backup og meta

မနက်အစောကြီးနိုးပြီး ပြန်အိပ်မရ တာ ဘာကြောင့်လဲ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


22/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်အစောကြီးနိုးပြီး ပြန်အိပ်မရ တာ ဘာကြောင့်လဲ

    မနက်အစောကြီးနိုးတာ မကောင်းဘူးလားလို့ ခေါင်းစဉ်ကြည့်ပြီး တွေးမိနိုင်ပေမယ့် ဒါက လူတိုင်းဖြစ်ချင်တဲ့ မနက်စောစော နိုးတာမျိုး မဟုတ်ပါဘူး။ မနက်စောစောနိုးတယ်ဆိုပေမယ့် ညကလည်း စောစောအိပ်ထားတာ မဟုတ်ပါဘူး။ ညကိုလည်း သန်းခေါင်ကျော်လောက်မှ အိပ်ပြီး မနက်ကျ ၃-၄နာရီလောက်တည်းက နိုးနေတာမျိုးပါ။ မနက်အစောကြီးနိုးပြီး ပြန်အိပ်မရ တော့ပါဘူး။ ဒါက ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ဒါက အိပ်မပျော်ခြင်း ရောဂါ တစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။

    မနက်အစောကြီးနိုးပြီး ပြန်အိပ်မရတာက Sleep maintenance insomnia လို့ ခေါ်တဲ့ အိပ်မပျော်ခြင်း ရောဂါတစ်မျိုးလည်း ဖြစ်နေနိုင်ပါတယ်။ တချို့တွေကလည်း Early morning awakening insomnia လို့ ခေါ်ပါတယ်။ ကိုယ်အိပ်ရာထမယ်လို့ မှန်းထားတဲ့ ဒါမှမဟုတ် အိပ်ရာထသင့်တဲ့ အချိန်ထက် စောနိုးနေတာမျိုးပါ။

    ညကလည်း နောက်ကျမှအိပ်၊ မနက်ကျ စောနိုး၊ ပြန်အိပ်လို့လည်း မရတဲ့အခါကျတော့ အိပ်ရေးမဝဘဲ နောက်နေ့မှာ လူက ငိုက်နေတာ၊ လေးလံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တခြားသော အိပ်မပျော်ခြင်းအမျိုးအစားတွေလိုမျိုးပဲ ကျန်းမာရေး ထိခိုက်တတ်ပါတယ်။

    မနက်အစောကြီးနိုးပြီး ပြန်အိပ်မရ တာ ဒီအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    အိပ်မပျော်စေတဲ့ အကြောင်းတစ်ခုခု ရှိနေတာ

    မနက်စောစောနိုးနေတာ အိပ်မပျော်ခြင်း ရောဂါတစ်မျိူးလို့ ပြောခဲ့ပါတယ်။ ဘာလို့ ဒီလို အိပ်မပျော်ရတာလဲဆိုတာကတော့ အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဥပမာ

    • နေ့ဆိုင်းညဆိုင်း အလှည့်နဲ့ ဆင်းနေရတာ
    • နေ့ခင်းဘက်မှာ အချိန်ကြာကြာ အိပ်ထားတာ
    • အိပ်ချိန်မမှန်တာ
    • အိပ်ခါနီး ဖုန်းသုံးတာ
    • ဆေးလိပ်၊ အရက်နဲ့ ကော်ဖီတွေ သောက်တာ
    • ကိုယ်ဝန်ကြောင့် အိပ်ရခက်တာ
    • အိပ်ခန်းက လင်းပြီး ဆူညံတာ
    • ခန္ဓာကိုယ်မှာ နာကျင်မှု ရှိနေတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ဒီအချက်တွေကြောင့် ညဘက်မှာ အိပ်မပျော်သလို မနက်မှာ စောစောနိုးလာပြီးရင်လည်း ပြန်အိပ်ဖို့ ခက်တတ်ပါတယ်။

    စိတ်ဖိစီးမှုများတာ

    စိတ်ဖိစီးမှုများလွန်းတာက ခန္ဓာကိုယ်တစ်ခုလုံးကို အဆိုးတွေချည်း ဖြစ်စေပါတယ်။ အိပ်စက်ခြင်းအပါအဝင်ပေါ့။

    ညဘက်ဆိုရင် တစ်နေ့တာလုံး စိုးရိမ်စရာ‌တွေ၊ စိတ်ညစ်စရာတွေက ခေါင်းထဲကို အစီအရီရောက်လာတာကြောင့် အိပ်ပျော်ဖို့ ခက်သလို မနက်ကိုလည်း အစောကြီး နိုးနေတတ်ပါတယ်။ နိုးလာပြီးရင်လည်း စိတ်ညစ်စရာတွေကို ထပ်တွေးမိနေတာကြောင့် ပြန်အိပ်ပျော်ဖို့ ခက်တတ်ပါတယ်။

    အသက်ကြီးလာတာ

    အသက်ကြီးလာလို့ မနက်စောစောတွေ နိုးနေတာက သဘာဝပါ။ လူကြီးတွေကို ကြက်အိပ်ကြက်နိုးလို့ ပြောကြတယ်မလား။ အသက်ကြီးလာတာနဲ့အမျှ လူကြီးတွေက အအိပ်အနေနည်းလာကြတာ ပုံမှန်ပါပဲ။

    လူကြီးတွေက အိပ်ပျော်ဖို့လည်း ခက်သလို မနက်ဆိုလည်း စောစောနိုးနေတတ်ပါတယ်။ ပြန်လည်း မအိပ်ကြပါဘူး။ ဒါက ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် လူကြီးတွေမှာ တစ်နေ့တာ ရှိသင့်တဲ့ အိပ်စက်ချိန်တော့ ပြည့်အောင် အိပ်ဖို့ လိုပါတယ်။

    ဟော်မုန်းအပြောင်းအလဲ

    ဟောမုန်းအပြောင်းအလဲကြောင့်လည်း မနက်အစောကြီးတွေ နိုး‌နေတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။ အမျိုးသမီးတွေရဲ့ ဟော်မုန်းအပြောင်းအလဲအဖြစ်ဆုံး ကာလတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးခါနီးအချိန်နဲ့ သွေးဆုံးပြီး အချိန်တွေပါ။

    ဥပမာ ကိုယ်ဝန်ဆောင်ချိန်ဆိုရင် ဟော်မုန်းအပြောင်းအလဲကြောင့်အပြင် ဗိုက်ဖောင်းလာတာ၊ ရင်ပူတာ၊ ကြွက်တက်တာ စတာတွေကြောင့် အိပ်ရခက်တတ်ပါတယ်။ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးချိန်ဆိုရင်လည်း ချွေးစေးတွေထွက်တာ၊ ကျောပူခေါင်းပူဖြစ်တာကြောင့် အိပ်မပျော်တတ်ပါဘူး။

    ဆေးဝါးတွေ

    ကိုယ်သောက်နေတဲ့ ဆေးဝါးတွေကလည်း အိပ်စက်ခြင်းအ‌ပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာ beta blockerလို သွေးကျဆေးဆိုရင် အိပ်စက်ခြင်းကိုဖြစ်စေတဲ့ မယ်လတိုနင် ထုတ်တာကို အနှောင့်အယှက်ဖြစ်စေလို့ အိပ်ပျော်ဖို့ ခက်စေနိုင်ပါတယ်။

    ဆီးဆေးတွေဆိုရင်လည်း အိပ်ခါနီးသောက်မိရင် တစ်ညလုံး ဆီးထသွားနေရတာနဲ့ ကောင်းကောင်းအိပ်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မနက်ပိုင်း ဒါမှမဟုတ် ညနေအစောပိုင်းမှာ သောက်ပါ။

    စိတ်ရောဂါကုဆေးတွေဆိုရင် အိပ်ဖို့ခက်တာက သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါ။

    ‌ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

    ညကိုလည်း နောက်ကျမှအိပ်၊ မနက်ကိုလည်း အစောကြီးနိုးပြီး ပြန်လည်း အိပ်မရဘူးဆိုရင် ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ရဲ့ အမူအကျင့်တွေကို အောက်ပါအတိုင်း ပြောင်းလဲကြည့်ပါ။

    • အိပ်ချိန်မှန်အောင် ကြိုးစားပါ။

    ပိတ်ရက်ဖြစ်ဖြစ်၊ ဖွင့်ရက်ဖြစ်ဖြစ် အိပ်ချိန် ထချိန် မှန်အောင် ကြိုးစားပါ။ ဒါက ခန္ဓာကိုယ်ထဲက ဇီဝနာရီကို အကျင့်ဖြစ်အောင် လုပ်တာပါ။ ဒါ့ပြင် အိပ်ရေးဝစေဖို့ တစ်ရက်ကို အိပ်ချိန် ၇-၈နာရီထားပါ။

    • အိပ်ခါနီး လူကို လန်းနေစေမယ့် အရာတွေကို ရှောင်ပါ။

    အိပ်ခါနီးရင် ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေကို ရှောင်ပါ။ မျက်စိကြောင်စေမယ့် ဖုန်းသုံးတာ၊ TVကြည့်တာတွေလည်း ရပ်ပါ။ အိပခါနီးမှ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ ရေများများသောက်တာလည်း ရှောင်ပါ။ ညဘက်တွေ ရှူးထပေါက်နေရပါလိမ့်မယ်။

    အိပ်ခါနီးလေလေ သက်သောင့်သက်သာနဲ့ အနားယူနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

    • နေ့ခင်းဘက်မှာ အကြာကြီး မအိပ်ပါနဲ့။

    ညဘက်တွေ စော‌စောအိပ်နိုင်အောင် နေ့ခင်းဘက်တွေမှာ မအိပ်ပါနဲ့။ ပင်ပန်းလို့ မှေးမယ်ဆိုရင်တောင် မိနစ် ၂၀၊ နာရီဝက်ထက် မပိုအောင် ဂရုပြုပါ။

    • အိပ်ခန်းက အိပ်ချင်စဖွယ်ဖြစ်ပါစေ။

    အိပ်ခန်းက မှောင်ပြီး တိတ်ဆိတ်နေမယ်။ အခန်းအပူချိန်ကလည်း အသင့်အတင့် အေးတယ်ဆိုရင် အိပ်ပျော်ဖို့ လွယ်မှာပါ။ အထူးသဖြင့် သွေးဆုံးထားတဲ့ အမျိုးသမီးတွေဆို ညဘက် ပူလို့ အိပ်မပျော်တတ်ကြတော့ ဒီနည်းက အသုံးဝင်မှာပါ။

    ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း အိပ်ရတာ သက်သောင့်သက်သာဖြစ်အောင် ကိုယ်ဝန်ဆောင်ခေါင်းအုံးနဲ့ အိပ်တာ၊ ဘေးမှာ ခေါင်းအုံးတွေ ခု ခံပြီး အိပ်နိုင်ပါတယ်။

    • နာရီကို ခဏခဏ သွားမကြည့်ပါနဲ့။

    နာရီကြည့်လိုက်၊ နောက်ကျနေပြီး အိပ်မပျော်သေးဘူးလားဆိုပြီး စိတ်ညစ်လိုက်၊ ဘာလို့ အိပ်မပျော်သေးတာလဲဆိုပြီး စိုးရိမ်လိုက်က အိပ်ဖို့ ပိုခက်ခဲစေပါတယ်။ နာရီကိုဟိုဘက်လှည့်ပြီး ကိုယ့်ဟာကို အိပ်ပျော်ဖို့သာ ကြိုးစားပါ။

    • အိပ်ပျော်နိုင်မယ့် နည်းလမ်းတွေကို အသုံးပြုပါ။

    အိပ်ခါနီး နွားနို့သောက်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ စသဖြင့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကိုယ်နှစ်သက်ရာ နည်းလမ်းတစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်ကြည့်ပါ။

    မနက်စောစောနိုးတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ ညဘက်လည်း မအိပ်၊ မနက်လည်း စောစောနိုးနေမယ်ဆိုရင် အိပ်ချိန်မပြည့်ဘဲ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ခုပြောတဲ့နည်းတွေနဲ့ ပြောင်းလဲကြည့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    22/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement