ကလေးမွေးပြီးနောက် ကိုယ်အလေးချိန် လျော့ချနည်းများ

    ကလေးမွေးပြီးနောက် ကိုယ်အလေးချိန် လျော့ချနည်းများ

    ကလေးမွေးပြီးတဲ့နောက်မှာ မိခင်တွေဟာ ကိုယ်အလေးချိန် ရုတ်တရက် တက်လာတတ်ကြတယ်။ အဲ့ဒီတော့ ဈေးဝယ်ထွက်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှု မရှိသလိုခံစားလာရတာပေါ့။ အခုပြောပြမှာတွေကတော့ တစ်သားမွေးပြီး တစ်သွေးလှ သွယ်လျလာဖို့ နည်းလမ်းကောင်းတချို့ ပဲဖြစ်ပါတယ်။

    (၁) အစားအလွန်အမင်း မရှောင်လိုက်ပါနဲ့

    ကလေးမွေးပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ခန္ဓါကိုယ်ကျန်းမာရေးဟာ ပြီးပြည့်စုံကောင်းမွန်တဲ့ အခြေအနေပြန်မရောက်သေး ပါဘူး။ အားအင်ပြန်လည်ဖြည့်တင်းဖို့အာဟာရများစွာ လိုအပ်နေတဲ့အခြေအနေပေါ့။ အခုလိုအခြေအနေမှာ ဝလာမှာ စိုးရိမ်လို့ အစားအစာ အလွန်အမင်းရှောင်လိုက်ရင် ကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် ကလေးအတွက် အာဟာရပြည့်စုံတဲ့နို့ ရစေမှာမဟုတ်ပါဘူး။ အဲဒီတော့ ပင်လယ်ရေညှိ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲပိစပ်၊ မုန်လာဥဖြူ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်အစရှိတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ကျန်းမာစေတဲ့အစားအစာတွေနေ့စဉ် စားဖို့လိုပါတယ်။

    (၂) ပေါက်ပေါက်ဆုပ် စားပါ

    ပုံမှန်ထမင်းစားပြီးချိန်မှာ အာသာပြေ သရေစာ စားချင်စိတ်ပေါ်တဲ့အခါမှာတော့ ပေါက်ပေါက်ဆုပ်က သင့်တော်တဲ့ သရေစာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆားမပါတဲ့ပေါက်ပေါက်ဆုပ် ဆိုရင်တော့သင့်ကျန်မာရေးအတွက် ပိုသင့်တော်ပါလိမ့်မယ်။

    (၃) ပီကေ ဝါးပါ

    သကြားအချိုဓါတ်နည်းတဲ့ ပီကေဝါးခြင်းက ခံတွင်းနဲ့သင်းပျံ့စေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် အစားစားချင်စိတ်ကိုထိန်းချုပ်ပေးပြီး ဆာလောင်မှု ကိုလည်း လျော့ကျစေဖို့ နည်းလမ်းတစ်ခုပါ။

    (၄) ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ

    လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်အလေးချိန် လျော့ကျစေဖို့အပြင် သင့်ကျန်းမာရေးကောင်းမွန်ဖို့ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် လွယ်ကူရိုးရှင်းတဲ့လေ့ကျင့်ခန်းမျိုး ကိုနေ့စဉ်ပုံမှန်ပြုလုပ်ပေးဖို့လိုပါတယ်။ အချိန်အတိုင်းအတာ တစ်ခုကြာလာတဲ့အခါမှာ လန်းဆန်း သွယ်လျလာမှာအသေအချာပဲပေါ့။

    (၅) အိပ်ရေးဝဝ အိပ်ပါ။

    နေ့စဉ် အိပ်ရေးဝဝ အိပ်စက်ဖို့တကယ့်ကို အရေးကြီးတာပါ။ ခန္ဓါကိုယ်ရဲ့စွမ်းအင် ပြန်လည်ဖြည့်တင်းဖို့နဲ့ ပျက်စီးသွားတဲ့ ဆဲလ် နဲ့ တစ်ရှူးတွေ မြန်မြန်ပြန်လည်ပြုပြင်ပေးဖို့ပေါ့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အခါမှာ ဆာလောင်မှုမရှိတော့ ဗိုက်အဆီတက်မလာတော့ဘူးပေါ့။ တစ်နေ့ အိပ်ချိန် ၈ နာရီအိပ်စက်ပေးခြင်းက စိတ်ရော ကိုယ်ပါ ကျန်းမာဖျတ်လတ်နေစေမယ့်အပြင် ကိုယ်အလေးချိန်မြန်မြန်လျော့ကျစေမှာ သေချာပါတယ်။

    (၆) မနက်စာ စားပါ။

    မနက်စာက နေ့တစ်နေ့အတွက် အရေးကြီးဆုံးပါ။ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ် ကောင်းမွန်စာလည်ပတ်စေဖို့ စွမ်းအင် ပေးဖို့အပြင် တစ်နေ့တာနောက်ပိုင်းအချိန်တွေမှာ စားမယ့်အစားအစာ ပမာဏကိုလည်းထိန်းချုပ်ပေးပါတယ်။ သို့သော် မနက်စာကို အိပ်ယာမှနိုးပြီး မိနစ် ၃၀ အကြာမှာစားသင့်ပြီး မနက် ၉ နာရီနောက်ပိုင်းဆိုရင်တော့မစားသင့်တော့ပါ။ မနက်စာကလည်း ကိုယ့်ရဲ့ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် သင့်တော်သောအစားအစာသာ ဖြစ်ပါစေ။

    (၇) နည်းနည်း နဲ့ အကြိမ်ရေများများ စားပါ။

    တစ်နေ့ကို သုံးကြိမ်များများ စားမယ့်အစား နည်းနည်းနဲ့ ငါးကြိမ် ခြောက်ကြိမ်ခွဲပြီး စားခြင်းက အစာကြေညက်စေမယ့် အပြင် သရေစာစားချင်စိတ်ဖြစ်ပေါ်မှုကို လျော့နည်းစေပါလိမ့်မယ်။

    (၈) အစာကို ကြေညက်အောင်ဝါးပါ။

    လေ့လာမှုတစ်ခုအရ အစာကို ဖြည်းဖြည်းနဲ့ ကြေညက်အောင်ဝါးစားခြင်းက အငမ်းမရစားခြင်းထက် တစ်နာရီအကြာ မှာ ဆာလောင်မှုကို ပိုပြီးလျော့ကျစေပါတယ်။ ဒါကြောင့် ဖြည်းဖြည်းစားခြင်းက ဆာလောင်မှု ကိုလျော့ကျစေတဲ့အပြင် အစာကို အရသာပိုခံနိုင်လို့ စိတ်ကျေနပ်မှုရစေမှာပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    8 Tips for Losing Weight After Pregnancy. http://www.webmd.com/baby/features/8-tips-for-losing-weight-after-pregnancy#1. Accessed on January 3, 2017.

    Tips for How to Lose the Baby Weight. http://www.fitpregnancy.com/parenting/postnatal-health/tips-how-lose-baby-weight. Accessed on January 3, 2017

    စာရေးသူ ဓာတ်ပုံbadge
    Dr. Kaung Thar မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။