backup og meta

လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက်

    လည်ချောင်းနာတယ် ဆိုတာ ရာသီမရွေးဖြစ်ပွားတတ်ပြီး ခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့အချိန်မျိုးမှာဆို ပိုဆိုးတာပေါ့။ ဒီလိုအချိန်တွေမှာ ရောဂါပိုးမွှားတွေက ပိုမိုပွားများလာဖို့လည်း မြန်တဲ့အပြင် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ လေမှတစ်ဆင့် လျင်မြန်စွာ ကူးစက်ခံရဖို့ ပိုလွယ်ကူတတ်ပါတယ်။ ခုလို ရာသီအကူးအပြောင်းကာလမှာတော့ လူတွေအဖြစ်များဆုံး ပြဿနာထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ လည်ချောင်းနာတာက ပတ်ဝန်းကျင်ကိုတော့ အနှောင့်အယှက်မဖြစ်စေပေမဲ့ ဝေဒနာရှင်အတွက်တော့ အစားကောင်းကောင်း မစားရ၊ ရေလည်း မသောက်ရ၊ နောက်ဆုံး တံတွေးမြိုရင်တောင် နာရတယ်၊ တစ်ခါတစ်ခါလည်း ယားပြီး နေရခက်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်တယ်နော်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာ လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး တွေကို ဝေမျှပေးလိုက်ချင်ပါတယ်။

    လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက်

    လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက် ကတော့

    ၁။ ဆားရည်နဲ့ ပလုတ်ကျင်းပါ။

    ယားယံပြီး နေထိုင်ရခက်တဲ့ လည်ချောင်းအတွက် အကောင်းဆုံးဖြေဆေးကတော့ ဆားရည်နဲ့ ပလုတ်ကျင်းတာပါပဲ။ သဘာဝဆားမှာ ရောဂါပိုးတွေကို သေစေတဲ့ အာနိသင်အပြင် နီရဲရောင်ရမ်းတာ၊ ယားယံတာကိုလည်း သက်သာစေတယ်။ လည်ချောင်းထဲမှာ ရှိနေတဲ့ ချွဲတွေကို အပြင်ဘက်ရောက်အောင် ခတ်ထုတ်ပေးနိုင်လို့ ခံတွင်းရှင်းပြီး ဝေဒနာအမြန်သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

    ရေနည်းနည်းနဲ့ ဆားဇွန်းတစ်ဝက်လောက်ကို ရောပြီး ပါးစပ်တစ်ခုလုံးနဲ့ အာခေါင်ထိရောက်အောင် ပလုတ်ကျင်းပေးဖို့ လိုပါတယ်။ တစ်နေ့ကို ၂ကြိမ်မှ ၃ကြိမ်ထိ လုပ်ပေးရုံနဲ့ ရက်အနည်းငယ်အတွင်း သက်သာတဲ့ အကျိုးကို ရရှိမှာပါ။

    ၂။ ငုံဆေးသကြားလုံး ငုံထားပါ။

    Lozenge လို့ခေါ်တဲ့ ချောင်းဆိုးတဲ့အချိန်မှာ ခံတွင်းရှင်းစေဖို့ ငုံထားလို့ရတဲ့ ဆေးသကြားလုံးတွေကို လည်ချောင်းနာနေချိန်မှာလည်း ငုံထားပေးလို့ရပါတယ်။ သူက လည်ချောင်းထဲမှာရှိနေတဲ့ နီရဲရောင်ရမ်းနေတဲ့ တစ်ရှူးတွေကို အေးမြပြီး အရောင်ကျစေတယ်၊ ပူရှိန်းပါဝင်လို့ ယားယံတာ၊ နာကျင်တာကိုလည်း သက်သာစေနိုင်ပြီး ခံတွင်းရှင်းစေတယ်။

    ၃။ ပျားရည်နဲ့ သံပရာရည် ရောသောက်ပါ။

    ချောင်းဆိုးပြီဆိုရင် ဝေဒနာအမြန်သက်သာအောင်ဆိုပြီး သံပရာရည်ထဲကို ပျားရည် နည်းနည်းရောပြီး တိုက်တာ မြင်ဖူးကြမှာပါ။ ဒီအိမ်တွင်းကုထုံးက ချောင်းဆိုးတာအတွက်တင်မကဘဲ လည်ချောင်းနာတာအတွက်ပါ အသုံးဝင်ပါတယ်။

    လည်ချောင်းယားတာ၊ လည်ချောင်းနာတာကို သက်သာစေတယ်။ ရောဂါပိုးတွေကို သေစေပြီး လည်ချောင်းထဲမှာကပ်နေတဲ့ ချွဲတွေကို အပြင်ဘက်ရောက်လာအောင် လှုံ့ဆော်ပေးနိုင်တယ်။ နီရဲရောင်ရမ်းနေတဲ့ လည်ချောင်းကို အရောင်ကျစေပါတယ်။ သံပရာရည်အစား ရေနွေး နွေးနွေးလေးတစ်ခွက်ကို ပျားရည် ဇွန်းတစ်ဝက်ရောပြီး သောက်မယ်ဆိုလည်း အဆင်ပြေပါတယ်။

    ၄။ ရေဓာတ်ပြည့်ဝပါစေ။

    ခုလို လည်ချောင်းနာနေတဲ့အချိန်မှာ ကိုယ်ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝတဲ့အခါ တံတွေးထုတ်လုပ်နိုင်စွမ်း ပိုများလာလို့ လည်ချောင်းထဲမှာ ရှိတဲ့ချွဲတွေကိုလည်း အပြင်ဘက်ရောက်လာအောင် ကူညီပေးတယ်။ ရောင်ရမ်းနေတာ၊ ယားယံနေတာကိုလည်း သက်သာစေနိုင်ပါတယ်။

    ရိုးရိုးရေကိုပဲ အနည်းဆုံး ၃လီတာခန့် သောက်ဖို့လိုသလို ရေနွေးကြမ်း၊ ရေနွေး၊ စွပ်ပြုတ်နွေးနွေးလေး သောက်ပေးရင်လည်း ရပါတယ်။ အရမ်းကြီးပူနေတဲ့အချိန်မှာတော့ မသောက်ဘဲ နည်းနည်း နွေးသွားတဲ့အထိ မှုတ်ပြီးမှ သောက်ပေးပါ။

    ၅။ ရေနွေးနဲ့ ရေချိုးပေးပါ။

    ဒါကတော့ ခန္ဓာကိုယ်ပြင်ပကနေ အပူငွေ့ကို ရှူရှိုက်ပြီး လည်ချောင်းထဲမှာ ရှိတဲ့ ချွဲတွေကို ပျော်ကျလာစေတဲ့ နည်းလမ်းကောင်းပါ။ ရေကို အရမ်းပူနေတာမျိုး မဟုတ်ဘဲ ပူနွေးနွေးအနေအထားလောက်မှာ အနည်းဆုံး ၁၀ မိနစ်ခန့် ရေစိမ်ချိုးပေးတာဖြစ်စေ၊ ဒီအတိုင်း လောင်းပြီးတော့ ချိုးလို့လည်း ရပါတယ်။ အဓိကက ရောင်ရမ်းနေတဲ့ လည်ချောင်းကို အပူပေးပြီး အရောင်ကျစေတယ်။ ချွဲတွေကိုလည်း ပျော်ကျလာစေပြီး အပြင်ကို ခတ်ထုတ်ဖို့ လွယ်ကူစေတယ်။ ရေနွေးငွေ့ကို ရှူခြင်းဖြင့် နှာခေါင်းပိတ်နေတာကိုပါ ပွင့်သွားစေပြီး အသက်ရှူဝစေပါတယ်။

    လည်ချောင်းနာတယ်ဆိုတာ ကျား၊ မ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပြီး မစိုးရိမ်ရသည့်တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို ကောင်းကောင်းအနှောင့်အယှက်ပေးနိုင်တာကြောင့် ခုပြောပြခဲ့တဲ့ အိမ်တွင်းနည်းလမ်းတွေကို သေချာလိုက်နာဖို့တော့ လိုမယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement