home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သန္ဓေပြောင်း ကိုဗစ်ရောဂါပိုးအသစ်က ဘယ်လောက်စိုးရိမ်စရာကောင်းလဲ

သန္ဓေပြောင်း ကိုဗစ်ရောဂါပိုးအသစ်က ဘယ်လောက်စိုးရိမ်စရာကောင်းလဲ

သန္ဓေပြောင်းတယ် (mutation) ဖြစ်တယ်ဆိုရင် ဘာကိုအရင်ပြေးမြင်မိလဲ။ ရုပ်ရှင်တွေထဲမှာတော့ လူစွမ်းကောင်းတွေဖြစ်လာတယ်၊ ဒါမှမဟုတ်ရင်လည်း မကောင်းဆိုးဝါးအကြီးစားကြီးတွေဖြစ်လာတယ်။ ရောဂါတွေဆိုရင်တော့ အရမ်းဆိုးလာပြီး ထိန်းသိမ်းလို့မရ၊ ကမ္ဘာပျက်ကပ်ကြီးဆိုက်သလို ဖြစ်လာတာကို ကြည့်ရလိမ့်မယ်။ ဒီတော့ အခု ကိုဗစ်ဗိုင်းရပ်စ်က သန္ဓေပြောင်းတယ်ဆိုတာမှာလည်း အရမ်းကြောက်စရာကောင်းတယ်လို့ တွေးနေကြလိမ့်မယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ သန္ဓေပြောင်းတယ်ဆိုတဲ့အဓိပ္ပါယ်က ရုပ်ရှင်တွေထဲကနဲ့ မတူပါဘူး။

လူအပါအဝင် သက်ရှိတိုင်းမှာ မျိုးဗီဇဆိုတာရှိပါတယ်။ သစ်ပင်တွေမှာလည်းရှိတယ်။ ဘက်တီးရီးယားတို့ ဗိုင်းရပ်စ်တို့မှာလည်း ရှိတယ် (ရှုပ်ကုန်မှာစိုးလို့ DNA တွေ RNA တွေတော့ ခွဲမပြောတော့ဘူး)။ ဒီမျိုးဗီဇတွေက မျိုးပွားတဲ့အခါ ပုံစံတူကူးယူပြီး နောက်မျိုးဆက်တစ်ခုစီ လက်ဆင့်ကမ်းရတယ်။ ဒီလိုကူးယူတဲ့အခါမှာ ချို့ယွင်းမှုဖြစ်ပြီး လွဲချော်သွားတာကို သန္ဓေပြောင်းတယ်လို့ခေါ်တယ်။

………………

သူ့ဘာသာ ဖြစ်တာမျိုးရှိသလို လူတွေက ဖန်တီးယူတာလည်းရှိတယ်။ ဥပမာ စိုက်ပျိုးရေးဘက်မှာ အစေ့မပါအောင်၊ ပိုကြီးအောင်၊ နေဒဏ်လေဒဏ်ပိုခံနိုင်အောင် အပင်တွေကို မျိုးဗီဇပြောင်းလဲပြီး ဖန်တီးယူကြတယ်။ အခုစားနေကြတဲ့ အစေ့မပါတဲ့ စပျစ်သီးတွေလိုမျိုးပေါ့။ တိရစ္ဆာန်တွေမှာလည်း မျိုးဗီဇပြောင်းတာမျိုးရှိတယ်။

အစတုန်းက ဝက်ဝံညိုတွေချည်းပဲရှိတာကနေ မျိုးဗီဇပြောင်းပြီး ပိုလာဝက်ဝံအဖြူတွေ ဖြစ်လာတာမျိုးပါ။ လူတွေမှာတောင် မျိုးဗီဇပြောင်းတဲ့ကိစ္စတွေရှိတယ်။ ဒေါင်းရောဂါစု (Down Syndrome)တို့ သွေးပုံစံပျက်ယွင်းတဲ့သွေးအားနည်းရောဂါ (Sickle-cell anaemia) တို့ဆိုတာက မျိုးဗီဇပြောင်းလဲတာကြောင့်ဖြစ်တာပါ။

ဒါတွေကိုကြည့်ရင် မျိုးဗီဇပြောင်းလဲတယ်ဆိုတာက ဆိုးတာရော ကောင်းတာရောရှိတယ်ဆိုပေမယ့် အလွန်အကျူးဆိုးရွားတာ ကောင်းမွန်တာတွေတော့ မရှိတာတွေ့ရလိမ့်မယ်။ ရုပ်ရှင်တွေထဲကလို စူပါဗိုင်းရပ်စ်တွေ၊ မဟာလူသားတွေ၊ ရေဘဝဲလူသားတွေတော့မရှိတာသေချာတယ်။

အများအားဖြင့် မျိုးဗီဇပြောင်းလဲမှုတွေဟာ လူလုပ်မဟုတ်ရင် ရေရှည်မရှင်သန်နိုင်ဘူး။ ဒေါင်းရောဂါစုကလေးတွေဟာ သက်ကြီးပိုင်းကိုရောက်တာ အတော်လေးရှားပြီး ရောဂါမျိုးစုံဖြစ်တတ်ပါတယ်။ နောက်ပြီး မျိုးမအောင်တဲ့အတွက် နောက်ထပ်ကလေးမွေးပြီး မျိုးဗီဇလက်ဆင့်ကမ်းလို့လည်းမရနိုင်ပါဘူး။

မျိုးဗီဇပြောင်းလဲမှုဟာ အကောင်သေးလေ ပိုဖြစ်တာများလေပါပဲ။ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးတွေဟာ မျိုးဗီဇပြောင်းလဲမှုအရမ်းမြန်ဆန်ပြီး အမြဲတမ်းလိုလိုပြောင်းလဲနေကြတယ်။ ရာသီပေါ်တုပ်ကွေးဆိုရင် တစ်နှစ်တစ်ခါ ကာကွယ်ဆေးထိုးနေရတာက မျိုးဗီဇပြောင်းလဲမှု နှစ်တိုင်းဖြစ်လို့ပါ။ ကိုဗစ်ရောဂါပိုးမှာလည်း ဒီအတိုင်းပါပဲ။ ဒုတိယလှိုင်းဖြစ်ပေါ်နေချိန် အစောပိုင်းကာလမှာ ဗိုင်းရပ်စ်မျိုးကွဲအသစ်တစ်ခုတွေ့ပါတယ်။ အဲဒီတုန်းကလည်း ဘာမှ သိပ်ပြီးထူးထူးခြားခြားမပြောင်းလဲသွားပါဘူး။

…….

အခု အင်္ဂလန်မှာလည်း နောက်ထပ် မျိုးကွဲအသစ်တစ်ခုထပ်တွေ့ပါတယ်။ ဒီတစ်ခါမှာလည်း ပိုပြီး ကူးစက်မှုမြန်စေတယ်လို့ သံသယရှိတာကလွဲရင် (ဒါကလည်း မသေချာသေးပါဘူး) များများစားစားမသိရသေးပါဘူး။ ပိုပြီး ရောဂါလက္ခဏာတွေဆိုးလာမှာလား၊ အသေအပျောက်ပိုများမှာလား၊ ပျောက်ဖို့ပိုကြာမှာလား၊ ကာကွယ်ဆေးမတိုးတော့ဘဲ ဖြစ်မှာလားဆိုတာတွေနဲ့ပတ်သက်လို့သေချာမသိရသေးပါဘူး။

ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောစကားအရတော့ ထူးထူးခြားခြားပြောင်းလဲသွားစရာမရှိပါဘူးတဲ့။ တကယ်ဆိုရင် အများစုရောဂါပိုးတွေဟာ မျိုးဗီဇပြောင်းလဲသွားရင် ပိုပြီးတောင် အားပျော့သွားကြတဲ့ အထောက်အထားတွေရှိပါတယ်။ အခု မျိုးဗီဇပြောင်းလဲမှုက ကာကွယ်ဆေးမတိုးဘူးဆိုတာလည်း ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။

အဆုံးသတ်ရရင်တော့ မျိုးဗီဇပြောင်းလဲနေတယ်ဆိုတာဟုတ်ပါတယ်။ ပိုကူးစက်မြန်စေတယ်လို့ သံသယရှိပေမယ့် ပိုဆိုးစေတယ်ဆိုတာ မတွေ့ရသေးဘူး။ ပိုကူးပေမယ့် အားပျော့သွားတယ်ဆိုရင်လည်း ကောင်းတာပါပဲ။ ကာကွယ်ဆေးအပေါ်မှာ သက်ရောက်မှုမရှိနိုင်ဘူး။ အရမ်းကြီး စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် ကာကွယ်ရေးနည်းလမ်းတွေကတော့ မဖြစ်မနေ ဆက်လုပ်ကိုလုပ်ရမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thurein Hlaing Win မှ ရေးသားသည်။ 21/12/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။