backup og meta

မေမေတို့ မီးဖွားပြီး ဗိုက်ကလေးကို ချပ်ရပ်အောင် ဘယ်လိုပြန်လုပ်ကြမလဲ။

မေမေတို့ မီးဖွားပြီး ဗိုက်ကလေးကို ချပ်ရပ်အောင် ဘယ်လိုပြန်လုပ်ကြမလဲ။

ခုကိုယ်ဝန်ဆောင်နေဆဲ မေမေတွေပဲဖြစ်ဖြစ်၊ မီးဖွားပြီးခါစ မေမေသစ်လေးတွေပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ဗိုက်ကလေးကို ကိုယ်ဝန်မဆောင်ခင်ကအတိုင်း ပြန်ရအောင် ဘယ်လိုလုပ်လို့ရလဲ။

ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မီးဖွားပြီးတာနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ပုံမှန်လိုမျိုး ပြန်ဖြစ်ချင်တယ်။ အပျိုလေးတုန်းကလို မဟုတ်ရင်တောင် ကိုယ်ဝန်မဆောင်ခင်ကလိုမျိုး ကျစ်ကျစ်လျစ်လျစ်ဖြစ်ချင်ကြတာ သဘာဝပါ။

မေမေတို့ မီးဖွားပြီး ဗိုက်ကလေး ဟာ သဘာဝအတိုင်း တဖြည်းဖြည်း သေးပြီး ချပ်သွားမှာပါ။ ဒါပေမဲ့ ဗိုက်ပြန်ချပ်တဲ့ချိန်မှာ မြန်ဆန်ဖို့အတွက် နည်းလမ်းလေးတွေရှိပါတယ်။

ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်အရေပြားတင်မကဘဲ ဗိုက်ရဲ့ အတွင်းပိုင်းဆုံး ကြွက်သားတွေအထိပါ ဆွဲဆန့်ခြင်းခံရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဘေဘီလေးနေခဲ့တဲ့ သားအိမ်ကလည်း ၉ လတိုင်တိုင် အကျယ်ကြီး ဆွဲဆန့်နေခဲ့ရပါတယ်။

ဒါကြောင့် မီးဖွားပြီးဗိုက်ကလေးဟာ ဘာကြောင့်ပူနေရတာလဲဆိုတဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေနိုင်ပါတယ်။

၁။ ဆွဲဆန့်ခံထားရတဲ့ဗိုက်အရေပြားကြောင့်

၂။ ဘေဘီလေးအတွက် အဆမတန်ကြီးပေးခဲ့ရတဲ့ သားအိမ်

၃။ ခန္ဓာကိုယ်ရဲ့ အဆီပမာဏ

၄။ ခန္ဓာကိုယ်ထဲမှာ သွေး၊ ရေတွေများပြားလာတာ

၅။ အားနည်းသွားတဲ့ ဝမ်းဗိုက်ကြွက်သားတွေ

ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီးချိန်မှာ ခန္ဓာကိုယ်ဟာ ပြောင်းလဲမှုတွေကို အများကြီးကြုံတွေ့ရပါတယ်။ ဒီပြောင်းလဲမှုတွေကိုလိုက်ပြီး ကိုယ်ဝန်မဆောင်ခင်ကလို ချပ်ရပ်တဲ့ ဗိုက်သားလေးကို ဘယ်လိုပြန်ရမလဲဆိုတာ ဒီဆောင်းပါးလေးမှာ နည်းလမ်းစုံစုံလင်လင် ရေးပေးထားပါတယ်။

မီးဖွားပြီး ဗိုက်ချပ်ရပ်သွားမယ့် သဘာဝနည်းလမ်းတွေ

မီးဖွားပြီးတဲ့အချိန်မှာ ဘေဘီလေးနဲ့အတူ အချင်းရယ်၊ သွေးတွေ၊ အရည်တွေတော်တော်များများထွက်သွားတဲ့အတွက် မီးဖွားဖွားပြီးပြီးချင်းအချိန်မှာ ၆-၁၀ ပေါင်လောက်ကျသွားပါတယ်။

မီးဖွားပြီး ပထမ ၄၈-၉၆ နာရီအတွင်းမှာလည်း မိန်းမကိုယ်ကနေ ကျန်ရှိနေတဲ့ သွေးတွေ၊ အရည်တွေ ဆက်ဆင်းနေမှာဖြစ်လို့ ပေါင်ချိန်တွေထပ်ကျသွားမှာဖြစ်သလို ဗိုက်ကလည်း ပိုပိုချပ်လာမှာပါ။

ဒါ့အပြင် သားအိမ်ကလည်း သူ့ပုံမှန် ဆိုဒ်နဲ့ အနေအထားကို ၄-၆ ပတ်အတွင်းမှာ တဖြည်းဖြည်း ရောက်ရှိလာမှာဖြစ်ပါတယ်။ သားအိမ်ဟာ ပုံမှန်ဆိုရင် ၆ အောင်စလောက်ပဲ အလေးချိန်ရှိပါတယ်။

သဘာဝအတိုင်းကို ဗိုက်ကလေးဟာ ပြန်ပြီးချပ်ရပ်လာမှာဖြစ်ပေမယ့်လည်း ပိုပြီးမြန်ချင်ရင်တော့ လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

တစ်ခုသတိထားရမှာက ဒီနည်းလမ်းတွေဟာ ရိုးရိုးမီးဖွားထားတဲ့ မေမေတွေအတွက်ပါနော်။ ဗိုက်ခွဲမွေးထားတဲ့ မေမေတို့ရဲ့ ဗိုက်ဟာ ဗိုက်ပေါ်ဓားတင်ပြီး ကြွက်သားတွေ၊ အရေပြားတွေ၊ အဆီတွေအပေါ်ကို ခွဲထားတာဖြစ်တဲ့အတွက် ရိုးရိုးမီးဖွားထားတဲ့ မေမေတွေထက် အနာကျက်တာလည်း ကြာသလို ဗိုက်ပြန်ချပ်ဖို့လည်း အချိန်ပိုယူရပါလိမ့်မယ်။

၁။ ရေအများကြီးသောက်ပါ။

ခန္ဓာကိုယ်ဟာ ကိုယ့်ရေဘယ်လောက်များများ သောက်နေလဲအပေါ်မူတည်ပြီး အများကြီး ပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့၊ မကောင်းတဲ့ သွေးတွေ၊ အရည်တွေ ခန္ဓာကိုယ်ထဲက ထွက်သွားဖို့ဆိုရင် အစားထိုးဖို့ ရေဓာတ်အလုံအလောက်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေနည်းနေရင် ပိုပြီးဖောဖောရောင်ရောင်ကြီး ဖြစ်လာနိုင်ပါတယ်။ နို့တိုက်နေတဲ့ မေမေတို့ဆိုရင် ရေသောက်ဖို့ ပိုလိုအပ်ပါတယ်။

၂။ လိုးရှင်းလိမ်းပါ။

လိုးရှင်းလိမ်းတာဟာ ဗိုက်အရေပြားကို နူးညံ့ပျော့ပျောင်းစေပြီး ကြုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ္တိကို ပြန်လည်ရရှိစေနိုင်တယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေတယ်။

၃။ ဗိုက်စည်းဝတ်ပါ။

ဗိုက်စည်းဝတ်တာဟာ ခါးနာလည်း သက်သာစေတယ်။ ဗိုက်ကြွက်သားတွေကိုလည်း ပုံမှန်နေရာရောက်အောင် ထိန်းမတ်ပေးနိုင်တယ်။ သားအိမ်ကိုလည်း ညှစ်ပေးပြီးတော့ သားအိမ်ထဲမှာ ကျန်နေသေးတဲ့ အရည်တွေကိုလည်း ထွက်စေတယ်။

၄။ ဗိုက်ကို နှိပ်နယ်ပေးပါ။

ဗိုက်က နှိပ်နယ်ဖို့အတွက်ကတော့ အချိန်နည်းနည်းစောင့်ပါ။ မီးဖွားပြီးပြီးချင်းဆို သားအိမ်ကလည်း တဖြည်းဖြည်းကျုံ့နေတဲ့အချိန်ဖြစ်တဲ့အတွက် နာတတ်ပါတယ်။ နှိပ်လိုက်လို့ နာနေတယ်ဆိုရင် ဒါအနှိပ်အနယ်ခံဖို့ စောသေးတယ်လို့ သတ်မှတ်လို့ရပါတယ်။

နှိပ်နယ်တဲ့အခါ လိုးရှင်းလေး လိမ်းပေးပါ။ လက်ချောင်းလေးတွေကို သုံးပြီး ဖိအားနည်းနည်းနဲ့ စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။ ဝမ်းဗိုက်ရဲ့ ဘေးသားတွေကိုပါ နှိပ်ပေးဖို့ မမေ့ပါနဲ့နော်။ အရေပြားကို တင်းတင်းကြီးအရမ်းမဆွဲမိဖို့လည်း အရေးကြီးပါတယ်။

၅။ လမ်းလျှောက်လို့ရတာနဲ့ လမ်းများများလျှောက်ပါ။

တစ်နေ့ကို ၅ မိနစ်ပဲဖြစ်ဖြစ် လမ်းစလျှောက်ကြည့်ပါ။ လမ်းလျှောက်တာဟာ ဗိုက်ကြွက်သားတွေကိုလည်း ညှစ်ရတဲ့အတွက် ဗိုက်ကို အမြန်ဆုံး တင်းရင်းစေနိုင်ပါတယ်။ သားအိမ်ထဲမှာ ကျန်ရှိနေနိုင်တဲ့ အရည်တွေလည်း လမ်းလျှောက်လိုက်တဲ့အတွက် ထပ်ထွက်နိုင်ပါတယ်။

၆။ မီးဖွားပြီးရင် ဗိုက်ကြွက်သားကို ပြန်လည်သန်စွမ်းအောင်လုပ်တဲ့ လေ့ကျင့်ခန်းလုပ်ပါ။

မီးဖွားပြီးချင်းချင်း သက်သက်သာသာနဲ့ လုပ်လို့ရတဲ့ ဗိုက်ကြွက်သား လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။

ဥပမာ – cat cow လို့ခေါ်တဲ့ Yoga ပုံစံတစ်မျိုးပါ။

ဘယ်လိုလုပ်ရလဲ။

  • ပထမဦးဆုံး လေးဘက်ထောက်လိုက်ပါ။
  • တဖြည်းဖြည်း ခါးကိုကော့လိုက်ပြီး ၂-၅ စက္ကန့်လောက် အဲ့ဒီအနေအထားမှာနေပါ။
  • ဖြည်းဖြည်းချင်း ဖြေလျှော့ပြီး မျက်နှာကျက်ကို မျက်နှာမူပြီး ဗိုက်ကြွက်သားတွေကို အကြောလျှော့ ဆန့်ထုတ်ပါ။
  • ဒီလိုပုံစံကိုလည်း ၂-၅ စက္ကန့်လောက် ပြုလုပ်ပါ။

၇။ နို့တိုက်ပါ။

မေမေတိုင်းက နို့မထွက်ဘူးဆိုတာ သိပေမယ့် နို့တိုက်တာဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တယ်။ အဆီပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။

နို့တိုက်တာဟာ သားအိမ်ကိုလည်း ပြန်ကျုံ့စေနိုင်တယ်။ ဒါ့အတွက်ကြောင့် နို့တိုက်တာကလည်း ဗိုက်ပြန်ချပ်ဖို့အတွက် အရေးကြီးနေပြန်ပါတယ်။

၈။ ဖြည်းဖြည်းချင်းပြန်စတင်ပါ။

အိပ်ရာပေါ်မှာ လဲနေတာကြာတော့ လမ်းပြန်လျှောက်ချင်တယ်။ လှုပ်လှုပ်ရှားရှားပြန်နေချင်တယ်။ ဒါကသဘာဝပါပဲ။ ဒါပေမဲ့ ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ်ကအသိဆုံးပါ။ လေ့ကျင့်ခန်းတွေ ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ မီးဖွားပြီး ခန္ဓာကိုယ်ဟာ အားနည်းနေသေးတဲ့အတွက် မသေချာဘဲနဲ့ လေ့ကျင့်ခန်းတွေထလုပ်လိုက်ရင် ချော်လဲတာ၊ ကြွက်တက်တာ၊ ခါးနာတာစသဖြင့် ဝေဒနာတွေ ပိုဆိုးသွားနိုင်ပါတယ်။

ဒီအချက်လေးတွေကတော့ မီးဖွားပြီး ပိန်ပိန်လှလှလေးပြန်ဖြစ်ဖို့ စိတ်စောနေတဲ့ မေမေသစ်လေးတွေအတွက် အကြံကောင်းတွေဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးသား ခန္ဓာကိုယ်ဟာ အပျိုဘဝတုန်းက ခန္ဓာကိုယ်လောက်တော့ မကျစ်လျစ် မတင်းရင်းတော့ပေမယ့် ကိုယ့်ရင်သွေးလေးကို သယ်ဆောင်ထားတဲ့ မီးဖွားတဲ့ ဝေဒနာကို ကြံ့ကြံ့ခံထားတဲ့ အားကောင်း ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်တာကြောင့် မလှမပဖြစ်နေတာကိုပဲ အာရုံစိုက်မနေဘဲ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဗိုက်က အကြောပျက်ရာတွေဟာလည်း မိခင်မေတ္တာရဲ့ ပြယုဂ်ဆိုပြီး မေမေတို့ ဂုဏ်ယူလိုက်ပါလို့ အကြံပြုချင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

31/10/2022

Dr. Yee Mon Lwin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။

ခွဲမွေးထားတဲ့ မေမေတို့ အတွက် ချုပ်ရိုးမြန်မြန်သက်သာစေမယ့် နည်းလမ်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Yee Mon Lwin မှ ရေးသားသည်။ · 31/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement