backup og meta

ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် ဘယ်လိုအိပ်မလဲ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် ဘယ်လိုအိပ်မလဲ

    ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် အိပ်ဖို့ဆိုတာ ခက်ပါတယ်။ ဒီနေ့လို အလုပ်များတဲ့ခေတ်မှာ ညဘက် ၈နာရီပြည့်အောင် အိပ်ဖို့၊ အိပ်ချိန်မှန်ဖို့ဆိုတာတောင် ခက်လှတာ ညဆိုင်းဝန်ထမ်းတွေဆိုရင် ပိုပြီးပင်ပန်းမှာပါ။ ဒါကြောင့် ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် အိပ်နိုင်ဖို့၊ အလုပ်ခွင်ထဲမှာ လန်းဆန်းနေဖို့ နည်းလမ်းကောင်းတွေကို ပြောပြပေးပါမယ်။

    ညဆိုင်းဝန်ထမ်းတွေမှာ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများ

    အိပ်စက်ချိန်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အနားပေးတဲ့အချိန်ပါ။ အိပ်ရမဲ့ အချိန်မှာ မအိပ်မိဘူးဆိုရင် ဇီဝဖြစ်စဉ်တွေ ကမောက်ကမဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

    တစ်ခါတလေမှာ ညဆိုင်းဆိုရင်  သိပ်မသိသာပေမဲ့ နေ့တိုင်းညဘက်ပဲ အလုပ်ဆင်းရတာ ဒါမှမဟုတ်  ညဆိုင်းနဲ့ အလှည့်ကျ လုပ်ရတာ ကြာလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေ ပြောင်းလဲလာနိုင်ပါတယ်။ အမြင်သာဆုံးကတော့ အိပ်ဖို့ခက်လာတာ၊ အိပ်ရေးမဝတာ၊ အလုပ်ထဲမှာ အိပ်ငိုက်လာတာပဲ ဖြစ်ပါတယ်။

    ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် ဘယ်လိုအိပ်မလဲ

    အကောင်းဆုံးကတော့ ညဆိုင်းဆင်းရတဲ့ ရက်တွေကို လျှော့တာပဲပေါ့။ ဒါက ပြောသလောက်တော့ မလွယ်ပါဘူးလေ။ ဒီတော့ ကိုယ့်ရဲ့ အိပ်ချိန်ကို ပြန်ညှိတာ၊ တတ်နိုင်သမျှ အိပ်ရေးဝအောင် ကြိုးစားတာက အကောင်းဆုံးပါပဲ။ ညဆိုင်းဆင်းပြီး ပြန်လာပြီဆိုရင်

    • အိပ်ဖို့ ကြိုးစားပါ။

    တခြားအလုပ်တွေ လုပ်မနေဘဲ ကိုယ်လက်သန့်စင်တာ၊ မနက်စာစားပြီးတာနဲ့ တန်းအိပ်ပါ။ အိမ်နဲ့ အလုပ်နဲ့ နီးရင် ပိုကောင်းပါတယ်။ မဟုတ်ရင် လမ်းမှာတင် အချိန်ကုန်ပြီး အိပ်ချိန်နည်းသွားနိုင်ပါတယ်။

    • အိပ်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်ဖန်တီးပါ။

    အခန်းက သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်နဲ့ မှောင်နေရင် ပိုကောင်းပါတယ်။ ဘေးနားက အသံမဆူအောင်  တံခါးပိတ်အိပ်ပါ။ ဒါမှမဟုတ် နားကျပ်စို့ထားပါ။ ဖုန်းကို အသံပိတ်ထားပါ။ အိမ်သားတွေကိုလည်း ကိုယ်အိပ်နေကြောင်း ပြောထားပါ။ ဒါမှ မနိုးဘဲ ဆက်တိုက် အိပ်နိုင်မှာပါ။

    • အိပ်ချိန်ပြည့်ပါစေ။ ဒါပေမဲ့ ကြာကြာမအိပ်ပါနဲ့။

    အိမ်ပြန်ရောက်လို့ အိပ်မယ်ဆိုရင် ညဘက်မှာ အိပ်သလို ၇-၉နာရီလောက် ပြည့်အောင်  အိပ်ပေးပါ။ ဒီထက်တော့ ပိုမအိပ်ပါနဲ့။ တကယ်လို့ ညဘက်မှာ ညဆိုင်း မရှိတဲ့သူဆိုရင် ညကျ ထပ်အိပ်ရဦးမယ်လေ။

    • မနက်စာစားပြီးမှ အိပ်ပါ။

    မနက်စာကို ဗိုက်ပြည့်ရုံလောက် စားပြီးမှ အိပ်ပါ။ ဗိုက်မဆာရင် အိပ်မပျော်ဘဲ နေပါလိမ့်မယ်။ မနက်စာစားရင်း ကော်ဖီ မသောက်ပါနဲ့။ အိပ်ဖို့ ခက်သွားပါလိမ့်မယ်။

    • ဆေးဝါးတွေ မှီဝဲမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    မယ်လတိုနင် အပါအဝင်  အိပ်ဆေးတွေ သောက်မယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ မယ်လတိုနင်ဆိုရင်  ဖြည့်စွက်ဆေးဖြစ်ပေမဲ့ ကိုယ့်ရဲ့ အိပ်စက်ခြင်းစက်ဝန်းကို အပြောင်းအလဲဖြစ်စေလို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်တာ အကောင်းဆုံးပါ။

    ညဆိုင်းဆင်းတာ များလာတဲ့သူတွေမှာ Shift Work Sleep Disorder ဆိုတာ ဖြစ်တတ်ပါတယ်။ လက္ခဏာအနေနဲ့ ညဆိုင်းဆင်းရင် အိပ်ငိုက်လွန်းပြီး မနက်ကျရင် အိပ်ပျော်ဖို့ ခက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေအပြင် ခေါင်းကိုက်တာ၊ နုံးတာ၊ အာရုံစူးစိုက်ရခက်တာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

    Shift Work Sleep Disorder ဆိုတာ

    ညဆိုင်းဆင်းတဲ့အချိန် အလုပ်ခွင်မှာ အိပ်မငိုက်စေဖို့

    ညဆိုင်းဆင်းနေကျ မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် နေ့ဘက်မှာ အိပ်ရေးဝအောင်  အိပ်မထားဘူးဆိုရင် အလုပ်ခွင်ထဲမှာ အိပ်ငိုက်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် အာရုံမစိုက်နိုင်တာ၊ အလုပ်လုပ်ရင်း မတော်တဆ ထိခိုက်မိတာတွေ ဖြစ်လာနိုင်ပါတယ်။

    ညဆိုင်းဆင်းတဲ့အခါ လန်းနေဖို့ဆိုရင်

    • ညဂျူတီမဝင်ခင် ၁နာရီခွဲလောက် အိပ်ထားပါ။

    ဒါဆိုရင် ညကျ အလုပ်လုပ်တဲ့အခါ လန်းနေပါလိမ့်မယ်။ ညကျအလုပ်လုပ်လို့ ထပ်ငိုက်လာရင်  ၁၅မိနစ်၊ မိနစ်၂၀လောက် ထပ်မှေးလိုက်ပါ။

    • ညစာစားပါ။

    ညစာစားရမဲ့ အချိန်မှာ ညစာစားထားပါ။ ညဆိုင်းဆင်းတဲ့သူတွေက ညဘက်မှာ ဗိုက်ပိုဆာတတ်သလို စားလိုက်ရင်လည်း အာဟာရမဖြစ်တာတွေကိုပဲ စားမိကြပါတယ်။ ဒါကြောင့် အစတည်းက အာဟာရဖြစ်တာတွေနဲ့ ဗိုက်ဖြည့်ထားပါ။

    • မီးဖွင့်ထားပါ။

    မီးအလင်းရောင်ရနေရင် ခန္ဓာကိုယ်က မယ်လတိုနင်ထွက်တာနည်းသွားလို့ အိပ်ချိန်စိတ်ပါ နည်းသွားပါတယ်။

    • ကဖင်းတွေကို သင့်တင့်ရုံပဲသောက်ပါ။

    ညဆိုင်းဆင်းပြီဆိုရင်  ကော်ဖီတွေ၊ လက်ဖက်ရည်တွေ သောက်တာ၊ လက်ဖက်သုပ်စားတာ၊ အားဖြည့်အချိုရည်တွေသောက်တာ လုပ်တတ်ကြတယ်ဟုတ်။ ဒါတွေက ကဖင်းပါတော့ လန်းတော့ လန်းစေမှာပါ။ ဒါပေမဲ့ ဂျူတီပြီးခါနီး ၄နာရီအလိုလောက်ဆိုရင် မသောက်ပါနဲ့တော့။ မနက်အိမ်ပြန်တဲ့အခါ အိပ်မပျော်ဘဲ နေပါလိမ့်မယ်။

    • လှုပ်လှုပ်ရှားရှားနေပါ။

    ကိုယ့်အလုပ်ရဲ့ အနေအထားအရ ဟိုသွား ဒီသွား သွားလို့ ရမရမသိပေမဲ့ ရမယ်ဆိုရင် မကြာခဏ လမ်းထလျှောက်ပေးပါ။ အိပ်ချင်စိတ်ပြေပါလိမ့်မယ်။

    ညဆိုင်းက ခဏခဏ မဆင်းရရင်တော့ အကောင်းဆုံးပေါ့။ တတ်နိုင်သလောက်တော့ အလုပ်ချိန်ကိုညှိကြည့်ပါ။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ အိပ်ချိန်ကို ဂရုစိုက်ကြဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement