backup og meta

ခေါင်းမူးနေတုန်း အိပ်ရင် အသက်အန္တရာယ်ရှိလား

ခေါင်းမူးနေတုန်း အိပ်ရင် အသက်အန္တရာယ်ရှိလား

လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ခေါင်းမူးနေတုန်း အိပ်ရင် သေတတ်တယ်။ ဘယ်တုန်းကတော့ ဘယ်သူ ခေါင်းမူးတာကို လှဲအိပ်လိုက်တာ သေသွားတယ်။ ခေါင်းမူးနေရင် မအိပ်ရဘူး စသဖြင့်ပေါ့။ ခေါင်းမူးနေတုန်း အိပ်တာက တကယ်ပဲ အန္တရာယ်ရှိလားဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။

ခေါင်းမူးနေတုန်း အိပ်ရင် အသက်အန္တရာယ်ရှိလား

ခေါင်းမူးနေတုန်း အိပ်ရင် အသက်အန္တရာယ် ရှိမရှိဆိုတာက ဘာကြောင့်ခေါင်းမူးတာလဲဆိုတာ‌ပေါ် မူတည်ပါတယ်။ ခေါင်းမူးစေတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပြီး တချို့က အန္တရာယ်မရှိပါဘူး။ တချို့ကတော့ ချက်ချင်း ဆေးကုဖို့လိုတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

ဆေးကုဖို့လိုတဲ့ အခြေအနေမှာ သွားအိပ်နေရင်တော့ သေချာပေါက် အသက်အန္တရာယ်ဖြစ်မှာပါ။ ဒီလိုမဟုတ်ဘဲ ပင်ပန်းလို့ ခေါင်းမူးတာဆိုရင်တော့ အိပ်ပြီး နားလိုက်မှ သက်သာမှာပေါ့။ ဒါကြောင့် ဘာကြောင့်မူးလဲဆိုတာကို အရင်သိဖို့ လိုပါတယ်။

ခေါင်းမူးစေတဲ့ အကြောင်းရင်းများ

ခေါင်းမူးစေတဲ့ အကြောင်းရင်းတွေကိုတွေထဲမှာ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့

  • နားအတွင်းက ပြဿနာကြောင့် ချာချာလည်အောင် မူးတာ
  • ခေါင်းတစ်ခြမ်းကိုက် မိုက်ဂရင်းကြောင့် မူးတာ
  • အထိုင်အထမှာ မူးတာ
  • နှလုံးစည်းချက်မမှန်လို့ မူးတာ
  • လေဖြန်းချင်လို့ မူးတာ
  • စိတ်လှုပ်ရှားလွန်တာ
  • သွေးအားနည်းတာ
  • သွေးတွင်းသကြားဓာတ်နည်းတာ
  • ချွေးထွက်များလို့ ရေဓာတ်ဆုံးရှုံးပြီးမူးတာ
  • သွေးထွက်လို့ သွေးပေါင်ကျပြီး မူးတာ
  • သောက်လက်စ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် မူးတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒီထဲမှာ အန္တရာယ်ရှိတဲ့ မူးခြင်းတွေကတော့ လေဖြန်းတာ၊ နှလုံးစည်းချက်မမှန်တာ၊ သွေးတွင်းသကြားဓာတ်နည်းတာ၊ သွေးထွက်လို့ သွေးပေါင်ကျပြီး မူးတာတွေပဲ ဖြစ်ပါတယ်။

ခေါင်းမူးလာရင် ဘယ်လိုလုပ်ရမလဲ။

ခေါင်းမူးလာရင် အရင်ဆုံး ဘာကြောင့် မူးလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒါမှ အိမ်မှာပဲ လှဲနေမလား၊ ချက်ချင်းဆေးရုံသွားရမှာလားဆိုတာ သိနိုင်မှာပါ။ လူနာတွေအနေနဲ့ကတော့ ဘာကြောင့်မူးလဲဆိုတာကို ခွဲနိုင်ချင်မှ ခွဲနိုင်မှာပါ။ ဒါပေမဲ့ မှန်းကြည့်လို့တော့ ရပါတယ်။

ဥပမာ အလုပ်တွေ လုပ်ပြီး ချွေးတွေအများကြီးထွက်နေတာ၊ အထိုင်အထမှာ မိုက်ခနဲ ဖြစ်သွားတာ ဒါတွေက ခဏလောက်နားလိုက်ရင် သက်သာသွားမှာပါ။ လိပ်ခေါင်းဖြစ်နေတဲ့ လူတစ်ယောက်က ဝမ်းထဲမှာ သွေးတွေအများကြီး ထွက်တယ်။ မူးလာတယ်ဆိုရင် ဒါသွေးပေါင်ကျနေတာပါ။ ဆေးရုံသွားဖို့ လိုတာပေါ့။

လူနာတွေ အနေနဲ့ ဘာကြောင့် မူးတာလဲဆိုတာ မခွဲနိုင်ရင်တော့ အခုပြောမဲ့ အန္တရာယ်ရှိ လက္ခဏာတွေကို မှတ်ထားပါ။ ဒီလက္ခဏာတွေနဲ့  ခေါင်းမူးတာနဲ့ တွဲနေရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း သွားဖို့ လိုပါတယ်။

  • ရုတ်တရက် ခေါင်းတွေ ထိုးကိုက်လာရင်
  • ရင်ဘတ်အောင့်ရင်
  • အသက်ရှူရခက်လာရင်
  • ခြေ၊ လက်တွေ ထုံတာ၊ လှုပ်မရတာ ဖြစ်လာရင်
  • မူးပြီး သတိပါလစ်သွားရင်
  • အမြင်တွေ ဝါးလာရင်
  • ရင်တုန်လာရင်
  • စကားတွေ လေးလာရင်
  • လမ်းမလျှောက်နိုင်တော့ရင်
  • အန်နေရင်
  • တက်ရင်
  • အကြားအာရုံမှာ အပြောင်းအလဲဖြစ်ရင်
  • မျက်နှာတွေ ထုံပြီး ကြွက်သားတွေလေးလာရင်

ဒါတွေဖြစ်လာရင် အိပ်လည်း မအိပ်ပါနဲ့။ အိမ်မှာလည်း မနေပါနဲ့။ ဆေးရုံ၊ ဆေးခန်းကိုသာ အမြန်ဆုံးသွားရပါမယ်။ ဆေးရုံသွားတဲ့ လမ်းတလျှောက်မှာ နားနားနေနေ နေပါ။ မှေးပြီး လိုက်သွားလို့ ရပါတယ်။

ဒီလက္ခဏာတွေ မရှိရင်တော့ စောင့်ကြည့်နိုင်ပါတယ်။ ခေါင်းမူးနေတဲ့အချိန်မှာ

  • ထိုင်နေပါ ဒါမှမဟုတ် လှဲချင်လှဲနေပါ။
  • မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာကို အမူးမပျောက်မချင်း မလုပ်ရပါ။
  • နားလို့ရတဲ့နေရာကို လမ်းလျှောက်ရမယ်ဆိုရင်တောင် ဘေးက အထိန်းနဲ့ လျှောက်ပါ။ မတော်တဆ ချော်လဲပြီး ထိခိုက်ဒဏ်ရာရတတ်ပါတယ်။
  • ခေါင်းမူးနေတဲ့အချိန်မှာ ကော်ဖီ၊ အရက်၊ ဆေးလိပ်တွေ မသောက်ရပါ။
  • ခေါင်းမူးပြေသွားရင်တောင် ထိုင်ရာက ဖြည်းဖြည်းထပါ။ လှဲရာကနေထမယ်ဆို ချက်ချင်းမထပါနဲ့။ လှဲရာကနေထိုင်၊ ထိုင်ပြီးမှ ထပါ။
  • အာခြောက်နေတယ်ဆိုရင် ရေများများသောက်ပါ။
  • သွေးတွင်းသကြားဓာတ်နည်းနေတဲ့ လက္ခဏာတွေ ရှိတယ်ဆို (ဥပမာ ချွေးစေးတွေ ထွက်တာ၊ ရင်တုန်တာ) ချိုတာလေး တစ်ခုခု စားပေးပါ။

အန္တရာယ်ရှိ လက္ခဏာတွေ မရှိဘူး။ တအားလည်း နုံးပြီး အိပ်ချင်တယ်ဆိုရင် ဘေးလူကို ပြောပြီး အိပ်ပါ။ ဒါမှ ဘေးကလူတွေက ကိုယ့်ကို စောင့်ကြည့်နိုင်မှာပါ။ အိပ်ရမှာ ကြောက်တယ်ဆိုရင်လည်း သက်သောင့်သက်သာနဲ့ မှေးနေလို့ ရပါတယ်။

ဒါတွေလုပ်ပြီးတာတောင် အမူးက မသက်သာဘူးဆိုရင်၊ ခဏခဏ ပြန်ဖြစ်ရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာတာ၊ ဆေးကုတာတွေ လုပ်ရပါမယ်။

ခေါင်းမူးနေတုန်း အိပ်လို့ ရမရ

ခေါင်းမူးနေတုန်း အိပ်လို့ ရမရဆိုတာ မူးရတဲ့ အကြောင်းရင်းပေါ်  မူတည်ပါတယ်။ မူးတာနဲ့အတူ အန္တရာယ်ရှိ လက္ခဏာတွေပါ တွဲနေရင် ချက်ချင်း ဆေးရုံသွားဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အိမ်မှာ နားနေနိုင်ပါတယ်။ အိပ်ချင် အိပ်လို့ရပြီး ဘေးနားမှာ လူစောင့်တစ်ယောက် ထားဖို့ လိုပါတယ်။
ခေါင်းမူးနေတုန်း အိပ်လိုက်တာ သေသွားတယ်ဆိုတာက အန္တရာယ်ရှိတဲ့ ရောဂါတွေကြောင့်သာဖြစ်ပြီး အိပ်တာကြောင့် မဟုတ်ပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dizziness https://www.mayoclinic.org/diseases-conditions/dizziness/symptoms-causes/syc-20371787 Accessed date Aug 9, 2023

Dizziness https://my.clevelandclinic.org/health/symptoms/6422-dizziness Accessed date Aug 9, 2023

The timing-and-triggers approach to the patient with acute dizziness https://pubmed.ncbi.nlm.nih.gov/31765116/ Accessed date Aug 9, 2023

Dizziness: Approach to Evaluation and Management https://pubmed.ncbi.nlm.nih.gov/28145669/ Accessed date Aug 9, 2023

Dizziness https://www.nhs.uk/conditions/dizziness/ Accessed date Aug 9, 2023

ယခုပုံစံ

15/01/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

အထိုင်အထ မှာ မူး မူး နေပြီလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement