brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

15 ပတ်

15 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

အခု 15 ပတ် မြောက်ကို ရောက်လာတဲ့အခါမှာ ကလေးလေးက ပန်းသီးအရွယ် ၇၅ ဂရမ်၊ ၁၀ စင်တီမီတာလောက် ရှိလာပါပြီ။

15 ပတ်

ကလေးလေးက ဆက်ပြီးဖွံ့ဖြိုးလာတာကြောင့် ခြေလက်လေးတွေ စလှုပ်လို့တောင် ရနေပါပြီ။ မကြာခင်မှာ ဗိုက်ထဲက လှုပ်ရှားမှုတွေကို ခံစားမိလာမှာပါ။ကလေးလေးက အသက်ရှူဖို့၊ မျိုချဖို့၊ စုပ်ယူဖို့ကို သင်ယူနေပါပြီ။ မွေးလာတဲ့အခါ အသက်ရှင်နေနိုင်ဖို့ ဒါတွေကို သူလေး နေ့တိုင်းလေ့ကျင့်နေလေရဲ့။ ဒီအပတ်မှာ အာထရာဆောင်းရိုက်ကြည့်ရင် ကျားမခွဲလို့ ရချင်ရနေလောက်ပြီနော်။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

သွားဖုံးက ပိုပြီးထိလွယ်ရှလွယ် ဖြစ်လာတာကို သတိထားမိကြရဲ့လား။ သွားဖုံးက သွားတိုက်တံ၊ သွားပွတ်ကြိုးတွေနဲ့ တိုက်တိုင်း နီပြီးရောင်လာတာ၊ သွေးထွက်လွယ်တာမျိုး ဖြစ်လာနိုင်ပါ တယ်။ ကိုယ်ဝန်ဆောင်ကာလ သွားဖုံးရောင်ခြင်းလို့ သွားဆရာဝန်တွေ ခေါ်ပါတယ်။

အဖြစ်များပြီး ကိုယ်ဝန်ဟော်မုန်းကြောင့် ဖြစ်တာပါ။ ကိုယ်ဝန်မဆောင်ခင်ကထက် သွားကို ပိုဂရုစိုက်ဖို့လိုပါတယ်။ တစ်နေ့ကို ၂ ကြိမ်အနည်းဆုံး သွားတိုက်ဖို့ တိုက်တွန်းပါရစေ။ ဒါ့ပြင် အစာစားပြီးတိုင်း ပလုပ်ကျင်းတာကိုလည်း လုပ်ပေးသင့်ပါတယ်၊၊ တခြားအရာတွေလည်း အရေးကြီးတယ်ဆိုပေမယ့် သွားတွေကို လျစ်လျူမရှုထားပါနဲ့။ သွားတွေကို အထောက်အကူပေးတဲ့ တစ်ရှူးတွေကို ရောဂါပိုးတွေဝင်ပြီး လမစေ့ဘဲမွေးတာမျိုး ဖြစ်နိုင်ပါတယ်။ ကြိုတင်ကာကွယ်ပြီး သွားသန့်ရှင်းနေဖို့ကို အဓိကထားကြပါ။

15 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

စိတ်ခံစားချက်အပြောင်းအလဲတွေလည်း ကြုံရမှာပါ။ စိတ်က တက်လိုက်ကျလိုက်ဖြစ်နေပြီး ခန့်မှန်းလို့ မရနိုင်ပါဘူး။ ဖြစ်နိုင်တာလေးတွေကတော့

  • အကြောင်းပြချက်မရှိဘဲ ငိုခြင်း
  • ကိုယ်ဝန်အကြောင်းတွေးလိုက်ရင် စိတ်မပူဘဲပျော်လာခြင်း
  • နဂိုရှိပြီးသားအင်္ကျီတွေ ဝတ်လို့မရတော့တဲ့အခါ စိတ်မကောင်းဖြစ်ခြင်း
  •  အာရုံစိုက်လို့မရရင် စိတ်တွေမွန်းကျပ်လာခြင်း
  •  တစ်ခုခုမေ့သွားတဲ့အခါ ဒေါသထွက်ပြီး ပစ္စည်းတွေကောက်ပေါက်ချင်စိတ်ဖြစ်ခြင်း

ဒီခံစားချက်တွေက ဆိုးရွားနေနိုင်ပေမယ့် နောက်အပတ်တွေကျ အဆင်ပြေသွားမှာပါ။ စိတ်ဖြေလျှော့ဖို့ တစ်ယောက်ယောက်နဲ့စကားပြောတာ၊ ကိုယ်ဝန်ဆောင်ကာလမှာ ဒိုင်ယာရီရေးတာ၊ သီချင်းနားထောင်တာမျိုး လုပ်ကြည့်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းကပဲ ဒီခံစားချက်တွေကိုဖြစ်စေနေတာပါ။ ဒီအချိန်မှာ ဘာဆုံးဖြတ်ချက်မှ မချတာကောင်းပါတယ်။ ကောင်းကောင်းစဉ်းစားနိုင်တဲ့အချိန် နောက်အပတ်တွေအထိ စောင့်ကြပါ။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ဓာတ်မတည့်တာတွေက ဒီအချိန်မှာ ပိုဆိုးလာတတ်ပါတယ်။ ဓာတ်မတည့်တာရှိတဲ့ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များပါတယ်။ ဓာတ်မတည့်တာက ပိုဆိုးလာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာစေပြီးဆို ဆရာဝန်ဆီ သွားပြကြပါ။ သောက်နေကျဆေးတွေက ကလေးကိုထိခိုက်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့သွားပြတာ ပိုကောင်းပါတယ်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

ဒုတိယ ၃ လ ကို ဆရာဝန်က အနည်းဆုံးတစ်လတစ်ကြိမ်လောက် လာပြစေချင်ပါလိမ့်မယ်။ လာပြတိုင်း ပုံမှန်သွေးပေါင်တိုင်းတာ၊ ဆီးစစ်တာလုပ်မှာပါ။

ကိုယ်ဝန်ဆိပ်တက်လားသိဖို့ သွေးပေါင်တိုင်းတာကအရေးကြီးပါတယ်။ ကလေးရော အမေပါ ဘေးဖြစ်နိုင်လို့ပါ။ တခြားလက္ခဏာတွေက ဆီးမှာ ပရိုတင်းတွေပါလာတာ၊ ကျောက်ကပ်၊ အသည်းအပြောင်းအလဲဖြစ်တာ၊ ခေါင်းကိုက်တာ၊ အမြင်အာရုံပြောင်းလဲလာတာတွေပါ။ ဒါတွေကို ဆီးစစ်ပြီးတော့ သိနိုင်ပါတယ်။ အဖြေထွက်ရင် ဆရာဝန်ကို မေးပြီးဘာတွေဖြစ်နေလည်းဆိုတာ တိုင်ပင်ကြည့်ပါ။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

သွားဆရာဝန်နဲ့ ပြတာကောင်းပါ့မလားဆိုပြီး စိတ်ထဲထင့်နေလား။ ပြသင့်ပါတယ်။ သွားဆရာဝန်က သွားတွေကို သန့်ရှင်းပေးပြီး အပေါက်တွေလည်း ဖာပေးမှာပါ။ ကိုယ်ခံအားကျနေတဲ့အတွက် သွားဆရာဝန်က ရောဂါပိုးမဝင်အောင်ပါ တစ်ခါထဲလုပ်ပေးလိုက်မှာပါ။

မတည့်တဲ့ဆေးတွေရှိရင် သွားဆရာဝန်ကို အပြီးပြောထား ပါ။ ဒါမှ ဘာဆေးပေးရင် အဆင်ပြေမလဲသိမှာပါ။ ရောဂါကာကွယ်ဖို့အတွက် ပဋိဇီဝဆေးတွေ လိုနိုင်ပါတယ်။ အနာသက်သာအောင် ဆေးပေးမယ်ဆိုလည်းဆရာဝန်က သင့်တော်တဲ့ဆေးကို ရွေးပေးပါလိမ့်မယ်။

၁၆ပတ်မြောက်ကျရင်တော့ ဘာတွေဆက်ဖြစ်မှာလဲ

ရေးသားသူ- Hmwe San Eain

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Hmwe San Eain · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။