home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

COVID ပိုးအသစ်နဲ့ နယူးရီးယားကြောင့် တတိယလှိုင်းဖြစ်လာနိုင်သလား

COVID ပိုးအသစ်နဲ့ နယူးရီးယားကြောင့် တတိယလှိုင်းဖြစ်လာနိုင်သလား

မြန်မာနိုင်ငံမှာ COVID-19 ပထမလှိုင်းစတင်ဖြစ်ပွားတာက ၂၀၂၀ မတ်လကုန် ဧပြီလဆန်းကာလမှာပါ။ ပြည်ပပြန် ခရီးသွားတချို့ဆီကနေ ပိုးရောက်ရှိလာတာဖြစ်ပါတယ်။ ဒုတိယလှိုင်းကတော့ စက်တင်ဘာလထဲမှာပေါ့။ ဒါကတော့ ပြည်တွင်း ခရီးသွားတွေကနေတဆင့် စတင်ခဲ့တာပေါ့။

ခုချိန်မှာ ဒုတိယလှိုင်းရဲ့ အရှိန်ဟာ အတန်အသင့်လျော့ကျနေပြီဖြစ်ပေမယ့် ဗြိတိန်နိုင်ငံမှာပေါ်ထွက်လာတဲ့ COVID-19 မျိုးစိတ်အသစ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ စိုးရိမ်မှုရေချိန် မြင့်တက်လာနေပါတယ်။ မျိုးဗီဇဆင့်ကဲပြောင်းလဲလာတဲ့ ပိုးမျိုးစိတ်သစ်ဟာ ကူးစက်နှုန်းပိုမိုမြန်ဆန်တာကြောင့် ဗြိတိန်နိုင်ငံမှာဆိုရင် ပိုးကူးစက်နှုန်းဟာ ၆၀% အထိ ထိုးတက်သွားခဲ့ပါတယ်။

ခုချိန်မှာဆိုရင် မျိုးစိတ်သစ်ကူးစက်ခံထားရသူတွေရှိတယ်လို့ ပြောဆိုထားတဲ့တိုင်းပြည်တွေ အမြောက်အများရှိလာခဲ့ပြီး အာရှဒေသတွင်းကတိုင်းပြည်တွေပါ ပါဝင်လာခဲ့ပါတယ်။

ချိန်ကိုက် နယူးရီးယား

ရောဂါပိုးမျိုးစိတ်သစ်ထွက်ပေါ်လာချိန်ဟာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရာ ဒီဇင်ဘာလဖြစ်နေခဲ့တာမို့ နိုင်ငံတကာမှာတော့ ထိန်းချုပ်ရခက်ခဲနေခဲ့ပါတယ်။ Lockdown ချတာတွေ Stay at Home အမိန့်တွေထုတ်ပြန်ထားပေမယ့်လည်း ခင်မင်ရင်းနှီးတဲ့မိတ်ဆွေအချင်းချင်းတွေ နေအိမ်တွေမှာ စုစည်းပြီး ပျော်ပွဲရွှင်ပွဲကျင်းပမှုတွေကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံအနေနဲ့ ခရစ္စမတ်နဲ့ Boxing Day ကာလတွေမှာ မထူးခြားခဲ့ပေမယ့် နယူးရီးယားနဲ့ လွတ်လပ်ရေးနေ့လိုမျိုး တစ်နိုင်ငံလုံးပါဝင်ဆင်နွဲကြမယ့် အခါကြီးရက်ကြီးနေ့မျိုး ၂ ရက်ရှေ့မှာ ရင်ဆိုင်ရဖို့ရှိနေတာမို့ အထူးသတိထားဖို့တော့ လိုအပ်နေပါတယ်။

ဒီကာလတွေမှာ စည်းကမ်းပိုင်းလိုက်နာမှုအားနည်းခဲ့မယ်၊ လူစုလူဝေးတွေဖြစ်ခဲ့မယ်ဆိုရင် ရောဂါကူးစက်မှုနှုန်းက သိသိသာသာပြန်မြင့်တက်လာနိုင်ပါတယ်။ ရောဂါပိုး ကူးစက်နှုန်းမြင့်တက်လာမှုတိုင်းမှာ လူစုလူဝေးဖြစ်စေတဲ့ အကြောင်းတရားတွေက အမြဲပါဝင်နေတတ်တယ်မဟုတ်လား။

ခိုးကြောင်ခိုးဝှက်ကဲနေတာလည်း လူစုလူဝေးပါပဲ

Stay at Home ကာလ တစ်လျှောက်လုံးမှာ နေအိမ်မှာနေထိုင်ဖို့ ပျက်ကွက်မှုတွေရှိခဲ့သလို နိုဝင်ဘာလအတွင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့် လူစုလူဝေးတွေဖြစ်ပေါ်ခဲ့ပြီး ရောဂါကူးစက်နှုန်းနဲ့ သေဆုံးနှုန်းတိုးခဲ့ဖူးတဲ့ ဥပမာတစ်ချို့ရှိခဲ့ပါတယ်။ ဒီအခြေအနေကို ခုမှ ထိန်းချုပ်နိုင်ကာစ အခြေအနေပါ။ ဒါကြောင့်မို့ လာမယ့် နယူးရီးယားနဲ့ လွတ်လပ်ရေးနေ့လို့ အချိန်မျိုးတွေမှာ နိုင်ငံတွင်း နေရာဒေသတိုင်းမှာ လူစုလူဝေးမဖြစ်ဖို့ အထူးလိုအပ်နေတာအမှန်ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရန်ကုန်မြို့က အများပြည်သူသွားလာနိုင်တဲ့ ပန်းခြံနဲ့ ကစားကွင်းတွေကို နှစ်သစ်ကူးကာလ လွန်ချိန်အထိ ပိတ်ပင်ထားသလို မန္တလေးမြို့မှာလည်း Stay at Home အမိန့်နဲ့ နေအိမ်ကနေအပြင်မထွက်ဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

ဒါပေမယ့်လည်း နယူးရီးယားကာလမှာ နေအိမ်တွေနဲ့ နီးစပ်ရာ မှောင်ခိုဖွင့်တဲ့ဆိုင်ကဏ္ဍားလေးတွေမှာ စုဝေးသောက်စားကြမယ့် လူအများအပြားရှိနေတာကိုတော့ သတိပြုဖို့ လိုအပ်ပါတယ်။

စည်းဘောင်တစ်ခုထဲမှာ အချိန်အတန်ကြာ နေထိုင်ခဲ့ရသလို အခမ်းအနားကြီးတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုလည်း ဆက်တိုက် လက်လွှတ်ခဲ့ရသူတွေဟာ တဖြည်းဖြည်းနဲ့ စည်းကမ်းပိုင်း လျော့ရဲလာတာကို တွေ့မြင်နေရပါတယ်။

ရန်ကုန်မြို့တွင်းမှာဆိုရင် စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တချို့ ပေါ်ပေါ်ထင်ထင် (သို့ မဟုတ်) ပုန်းလျှိူးကွယ်လျှိုး ပြန်ဖွင့်လာကြပြီဖြစ်သလို ဆိုင်ထိုင်စားသောက်မှုတွေ၊ ဆိုင်ထိုင် အရက်သေစာရောင်းချမှုတွေလည်း ပိုမိုများပြားလာနေပါတယ်။ လက်သိပ်ထိုးဖွင့်နေတဲ့ KTV တွေ ဘားတွေလည်း ရှိနေတယ်မဟုတ်လား။

လူစုလူဝေးဆိုတာက လူတွေအများကြီး လမ်းပေါ်တက်စုဝေးနေမှ လူစုလူဝေးမဟုတ်ပါဘူး။ တစိမ်းတရံစာတွေနဲ့ စားသောက်ဆိုင်တစ်ဆိုင်တည်းမှာ စားသောက်နေတာကလည်း လူစုလူဝေးပါပဲ။ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ စုဝေးပြီးသောက်စားတာမျိုး၊ စကားပြောဆိုတာမျိုးပြုလုပ်တာလည်း လူစုလူဝေးပါပဲ။ ဒီအချက်ကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

COVID တိုက်ပွဲ မပြီးသေးပါ

ခုချိန်မှာ ဗြိတိန်မှာစတင်ခဲ့တဲ့ ကူးစက်နှုန်းပိုမိုမြန်ဆန်တဲ့ COVID-19 ရောဂါပိုးအသစ်ဟာ အာရှတိုင်းပြည်တစ်ချို့ကို ပြန့်နှံ့ရောက်ရှိနေပြီဖြစ်သလို ပြည်တွင်းကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ရောက်ရှိလာသူတွေထဲမှာလည်း အဆိုပါတိုင်းပြည်တွေကနေ ပြန်လာသူတွေ အဆိုပါတိုင်းပြည်တွေမှာ ခရီးတစ်ထောက်နေထိုင်ခဲ့သူတွေပါရှိနေပါတယ်။

ပြည်တွင်းမှာ အဆိုပါရောဂါပိုးမျိုးစိတ်ရောက်ရှိနေခြင်းရှိမရှိကို တိကျစွာ မသိရှိနိုင်သေးပေမယ့် သတိတမံ ဉာဏ်မြေကတုတ် စည်းကမ်းတကျ နေထိုင်ကြတာက ဖြစ်လာမယ့် အန္တရာယ်တွေကို တားဆီးရာရောက်ပါတယ်။

မြန်မာနိုင်ငံကို COVID-19 ကာကွယ်ဆေးတွေရောက်ရှိလာဖို့ကလည်း အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးဖို့ရှိနေတာမို့ ခုချိန်မှာ တာဝန်ရှိသူတွေ သတ်မှတ်ချက်တွေကို လိုက်နာပြီး နေအိမ်မှာ စည်းကမ်းတကျနေထိုင်ကာ ရောဂါဆိုးကြီးကို နောက်ဆုံးအချိန်အထိ စွမ်းစွမ်းတမံတိုက်ထုတ်ကြဖို့ လိုအပ်ဦးမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 29/12/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။