ကိုယ်ဝန်ဆောင်ထားချိန်မှာ ဗိုက်ထဲက ဘေဘီလေးနဲ့ပတ်သက်လို့ မေမေတိုင်းသိချင်နေမယ့်အချက်တွေက အရမ်းများမယ်ထင်တယ်နော်။ ဒီအရမ်းများတဲ့အချက်ထဲကမှ ဘေဘီလေးတစ်ယောက်ဗိုက်ထဲမှာ ကျန်းမာကျန်းမာမာရှိရဲ့လား ကြီးထွားဖွံ့ဖြိုးမှုရောပုံမှန်ရှိရဲ့လားဆိုတာကလည်းတစ်ခုအပါအဝင်ပေါ့။ ဒီအချက်လေးနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေနော်။
ဗိုက်ထဲက ဘေဘီလေးမှာရှိသင့်တဲ့ကိုယ်အလေးချိန်
ဘေဘီလေးတစ်ယောက်ချင်းစီရဲ့ ကြီးထွားဖွံ့ဖြိုးမှုက မတူနိုင်ပါဘူး။ ဒါပေမယ့် အပတ်စဉ်အလိုက်မှာတော့ ဘေဘီလေးတွေက ကြီးထွားဖွံ့ဖြိုးမှုရှိဖို့လိုသလို ကိုယ်အလေးချိန်လည်းတက်လာဖို့လိုပါမယ်။
မွေးဖွားမလာသေးတဲ့ ဘေဘီလေးဗိုက်ထဲမှာ ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့ဆိုရင် မေမေတို့အနေနဲ့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုစားပေးပါ
ဘေဘီလေးက အာဟာရအတွက်မေမေ့အပေါ်မှာ အပြည့်အဝမှီခိုထားရတာပါ။ ဒါကြောင့် မေမေကကိုယ်တိုင်ကျန်းမာဖို့ရော ဘေဘီလေးပါကျန်းမာစေဖို့ အာဟာရပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။ ဒါကြောင့် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ထမင်း၊ ဂျုံ၊ အဆီမပါတဲ့ အနီရောင်အသား၊ ကြက်သား၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ငါးတို့ကို သင့်တင့်မျှတအောင်စားသုံးပေးသင့်ပါတယ်။ အငန်နည်းတဲ့ အသီးခြောက်တွေ၊ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကိုလည်း စားပေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ဗီတာမင်
မေမေက အစားရွေးတဲ့သူဖြစ်ခဲ့မယ်ဆိုရင်တော့ ဘေဘီလေးကြီးထွားဖွံ့ဖြိုးမှုကို မထိခိုက်စေဘဲ ဘေဘီလေးကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဗီတာမင်ဖြည့်စွက်စာတွေကိုစားသုံးပေးလို့ရပါတယ်။
ရေဓာတ်ပြည့်ဝအောင်နေပါ
ကိုယ်ဝန်ဆောင်ကာလမှာ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့အတွက် ရေများများသောက်ပေးပါ။ ရေဓာတ်ခမ်းခြောက်မှုကကြီးမားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ သစ်သီးဖျော်ရည်တွေသောက်ပါ။ နို့ အပါအဝင်ရေဓာတ်ပြည့်ဝစေမယ့်သောက်စရာတွေကိုသောက်ပေးပါ။
ပြည့်ပြည့်ဝဝအနားယူပါ
ပြည့်ပြည့်ဝဝအနားယူမှုကလည် ကိုယ်ဝန်ဆောင်မိခင်တိုင်အတွက်အရေးပါတဲ့ အချက်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ပြည့်ဝတဲ့ အိပ်စက်ချိန်မရှိတာ စိတ်ဖိစီးမှုများတာတွေက ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၈ နာရီထားပေးပါ။ ပင်ပန်းခံတာမျိုးမလုပ်ဘဲ ပြည့်ဝတဲ့ အနားယူမှုရှိဖို့လည်း မမေ့ပါနဲ့။
စိတ်ဖိစီးမှုကင်းအောင်နေပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်သင့်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ဂရုစိုက်ဖို့လိုပါမယ်။ ကိုယ်ရဲ့စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေကြောင့် မွေးဖွားမလာသေးတဲ့ဘေဘီလေးမှာ ထိခိုက်မှုမဖြစ်စေဖို့ စိတ်ရှုပ်စရာတွေကို မတွေးပါနဲ့။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှဖြေလျှာ့ပါ။ တရားထိုင်ပေးပါ။
ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ
ကလေးက အနေအထားမှန်ရဲ့လား။ ပုံမှန်ကြီးထွားဖွံ့ဖြိုးရဲ့လား။ မေမေရော ကိုယ်ဝန်ဆေင်ဆီးချို၊သွေးတိုးတွေခံစားနေရလားဆိုတာကို သိစေဖို့ ပုံမှန်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။ ဆေးခန်းပုံမှန်ပြတာ၊ လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံမှုတွေကို မပျက်မကွက်လုပ်သင့်ပါတယ်။
မွေးလာမယ့် ဘေဘီလေးကျန်းမာနေစေဖို့ တာဝန်အရှိဆုံးက မေမေဖြစ်သလို ရွေးချယ်ပိုင်ခွင့်ကလည်း မေမေ့လက်ထဲမှာပါနော်……………….