backup og meta

ညအိပ်ရင်း ခံတွင်းခြောက်တာက ဘာကြောင့်လဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညအိပ်ရင်း ခံတွင်းခြောက်တာက ဘာကြောင့်လဲ!

    မနက်ခင်းမှာ ခံတွင်းခြောက်ကပ်ပြီး လည်ချောင်းတွေ အာခေါင်တွေ ခြောက်လို့ အနေရခက်ပြီး နှိုးထလာနေရပါသလား! ဒီလို ခံတွင်းခြောက်တာက မနက်နှိုးချိန်မှာမှ မဟုတ်ဘဲ ညလယ်ပိုင်း အိပ်ကောင်းချိန်မှာလည်း ခံတွင်းခြောက်လို့ နေရခက်ပြီး နှိုးထလာနေရပြီး ရေအေးအေးလေး တစ်ခွက်လောက် သောက်လိုက်ရမှ ခံတွင်းခြောက်တာ သက်သာလို့ ပြန်အိပ်ပျော်သွားတာမျိုး ဖြစ်နေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ 

    ခံတွင်းခြောက်တာက ညဘက်အိပ်စက်မှုကို အတော်လေး အနှောင့်အယှက် ဖြစ်စေတာပါ။ ဒီလိုမျိုး ညဘက်အိပ်ချိန်မှာ ခံတွင်းခြောက်ရတာ ဘာကြောင့် ဖြစ်မလဲ! ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ခံတွင်းခြောက်တယ်ဆိုတာ ဘယ်လိုလဲ!

    ခံတွင်းခြောက်တယ်ဆိုတာက ခံတွင်းထဲမှာ ရှိတဲ့ တံထွေးဂလင်းတွေက ကျန်းမာရေး အားနည်းနေတဲ့ လက္ခဏာပါ။ လုံလောက်တဲ့ တံထွေးတွေကို မထုတ်ပေးနိုင်တာကြောင့် ခံတွင်းထဲမှာ ခြောက်ပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တဲ့ အခြေအနေကို ဖန်တီးလိုက်သလို ဖြစ်သွားမှာပါ။ 

    နောက်တစ်ချက်က ခံတွင်းခြောက်တယ်ဆိုတာ ကိုယ်တွင်းရေဓာတ် ဆုံးရှုံးနေတာကို  ဖော်ပြပေးနေတာမျိုး ဖြစ်သလို ကိုယ်တွင်းမှာ autoimmune ရောဂါအခြေအနေ တစ်ခုခု ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ 

    လက္ခဏာတွေက ဘာတွေများလဲ!

    ခံတွင်းခြောက်တာက တစ်ယောက်နဲ့ တစ်ယောက်မှာ လက္ခဏာတွေ မတူနိုင်ပါဘူး။  အတွေ့ရများတဲ့ လက္ခဏာတွေ အနေနဲ့ကတော့ – 

  • ခံတွင်းထဲမှာ ခြောက်ကပ်နေတာ
  • တံထွေးတွေက မထွက်သလောက် နည်းနေတာ
  • လည်ချောင်း ခြောက်တာ
  • လည်ချောင်း နာတာ
  • နှုတ်ခမ်းတွေ ခြောက်တာ၊ ကွဲတာ
  • အသက်ရှူရခက်ပြီး လည်ချောင်းထဲက နာလို့ အိပ်ရာက လန့်နိုးတာ
  • မနက်အိပ်ရာထချိန်မှာ ခံတွင်းနဲ့ ပြင်းတာ
  • ညဘက်ကို ခဏခဏ ထပြီး ရေသောက်ရတာ
  • ပါးစပ်ထဲ အရသာဆိုးတာ
  • အသံဝင်သွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။ 
  • ညအိပ်ရင်း ခံတွင်းခြောက်တာက ဘာကြောင့်လဲ! 

    ညအိပ်ရင်း ခံတွင်းခြောက်တာက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ 

    • အသက်အရွယ် ရလာလို့ – အသက်အရွယ် ကြီးရင့်လာချိန်မှာ ရေသောက်နည်းလာတာလိုမျိုး အခြေအနေတွေနဲ့ ရောဂါအခံတစ်ခုခုကြောင့် လူငယ်တွေထက် ခံတွင်းခြောက်တာကို ခံစားရနိုင်ခြေ ပိုများနေပါတယ်။ 
    • ဆီးချိုသွေးချို ရောဂါ ရှိနေလို့ဆီးချိုရောဂါ ခံစားနေရမယ်ဆိုရင် ခံတွင်းခြောက်တာ၊ ရေခဏခဏ ငတ်တာတွေကို ခံစားရနိုင်ပါတယ်။ 
    • Chemotherapy ကုထုံး ခံယူနေရလို့ –  Chemotherapy  ခံယူနေရသူတွေမှာလည်း ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ 
    • ကဖင်း အသောက်အစား များလို့ – ကဖင်းပါတဲ့ စားစရာ ဒါမှမဟုတ် ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖင်းပါနေတဲ့ သောက်စရာ စားစရာတွေကို စားသုံးမှု များတာကလည်း ညဘက် အိပ်နေချိန်မှာ ခံတွင်းခြောက်လို့ အိပ်ရေးပျက်တာကို ခံစားရနိုင်ပါတယ်။ 
    • ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးလို့ – ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးသူတွေမှာလည်း ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ညဘက်အိပ်ချိန်မှာ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ 
    • ဦးခေါင်းနဲ့ လည်ပင်းပိုင်းမှာ ခွဲစိတ်မှု ခံယူထားလို့ – ဦးခေါင်းနဲ့ လည်ပင်းပိုင်းမှာ ခွဲစိတ်ကုသမှု ခံယူထားရသူတွေမှာလည်း ကုသမှုရဲ့ အကျိုးဆက်အနေနဲ့ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ 
    • လေဖြတ်ထားလို့ – လေဖြတ်ထားသူတွေမှာလည်း ကျန်းမာရေးအခြေအနေကြောင့် ညဘက် အိပ်ချိန်မှာ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ 
    • မှက္ခရု ရှိနေလို့ – ပါးစပ်ထဲမှာ မှက္ခရု ပေါက်နေတာကလည်း ညဘက်အိပ်ချိန်မှာ ခံတွင်းခြောက်တာကို  ခံစားရနိုင်ပါတယ်။
    • အာရုံကြော ထိခိုက်တာမျိုး ရှိနေလို့ – အာရုံကြောကို ထိခိုက်မိထားသူတွေမှာလည်း ကျန်းမာရေး အကျိုးဆက်တွေအနေနဲ့ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ 

     တစ်ခါတလေမှာတော့ နေ့စဉ် စားသောက်မှုမှာ အစပ်ကဲတာတွေကို စားမိထားတာ၊ အပူအစပ်များတဲ့ မာလာရှမ်းကော၊ ချဉ်ချဉ်စပ်စပ် အထောင်းတွေကို စားမိတာကြောင့်လည်း ညဘက်အိပ်ချိန်မှာ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ 

    အရက်သောက်တာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်မိထားချိန်တွေမှာလည်း ညဘက်တွေမှာ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ 

    ဒါတွေအပြင် သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ညဘက် အိပ်ချိန်မှာ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ 

    • သွေးကျဆေး သောက်နေရတာ
    • ဓာတ်မတည့်တာကို သက်သာစေတဲ့ သောက်ဆေးတွေ
    • နှာစေးပျောက်ဆေး
    • အကိုက်အခဲပျောက်ဆေး
    • ဆီးဆေး
    • ကြွက်သားပြေလျော့စေတဲ့ဆေးတွေ
    • စိတ်ကျရောဂါကို သက်သာစေတဲ့ဆေးတွေ သောက်သုံးရမယ်ဆိုရင်လည်း ညဘက်အိပ်ချိန်မှာ ခံတွင်းခြောက်တာကို ခံစားရနိုင်ပါတယ်။ 

    ဘယ်လို သက်သာအောင် လုပ်မလဲ!

    ညဘက်အိပ်ချိန်တွေမှာ ခံတွင်းခြောက်တာကို သက်သာစေဖို့ဆိုရင် – 

    • အိပ်ခန်းထဲက လေထုကို အစိုဓာတ် ရှိနေစေဖို့ အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားပါ
    • ရေများများ သောက်ပါ (ပြောချင်တာက တစ်နေ့တာလုံး ရေလုံလောက်အောင် သောက်ပါ)
    • ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး သုံးပါ
    • ခံတွင်းခြောက်တာကို သက်သာစေတဲ့ စပရေးသုံးပါ
    • အစပ်ကဲတာ၊ အချိုများတာ၊ အချဉ်ကဲတာတွေကို အိပ်ရာမဝင်ခင် စားတာမျိုးကို ရှောင်ပါ
    • ကဖင်းကို အတိုင်းအတာနဲ့ စားသောက်ပါ
    • ဆေးလိပ်လျှော့ပါ
    • ပီကေဝါးပါ။ 

    ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးရင်း ညဘက်အိပ်ချိန်မှာ ခံတွင်းခြောက်တာကြောင့် အနှောင့်အယှက် မဖြစ်ဘဲ အိပ်ပျော်အောင် အိပ်လိုက်ပါလို့ အကြံပြုလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement