နို့တိုက်တဲ့အခါ ထိုင်ပြီး ဒါမှမဟုတ် လှဲပြီးတိုက်ပါ
နို့တိုက်တဲ့အခါ ပေါ့ပေါ့ပါးပါးအခြေအနေက ကိစ္စမရှိပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေမယ်ဆိုရင် ကလေးကိုချီပြီး တိုက်ဖို့က ခက်ခဲပါတယ်။ ကသိကအောက် ဖြစ်သလို ဗိုက်ကို ဖိမိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဗိုက်ထဲက ဘေဘီလေးရော မေမေနဲ့ အပြင်ကဘေဘီလေးပါ အဆင်ပြေစေဖို့ဆိုရင် လှဲပြီးတိုက်တာ ဒါမှမဟုတ် ထိုင်ပြီး တိုက်တာက အဆင်အပြေဆုံးပါ။
နို့ထွက်တဲ့ပမာဏကို ဆန်းစစ်ပါ
ကိုယ်ဝန် ၄ လ၊ ၅လလောက်ရောက်တဲ့အခါ မိခင်နို့ရည်ပမဏက နည်းသွားပါပြီး ဒီအချိန်မှာ ကလေးကို ဖြည့်စွက်အာဟာရနို့တွေ တိုက်ကျွေးပေးတာမျိုးလုပ်ပေးဖို့လိုပါမယ်။ ဒါမှ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ထိခိုက်တာမျိုး မရှိမှာပါ။ ကလေးကို မိခင်နို့တိုက်တာ နည်းသွားတဲ့အခါ အခြားအာဟာရတွေ ပြည့်ဝလုံလောက်စွာ ကျွေးမိဖို့ မဖြစ်မနေလိုအပ်ပါမယ်။
အာဟာရပြည့်ဝအောင် စားသုံးပါ
အာဟာရပြည့်ဝအောင် စားသုံးဖို့က တော်တော်လေး အရေးပါပါတယ်။ မေမေရော ဘေဘီလေးတွေပါ ကျန်းမာဖို့က မေမေ အာဟာရပြည့်ဝလုံလောက်အောင် စားသုံးရမှာပါ။ ကိုယ်ဝန်လည်း ဆောင်ထားရတယ်။ နို့ကလည်း တိုက်နေသေးတယ်ဆိုရင် ပုံမှန်ထက် ပိုစားဖို့က မဖြစ်မနေလိုအပ်ပါပြီ။ တစ်နေ့ကို ကယ်လ်လိုရီပမာဏ ၅၀၀ လောက် ပိုစားဖို့လိုပါမယ်။ ဒါမှ မေမေရော ဘေဘီလေးတွေပါ ကျန်းမာမှာပါ။ ရေဆာတဲ့အခါတိုင်းမှာလည်း ရေသောက်ဖို့လိုပါမယ်။ နောက်တစ်ချက်က အိပ်ရေးဝအောင် အိပ်ဖို့ပါ။
ရင်သား စစ်ဆေးမှုလုပ်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားထိပ်တွေ နာတာ၊ ရင်သား နာကျင် တောင့်တင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ရင်သားကို လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်တာ၊ ရေနွေးဝတ်ကပ်တာမျိုးတွေ လုပ်ပေးပါ။ ရင်သားတွေက တင်းပြီး တအားနာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ။
စိတ်ရော ကိုယ်ပါ ကျန်းမာအောင်နေပါ
ကိုယ်ဝန်လည်းဆောင်ထားရတယ် ကလေးကိုလည်း နို့ဆက်တိုက်နေတဲ့ မေမေက ပင်ပန်းမယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ ဒီအချိန်မှာ စိတ်ဖိစီးစေမယ့် ကိစ္စတွေကို တတ်နိုင်သမျှ မတွေးပါနဲ့။ နေ့ရက်တိုင်းမှာ စိတ်ရောကိုယ်ပါ လန်းဆန်းနေစေဖို့ ဂရုစိုက်ပါ။ စိတ်ဖိစီးစရာတွေ ရှိလာရင် မိခင် ဒါမှမဟုတ် ယုံကြည်ရသူကို ရင်ဖွင့်တာမျိုး လုပ်ပါ။
အာဟာရပြည့်ဝအောင် စားပြီး အိပ်ရေးဝအောင် အိပ်ပါ။ ဆေးခန်းကိုလည်း ပုံမှန်သွားရောက်ပြသလို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရယူပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။