backup og meta

အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက်

    အသားအရေကြည်လင်ခြင်း က အလှတိုးစေသလို အလှပြင်ဖို့ စိတ်မဝင်စားတဲ့ လေဒီလေးတွေ အတွက်လည်း တော်တော်လေး အဆင်ပြေစေတဲ့အချက်တစ်ခုပါ။ ဒါပေမယ့် အလှမပြင်ချင်ဘူးဆိုရင်တောင် အသားအရေထိန်းသိမ်းဖို့တော့လိုပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေကြည်ကြည်လင်လင်လေးနဲ့ လှနေသူတွေရဲ့ နေ့စဉ်အလေ့အထတွေက ဘာတွေများလဲဆိုတာကို ပြောပြပေးမယ်နော်။

    အသားအရေကြည်လင်ခြင်း ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

    ကြည်လင်တဲ့ အသားအရေဆိုတာက အသားအရောင်ညီညာပြီး၊ အစက်အပြောက်တွေမရှိရပါဘူး။ အဆီပြန်တာမျိုးမရှိရပါဘူး။ ချွေးပေါက်ကျယ်နေတာမျိုးမရှိရပါဘူး။ ဝက်ခြံ နဲ့ အဆီဖုတွေလည်း မရှိရပါဘူး။ အရေပြားပြဿနာကင်းစင်နေတဲ့အသားအရေမျိုးပါ။

    အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက်

    အသားအရေကြည်လင်သူ တော်တော်များများမှာ အခုလို အလေ့အထလေးတွေပိုင်ဆိုင်ထားကြပါတယ်။ ကဲ …. အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက် တွေကတော့

    တစ်နေ့နှစ်ကြိမ် မျက်နှာသစ်တယ်

    အသားအရေကြည်လင်သူတွေက အလှပြင်ဖို့ စိတ်မဝင်စားဖူးဆိုရင်တောင် တစ်နေ့ကို နှစ်ကြိမ်ပုံမှန် မျက်နှာသစ်တတ်ကြပါတယ်။ မနက်နိုးတဲ့အချိန် တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်ပါ။ ဒါမှ အရေပြားပေါ်က ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ ကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။

    အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးရွေးသုံးတယ်

    မျက်နှာသစ်ဆေးတိုင်းက မျက်နှာအသားအရေကို သန့်စင်ပေးတယ်ဆိုပေမယ့် အသားအရေနဲ့ လိုက်ဖက်မှုမရှိရင် ထိရောက်မှုအားနည်းပါတယ်။ နောက်တစ်ချက်က အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေက အရေပြားကို ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ကြည်လင်ကျန်းမာချင်တယ်ဆိုရင် ဒီအချက်လေးကို သတိထားဖို့လိုပါမယ်။

    ရေလုံလောက်အောင် သောက်ကြတယ်

    ရေဓာတ်က အသားအရေတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ကျန်းမာစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ကြည်လင်လှပချင်တယ်ဆိုရင် မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုက ရေလုံလောက်အောင် သောက်ဖို့ပါ။ အသားအရေကြည်လင်သူလေးတွေက တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာ ကုန်အောင်သောက်တတ်ကြပါတယ်။

    အသီးအရွက် စားတယ်

    ဟင်းသီးဟင်းရွက်တွေ စားသုံးပေးတာက အသားအရေကို ကြည်လင်စေဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A၊ ဗီတာမင် C နဲ့ အခြားသော အကျိုးပြု အာဟာရတွေကြွယ်ဝစွာ ပါဝင်နေမှုက အသားအရေကို ကြည်လင်လှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက် တစ်ခုခုကို စားပါ။

    ဝမ်းမှန်တယ်

    ဝမ်းမှန်တာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ခန္ဓာကိုယ်မှာ ရောဂါကင်းစေသလို အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။ ဝက်ခြံကင်းစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတာတွေစားပြီး ဝမ်းမှန်အောင် ဂရုစိုက်ဖို့ မမေ့ပါနဲ့။

    ကိုယ်လက်လှုပ်ရှားမှု ရှိတယ်

    အသားအရေ ကြည်လင်သူလေးတွေက ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်တတ်ကြပါတယ်။ သူတို့လေးတွေက အများကြီး မဟုတ်ရင်တောင် တစ်ပတ်မှာ အနည်းဆုံး ၃ နာရီနဲ့ အထက် ကိုယ်လက်လှုပ်ရှားမှုလုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်ပေးတာက ချွေးနဲ့အတူ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ဒါကလည်း အသားအရေ ကြည်လင်စေတဲ့ အချက်တွေထဲက တစ်ခုပါ။

    အိပ်ရေးဝဝ အိပ်ကြတယ်

    အသားလေး ကြည်နေတယ်ဆို မေးကြည့်လိုက် သူတို့လေးတွေက မစားရရင်နေနိုင်တယ်၊ မအိပ်ရရင် မနေနိုင်ဘူးဆိုတဲ့ သူလေးတွေများတယ်။ အကြောင်းကတော့ အိပ်ရေးဝတာက အသားအရေကို အများကြီးအထောက်အကူပြုလို့ပါပဲ။ တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်ဝမှုက အရေပြားပြဿနာကင်းစေပြီး အသားအရေကို ကြည်လင်စေမှာပါ။

    အချိုများတာတွေ မစားပါဘူး

    သကြားအစားများတာက အရေပြားကို ထိခိုက်စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ကြည်လင်ချင်တယ်ဆိုရင် သကြားလျှော့စားပါ။ အချိုများတာတွေ၊ အချိုရည်တွေကို ရှောင်ပါ။

    ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားကြတယ်

    အသားအရေကိုကြည်လင်စေတဲ့အချက်တစ်ခုက ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားတာပါ။ တစ်ပတ်ကိုတစ်ကြိမ်လောက် ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးတာက အသားအရေကို ကြည်လင်စေမယ့် လျှို့ဝှက်ချက်တစ်ခုပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement