home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဒီဇင်ဘာမှာ စတင်ဖြန့်ချိတော့မယ် COVID-19 ကာကွယ်ဆေးများ

ဒီဇင်ဘာမှာ စတင်ဖြန့်ချိတော့မယ် COVID-19 ကာကွယ်ဆေးများ

COVID-19 ကာကွယ်ဆေးဟာ တစ်ကမ္ဘာလုံးမျှော်လင့်နေတဲ့ အရာဖြစ်ပါတယ်။ လက်ရှိကပ်ဘေးကာလမှာ ကျန်းမာရေးပြဿနာတွေအပြင် ရပ်ဆိုင်းသွားတဲ့ ကဏ္ဍအသီးသီးကလုပ်ငန်းတွေကြောင့် စီးပွားရေးနယ်ပယ်နဲ့ နေအိမ်ထဲမှာပဲ ကာလရှည်နေထိုင်နေကြရတာကြောင့်ဖြစ်လာတဲ့ လူမှုရေးထိခိုက်မှုတွေကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ခံစားနေရတာပါ။

ဒီလိုတွေ ရင်ဆိုင်နေရပေမယ့်လည်း ကာကွယ်ဆေး နဲ့ ကုသဆေး တရားဝင်ထွက်ရှိမလာသေးတာကြောင့် လူသားတွေအနေနဲ့ ဒီရောဂါဆိုးကြီးကို ရင်ဆိုင်ရာမှာ ၁၀ လ လုံးလုံး ခံစစ်အသွင်နဲ့သာ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒီ ၁၀ လ တာကာလအတွင်းမှာ ရောဂါဆိုးကြောင့် အသက်ဆုံးရှုံးသွားသူအရေအတွက်က တစ်ကမ္ဘာလုံးမှာ ၁.၃ သန်းကျော် ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေကြောင့်ထိခိုက် နစ်နာခဲ့ရသူတွေကတော့ တစ်ကမ္ဘာလုံးက လူတိုင်းပါပဲ။

ဒီလိုအဖြစ်ဆိုးမျိုးတွေကို ကျော်လွှားနိုင်ဖို့ လူတိုင်းက ကာကွယ်ဆေးတွေကို မျှော်လင့်ခဲ့ကြပြီး ဆေးဝါးကုမ္ပဏီကြီးတွေနဲ့ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းတွေက်လည်း အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ကြပါတယ်။ ခုချိန်မှာတော့ ရလဒ်ကောင်းမွန်တဲ့ ကာကွယ်ဆေးသစ်တွေကို ဖန်တီးနိုင်ခဲ့ပြီလို့ ဆိုနိုင်နေပါပြီ။

ဒီဇင်ဘာမှ စတင်ဖြန့်ချိနိုင်တော့မလား

နိုဝင်ဘာလ ၂၁-၂၂ မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံက Victual Host အဖြစ် တာဝန်ယူကျင်းပခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာ့ထိပ်သီးတိုင်းပြည်တွေက ကိုဗစ်ကာကွယ်ဆေးကို အမြန်ဆုံးဖြန့်ချိကြဖို့နဲ့ ကမ္ဘာအနှံ့ဆီ ညီညီမျှမျှ ဖြန့်ဖြူးနိုင်ဖို့ ကတိကဝတ်ထားခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဂျာမနီတို့က သူတို့ဖန်တီးထားတဲ ကိုဗစ်ကာကွယ်ဆေးတွေကို ဈေးကွက်ထဲကို စတင်ဖြန့်ချိနိုင်ဖို့ စီစဉ်နေပြီလို့ ဆိုသွားခဲ့ကြပါတယ်။ သူတို့ရဲ့တိုင်းပြည်တွေထဲမှာ ဒီဇင်ဘာလအတွင်းမှာတင် စတင်ဖြန့်ချိသွားမယ်လို့ ဆိုနေကြပြီး စပိန်နိုင်ငံကတော့ အစောဆုံး ဇန်နဝါရီလမှာ စတင်ဖြန့်ချိသွားမယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ စမ်းသပ်မှုအဆင့်ဆင့်ကို ကျော်ဖြတ်နိုင်ထားတဲ့ Pfizer-BioNTechModerna နဲ့ Oxford တို့ရဲ့ ဆေးဝါးတွေဟာ စမ်းသက်မှုရလဒ်ပိုင်းမှာ ၉၅% ဝန်းကျင် ရလဒ်ကောင်းတွေ ရရှိထားတာမို့ ဆေးဝါးအဖြစ် တရားဝင်ထွက်ရှိလာတော့မှာပါ။

ဒီဆေးဝါးတွေ စောစောထွက်ရှိနိုင်လေလေ ဖြန့်ချိချိန် စောလေဖြစ်မှာဖြစ်ပြီးတော့ နိုင်ငံတကာကို ဆေးဝါးဖြန့်ဖြူးချိန်လည်း ပိုမိုလျှင်မြန်လေလေဖြစ်မှာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ဆေးပရိုဂရမ်က ဦးဆောင်အရာရှိ မွန်ဆက်ဖ် ဆလာအူယီကတော့ သူတို့တိုင်းပြည်ထဲမှာ လာမယ့် ဒီဇင်ဘာ ၁၁ ရက်လောက်ဆို ဆေးတွေ ဖြန့်ချိနိုင်လောက်ပြီလို့ ယုံကြည်မှုအပြည့်နဲ့ ဆိုနေပါပြီ။

ကမ္ဘာ့ထိပ်သီးတိုင်းပြည်ပီပီ ဆေးဝါးသစ်တွေ တရားဝင်ခွင့်ပြုချက်ရပြီးတာနဲ့ ၂၄ နာရီအတွင်း နိုင်ငံအဝှမ်းကို ဖြန့်ချိနိုင်ဖို့ သူတို့က အစီအစဉ်ရေးဆွဲထားပါတယ်။

ဗြိတိန်ကလည်း သူတို့တိုင်းပြည်အတွက် ကာကွယ်ဆေး သန်း ၄၀ မှာယူထားပြီး ၁၀ သန်းကို စောလျှင်စွာရရှိနိုင်မယ်လို့ယုံကြည်နေပါတယ်။ အဆိုပါ ပမာဏဟာ သူတို့တိုင်းပြည်က အရေးပေါ်ကာကွယ်ဆေးလိုအပ်နေတဲ့ ပြည်သူ ၅ သန်းကို ကာကွယ်ပေးနိုင်မယ့် ပမာဏဖြစ်ပါတယ်။

မြန်မာပြည်ကို ကာကွယ်ဆေး ဘယ်အချိန်ရောက်လာမလဲ

တိုင်းပြည်ကြီးတွေက ကာကွယ်ဆေးကိစ္စကို အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် စီစဉ်နေကြပေမယ့် မြန်မာနိုင်ငံလိုမျိုး နွမ်းပါးတဲ့တိုင်းပြည်တွေကတော့ ဈေးနှုန်းအတွက် ပူပန်နေရဆဲဖြစ်တာမို့ သူတို့ဆီခွဲတမ်းကျရောက်လာမယ့် အချိန်ကိုသာ မျှော်နေရဖို့ရှိနေပါတယ်။

လက်ရှိမှာ ဆေးဝါးတွေကို ဈေးချိုချိုနဲ့ ဖြန့်ချိနိုင်ဖို့ COVAX အစီအစဉ်နဲ့ WHO က စီမံဆောင်ရွက်နေပေမယ့် အစောဆုံးရရှိနိုင်မယ့်အချိန်ဟာ ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်ကာလအတွင်းမှာသာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေးရရှိဖို့ အနည်းဆုံး ၃ လ ဝန်းကျင်စောင့်ဆိုင်းရနိုင်ပါတယ်။

တစ်ကမ္ဘာလုံးကို ကာကွယ်ဆေး ၂ ဘီလီယံဝန်းကျင် တင်ပို့ဖြန့်ချိဖို့ရှိနေပေမယ့် အများစုဟာ ၂၀၂၁ ခုနှစ် ဒုတိယ ၃ လ ပတ်အချိန်လောက်မှသာ တင်ပို့နိုင်ဖွယ်ရှိနေပါတယ်။ အဆိုပါအနေအထားကြောင့် ကြားကာလမှာ သတိထားနေထိုင်ကြဖို့ လိုအပ်နေသေးတယ်လို့ Unicef က ဆိုထားပါတယ်။

COVAX အစီအစဉ်အရ ကမ္ဘာတစ်လွှားက ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၀၀ ကျော်ကို လေကြောင်းလိုင်းပေါင်း ၃၅၀ ကျော်နဲ့ ဆေးဝါးဖြန့်ချိသွားဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။ ဒါပေမယ့် အမှန်တကယ်အကောင်အထည်ပေါ်လာဖို့တော့ အချိန်တစ်ခုစောင့်ဆိုင်းရဦးမှာပါ။

ဒီကြားကာလအတွင်းမှာတော့ နေအိမ်အတွင်းမှာ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီနေထိုင်ပြီး ရောဂါကို ကာကွယ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ COVID_19 ကာကွယ်ဆေးဟာ လူသားတွေနဲ့ လက်တကမ်းအကွာကိုရောက်ရှိနေပြီဖြစ်တာမို့ နောက်ဆုံးအချိန်ကာလလေးတစ်ခုကို အားတင်းပြီးတောင့်ခံနိုင်ဖို့သာလိုအပ်ပါတော့တယ်။

ဒီအတားအဆီး၊ ဒီအခိုက်အတန့်၊ ဒီတောင်ကုန်းကို ကျော်လွန်နိုင်တဲ့အခါမှာ ကျွန်တော်တို့အားလုံး မူလဘဝ၊ မူလပျော်ရွှင်မှုတွေကို ပြန်လည်ပိုင်ဆိုင်ခွင့်ရကြတော့မှာပါ။ ခဏလောက် အားတင်းထားကြဦးပါစို့ရဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 24/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။