backup og meta

အစိုဓာတ်ထိန်းစက် ကပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစိုဓာတ်ထိန်းစက် ကပေးတဲ့ ကျန်းမာရေး

    ရေနွေးငွေ့လေးတွေ ထွက်နေတဲ့ အစိုဓာတ်ထိန်းစက်က အသားအရေကို ထိန်းသိမ်းပေးရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အများကြီး အထောက်အကူပေးပါတယ်။ အခုနောက်ပိုင်းကျန်းမာရေးအတွက် အသုံးပြုသင့်တဲ့ အိမ်တွင်းကုထုံးနည်းတွေထဲမှာ အစိုဓာတ်ထိန်းစက်ကလည်း တစ်ခုအပါအဝင်လိုတောင် ဖြစ်လာပါပြီ။ ဒီတော့အသုံးများလာတဲ့ အစိုဓာတ်ထိန်းစက်လေးက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေများ ပေးလို့လဲလို့ မေးစရာရှိမယ်ထင်ပါတယ်။ ဒီမေးခွန်းလေးအတွက် အဖြေကတော့……………

    အစိုဓာတ်ထိန်းစက် ဆိုတာဘာလဲ……..

    အစိုဓာတ်ထိန်းစက်ဆိုတာက ရေနွေးငွေ့ပေးတဲ့ စက်ကလေးပါ။ စက်ထဲကို ရေနဲ့ အမွှေးဆီတစ်ခုခုထည့်ထားပြီး ပလပ်ထိုးလိုက်ရုံနဲ့ ရေနွေးငွေ့လေးတွေထွက်လာစေပြီး ပတ်ဝန်းကျင်ကို အစိုဓာတ်ရရှိအောင် လုပ်ပေးတဲ့စက်တစ်မျိုးပေါ့။ ခြောက်သွေ့မှုတွေကို သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းစက်ကို အသားအရေခြောက်သွေ့တာ၊ နှာခေါင်းခြောက်တာ၊ လည်ချောင်းခြောက်တာ နဲ့ နှုတ်ခမ်းခြောက်တာတွေအတွက် အသုံးပြုလို့ရသလို ဖျားနာတာ နဲ့ တုပ်ကွေးဖြစ်တာတွေအတွက်လည်းအသုံးပြုပေးလို့ရပါတယ်။

    အစိုဓာတ်ထိန်းစက်ကလေးရဲ့ ကျန်းမာရေးအာနိသင်တွေက ဘာတွေများလဲ………….

    အစိုဓာတ်ထိန်းစက်လေးက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးကျေးဇူးများပါတယ်။ အစိုဓာတ်ထိန်းစက်လေးက ပေးတဲ့ ကျန်းမာရေး အာနိသင်တွေကတော့

    တုပ်ကွေး ကာကွယ်ပေးတယ်

    အစိုဓာတ်ရှိနေတာက အအေးမိတုပ်ကွေး မဖြစ်စေဖို့ကာကွယ်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် အအေးမိတုပ်ကွေးရာသီမှာ ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ချင်တယ်ဆိုရင် နေအိမ်မှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားပေးဖို့လိုပါမယ်။ အစိုဓာတ်ထိန်းစက်ဖွင့်ထားတာက အအေးမိတုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေကို ၄၀ ရာခိုင်နှုန်းနဲ့အထက်လျှော့ချပေးနိုင်ပြီး ကူးစက်ခံရနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်မှာပါ။

    ချောင်းဆိုး သက်သာစေနိုင်တယ်

    ခြောက်သွေ့တဲ့လေထုက ချောင်းဆိုးနိုင်ခြေကို များစေပါတယ်။ လေထုထဲမှာ အစိုဓာတ်ရှိနေတာက လည်ချောင်းအပါအဝင် အသက်ရှူလမ်းကြောင်းတလျှောက်မှာ အစိုဓာတ်ရစေနိုင်ပြီး ချောင်းဆိုးမှုခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ချောင်းဆိုးတာအပြင် အသက်ရှူလမ်းကြောင်းကိုပါ အစိုဓာတ်ထိန်းပေးတာကြောင့် အသက်ရှူလမ်းကြောင်းကနေတဆင့် ပိုးဝင်ကူးစက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။

    လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်

    လည်ချောင်းနာတာက ပတ်ဝန်းကျင်က လေထုခြောက်သွေ့တာကြောင့်ဖြစ်နိုင်သလို အသက်ရှူလမ်းကြောင်းကို ပိုးဝင်ကူးစက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတဲ့အခါ သက်သာစေဖို့အတွက် ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးတာ၊ အာဟာရပြည့်ဝအောင်စားသုံးတာ၊ အိပ်ရေးဝအောင်အိပ်တာ၊ ငုံဆေးငုံတာ၊ ဆားရည်နဲ့ ပလုတ်ကျင်းတာအပြင် အစိုဓာတ်ထိန်းစက်ဖွင့်ပြီး ပတ်ဝန်းကျင်က အစိုဓာတ်ကို ထိန်းထားတာမျိုးလုပ်လို့ရပါတယ်။

    ဟောက်တာကို သက်သာစေနိုင်တယ်

    အိပ်တဲ့အခါ ဟောက်ရတဲ့ အကြောင်းအရင်းတစ်ရပ်က ပတ်ဝန်းကျင်ကလေထုမှာ အစိုဓာတ်နည်းနေတာကြောင့်ပါ။ လေက ခြောက်သွေ့တဲ့အခါ အသက်ရှူလမ်းကြောင်းက ခြောက်သွေ့သွားပြီး အိပ်ရင်းဟောက်တာကို ဖြစ်လာစေပါတော့တယ်။ ဒီတော့ ဟောက်တာကိုသက်သာစေဖို့ဆိုရင် အကောင်းဆုံးက လေထုမှာ အစိုဓာတ်ရှိနေစေဖို့  အစိုဓာတ်ထိန်းစက်ဖွင့်တာပါ။

    အသားအရေ ကျန်းမာစေတယ်

    ဆောင်းတွင်းလိုမျိုး အေးမြခြောက်သွေ့တဲ့ ပတ်ဝန်းကျင်အနေအထားက အသားအရေကို ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ပတ်ဝန်းကျင်လေထုမှာ အစိုဓာတ်နည်းပြီး ခြောက်သွေ့တဲ့အခါ အသားပပ်တာ၊ အသားခြောက်တာ၊ အသားအရေက ထိခိုက်လွယ်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်နိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုက သေချာမထိန်းသိမ်းဘဲ ထားတဲ့အခါ အရေပြားပိုးဝင်ကူးစက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီတော့ ရာသီဥတုကြောင့် အသားအရေခြောက်သွေ့တာ ထိခိုက်တာကနေ ကင်းဝေးစေဖို့ဆိုရင် လုံလောက်တဲ့ အသားအရေထိန်းသိမ်းမှုလုပ်ဖို့လိုပါမယ်။ ဒီလုံလောက်တဲ့ အသားအရေထိန်းသိမ်းမှုဆိုတဲ့အထဲမှာ အစိုဓာတ်ထိန်းစက်ဖွင့်တာကလည်း တစ်ခု အပါအဝင်ပါ။

    ဦးရေပြား နဲ့ ဆံသားကို ကျန်းမာစေတယ်

    လေထုထဲမှာ အစိုဓာတ်နည်းတဲ့အခါ အရေပြားလိုပဲ ဆံသား နဲ့ ဦးရေပြားကလည်း ခြောက်သွေ့ပျက်စီးနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဗောက်ထတာအပါအဝင် ဆံသားခြောက်သွေ့တာ၊ ကျိုးပျက်တာလိုမျိုး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဆံသားပျက်စီးမှုကင်းချင်တယ်ဆိုရင်လည်း အစိုဓာတ်ထိန်းစက်လေးဖွင့်ထားတာက အဆင်ပြေပါတယ်။

    နှာခေါင်းပိတ်တာ

    နှာခေါင်းပိတ်တာက ကြီးမားတဲ့ ပြဿနာတစ်ခုမဟုတ်ပေမယ့် ခံရခက်တာကတော့ အမှန်ပါပဲ။ ညဘက်အိပ်တဲ့အခါ ကောင်းကောင်းအိပ်လို့မရသလို အသက်ရှူရတာလည်း အခက်အခဲရှိပါတယ်။ ဒီပြဿနာကို အဆင်ပြေစေဖို့ဆိုရင် အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးလို့ရပါတယ်။ ဒါက နှာခေါင်းပိတ်တာကို သက်သာစေမယ့် ချန်မထားသင့်တဲ့ အိမ်တွင်းကုထုံးတစ်ခုပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement