစောအိပ်စက် အနားယူဖို့လည်း လိုတယ်ဆိုတာ သိမှာပါနော်။ အထူးသဖြင့် မနက်စောစော ရုံးတက်နေရသူတွေအတွက် ညဘက်ကို စောစောအိပ်ပေးမှသာ သတ်မှတ်ထားတဲ့ ညအိပ်ချိန် အနည်းဆုံး ၇နာရီကို ပြည့်ဝစွာ ရရှိနိုင်မှာပါ။ ဒီအတွက် ညဘက်တွေကို တီဗီဇာတ်လမ်းတွဲတွေ အကြာကြီး ကြည့်တာ၊ ဖုန်းဖွင့်ပြီး အင်တာနက်မှာ ပတ်ရှာတာမျိုး မလုပ်ဘဲ စောစောလေး အိပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ အချိန်ခဏလေးအတွင်းမှာ ကိုယ့်ခန္ဓာကိုယ်က ကောင်းတဲ့ ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာတာကို ကိုယ်တိုင် ခံစားတွေ့မြင်လာနိုင်မှာပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 31/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။