backup og meta

အိပ်မက်တွေကို မမှတ်မိတာ ဘာကြောင့်လဲ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


26/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်မက်တွေကို မမှတ်မိတာ ဘာကြောင့်လဲ

    ညအိပ်ပြီဆို လူတော်တော်များများ အိပ်မက်မက်ကြပါတယ်။ အိပ်မက်တွေက သိပ္ပံပညာအရလည်း ဆန်းကျယ်သလို အရပ်ထဲမှာလည်း သူ့နည်းနဲ့သူ အဓိပ္ပာယ် ကောက်ယူချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီလို အဓိပ္ပာယ်ကောက်ဖို့အတွက်ဆို အိပ်မက်တွေကို မှတ်မိနေမှ ဖြစ်မှာမလား။ ညတိုင်းအိပ်မက်မက်ကြပေမယ့် မနက်ရောက်လာရင် တော်တော်များများက မမှတ်မိတော့ပါဘူး။ အိပ်မက်တွေကို မမှတ်မိတာ ဘာကြောင့်များပါလိမ့်။

    ဘာကြောင့် အိပ်မက်မက်ကြတာလဲ

    အိပ်မက် ဘာကြောင့်မက်ရတယ်ဆိုတာကို သိပ္ပံနည်းအရ ရေရေရာရာ ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။ ယူဆချက်တွေ အမျိုးမျိုးရှိပေမယ့် လုံလောက်တဲ့ သက်သေပြချက်တွေတော့ မရှိသေးပါဘူး။

    အများစု ယူဆထားကြတာကတော့ နေ့ဘက်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ညဘက်မှာ ဦးနှောက်က မှတ်ဉာဏ်အဖြစ် သိမ်းဆည်းရင်း ခွဲခြမ်းစိတ်ဖြာနေတာကြောင့်လို့ ယူဆထားကြပါတယ်။

    လူတွေအိပ်တဲ့အခါ cycle ၂ခုနဲ့ အိပ်ပါတယ်။ REMရယ် Non-REMရယ်ပါ။ အိပ်မက်အများစုကတော့ REM အဆင့်မှာ မက်ကြပါတယ်။ Non-REMမှာလည်း မက်တတ်ပေမယ့် အတွေးသာသာ မရေမရာ အိပ်မက်တွေပဲ မက်ပါတယ်။

    စအိပ်ပျော်ပြီး မိနစ် ၉၀လောက်ဆို REMအဆင့်ကို ရောက်လာပြီး မိနစ်အနည်းငယ်ကြာပါတယ်။ ပြီးရင် Non-REM အဆင့်ကို ပြန်ရောက်ပါတယ်။ ဒီလိုနဲ့ တစ်ဆင့်ဆီ လည်ပတ်နေပါတယ်။ အိပ်မက်တွေကတော့ စအိပ်ပျော်ပျော်ချင်း REMအဆင့်နဲ့ နိုးခါနီး ၁နာရီအတွင်းမှာ အဖြစ်အများဆုံးပါ။

    အိပ်မက်တွေကို မမှတ်မိတာ ဘာကြောင့်လဲ

    လူတော်တော်များများက အိပ်မက်တွေကို မမှတ်မိတတ်ကြပါဘူး။ နိုးနိုးချင်းမှာ မှတ်မိကောင်း မှတ်မိနိုင်ပေမယ့် ကြာလာရင် မေ့သွားကြတာပါပဲ။ မှတ်မိတယ်ဆိုရင်တောင်  တစ်စွန်းတစ်စလောက်ပဲ မှတ်မိတတ်ကြပါတယ်။ အစအဆုံး မှတ်မိသူက ခပ်ရှားရှားပါ။ တစ်ညကို အိပ်မက်က ၄ခုကနေ ၆ခုလောက်အထိ မက်တတ်တော့ ဒါတွေအကုန်လုံးကို မှတ်မိကြမှာလည်း မဟုတ်ပါဘူး။

    အိပ်မက်တွေ ဘာလို့ မမှတ်မိတာလဲဆိုတာနဲ့ ပတ်သက်လို့ ဘာကြောင့် အိပ်မက်တွေ မက်တာလဲဆိုတဲ့ မေးခွန်းလိုပဲ အကြောင်းရင်း ရေရေရာရာ မရှိပါဘူး။

    လေ့လာချက်တွေအရ ဦးနှောက်တွင်းက ဓာတုပစ္စည်းတွေ အပြောင်းအလဲဖြစ်လို့ မမှတ်မိတော့တာ ဖြစ်နိုင်သလို ဦးနှောက်တွင်းက နေရာလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဖွဲ့စည်းပုံ အနည်းငယ်ကွဲပြားလို့လည်း ဖြစ်နိုင်ပါတယ်။

    နောက်ထပ် ယူဆချက်တစ်ခုကတော့ အိပ်မက်တွေကို အသေးစိတ် မှတ်မိနေရင် လက်တွေ့ဘဝနဲ့ ကင်းကွာသွားမှာစိုးလို့ ဦးနှောက်က အလိုအလျောက် မေ့ပစ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်တဲ့။

    အိပ်မက်တွေကို မမှတ်မိတာ ပုံမှန်ပဲလား

    သဘာဝအရကို နိုးလာတာနဲ့ အိပ်မက်တွေက ဦးနှောက်ထဲကနေ တဖြည်းဖြည်း မှေးမှိန်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်မက်မက်ရာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက နိုးလာတာနဲ့ ပျောက်သွားလို့ပါ။ ဒါကြောင့် အိပ်မက်တွေကို သတိမရတာ ပုံမှန်ပါပဲ။

    ဒါပေမဲ့ တစ်ခါတလေမှာတော့ အိပ်မက်တွေကို မမှတ်မိတာက တချို့သော ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။ ဥပမာ

    အိပ်မက်အများစုက REM အဆင့်မှာ ဖြစ်တာဆိုတော့ အိပ်မက်မမက်ဘူး ဒါမှမဟုတ် လုံးဝသတိမရဘူးဆိုရင် REM အဆင့် မရှိလိုက်တာ ဖြစ်နိုင်ပါတယ်။ REMဆိုတာ လူတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ဖြစ်တာကြောင့် ဒါမရှိရင် အိပ်ရေးမဝဘူးလို့ အကြမ်းအားဖြင့် ပြောလို့ ရပါတယ်။

  • စိတ်ဖိစီးမှုများတာ
  • စိတ်အတက်အကျ ဖြစ်လွန်းတာ
  • စိုးရိမ်ပူပန်စိတ်တွေ များလွန်းတာ
  • စိတ်ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
  • ပြောရမယ်ဆိုရင် ဒီလို စိတ်ကျန်းမာရေးပြဿနာအများစုက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် သူနဲ့ တစ်ဆက်တည်း အိပ်မက် မမက်တာ၊ မမှတ်မိတာတွေ ဖြစ်တတ်ပါတယ်။

    အိပ်မက်တွေကို မမှတ်မိတာ ပြဿနာလား

    ဒါ ပြဿနာ မဟုတ်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း အိပ်မက်ကို မမှတ်မိတာ ဖြစ်တတ်ပါတယ်။ အိပ်မက်ကို မမှတ်မိသည်ဖြစ်စေ၊ မှတ်မိသည်ဖြစ်စေ အရေးကြီးတာက အိပ်ရေးဝဖို့၊ အိပ်ပျော်ဖို့ပါပဲ။ အိပ်ရေးဝတယ်၊ အိပ်ပျော်တယ်ဆိုရင် အိပ်မက်တွေကို မှတ်မိမိ မမှတ်မိမိ အရေးမကြီးပါ။

    အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေက အိပ်မက်တွေ မမှတ်မိတာနဲ့ ဆက်စပ်တဲ့ ကျန်းမာရေး အခြေအနေတွေကို ပြောပြထားတာ ဖြစ်ပြီး ဖြစ်ကို ဖြစ်မယ်လို့ ပြောတာ မဟုတ်ပါဘူး။

    အိပ်မက်တွေကို မှတ်မိအောင် လုပ်လို့ ရသလား

    အိပ်မက်ဆိုတာက ကိုယ်အစိုးရတဲ့ ကိစ္စမဟုတ်တော့ ဘာမက်ပါလို့ ပြောလို့မရသလို့ မမေ့ပါနဲ့လို့လည်း တားလို့ မရပါဘူး။ ဒါပေမဲ့ အသုံးဝင်နိုင်တဲ့ နည်းလမ်းတချို့တော့ ရှိပါတယ်။ ဒါတွေကတော့

    • အိပ်ရာနားမှာ စာအုပ်ထားထားပါ။ အိပ်ရာနိုးနိုးချင်းဆို အိပ်မက်တွေကို မှတ်မိနေနိုင်သေးပါတယ်။ မှတ်မိသလောက် ချရေးထားပါ။
    • အိပ်ရေးဝအောင် အိပ်ပါ။
    • အိပ်ခါနီးရင် ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်တွေ မစားပါနဲ့။
    • သက်သောင့်သက်သာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်အောင် ပြင်ဆင်ပါ။
    • ညအိပ်ခါနီးရင် ‘ဒီည အိပ်မက်မက်မယ်၊ အိပ်မက်တွေကို မှတ်ထားမယ်’ဆိုပြီး ကိုယ့်ကိုယ်ကို အသံထွက် ပြောကြည့်ပါ။ ဒါက ဦးနှောက်ကို နှိုးဆွပြီး အသိပေးလိုက်တာ ဖြစ်ပါတယ်။

    ဒီနည်းတွေက တကယ်မှတ်မိအောင် ကူညီနိုင်မလား အတိအကျ မပြောနိုင်ပေမယ့် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အိပ်မက်တွေဆိုတာ ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေ မဟုတ်ဘူးမလား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    26/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement