ဘယ်မိဘကမှ ကိုယ့်သားသမီးကို မုဒိမ်းကျင့်တတ်အောင် သင်ပေးမှာတော့ မဟုတ်ပါဖူး။ ဒါပေမယ့် အံ့ဩစရာကောင်းတာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ကိုယ်တိုင်မသိလိုက်ဘဲနဲ့ ကလေးတွေကို သူတပါးသားသမီးစော်ကားတတ်အောင်၊လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်အောင် သင်ပေးနေသလိုဖြစ်နေတတ်ပါတယ်။
မယုံဖူးဆိုရင် အောက်က အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။
ယောက်ျားလေးတွေကို အရမ်းအလိုလိုက်တာ
ဟုတ်ပါတယ်။ ယောက်ျားလေးတွေဟာ အဆော့မက်ပါတယ်၊သောင်းကျန်းပါတယ်။ ဒါပေမယ့် အဆော့မက်သောင်းကျန်းတာနဲ့ အကျင့်ပျက်ဆိုးသွမ်းတာကို မိဘအတော်များများက မခွဲခြားနိုင်တာ ခက်ပါတယ်။
ယောက်ျားလေးပဲ သောင်းကျန်းမှာပေါ့ ဒီလောက်တော့ရှိမှာပေါ့ဆိုပြီး အလိုလိုက်ဖန်များလာတဲ့အခါ ကလေးတွေရဲ့ စိတ်ထဲမှာ တခြားသူတွေ၊သူငယ်ချင်းတွေကို မခံသာအောင်စရတာ၊အနိုင်ကျင့်ရိုက်နှက်ရတာဟာ ဘာမှမဟုတ်ဖူး၊သူလုပ်ချင်သလို လုပ်ခွင့်ရှိတယ်လို့ ထင်သွားပါတော့တယ်။
ဒီလိုနဲ့ တဖြည်းဖြည်း လူဆိုးလေးတွေဖြစ်လာပြီး စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တော့ဘဲ ရမ်းကားသောင်းကျန်းတာဟာ သူတို့ရဲ့ အမူအကျင့် ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။
ဖက်တာနမ်းတာကို အတင်းခိုင်းတာ
မိဘအတော်များများဟာ ကိုယ့်ကလေးကြိုက်လားမသိ၊မကြိုက်လားမသိဘဲ တခြားသူတွေ ဥပမာ အမျိုးတွေ၊သူငယ်ချင်းတွေကို အတင်းဖက်ခိုင်း၊နမ်းခိုင်းလေ့ ရှိကြပါတယ်။
ဒီလိုမျိုးတွေလုပ်တဲ့အခါ ကြာလာတော့ ကလေးတွေရဲ့ စိတ်ထဲမှာ ဖက်တယ်၊နမ်းတယ်ဆိုတဲ့ အနီးကပ်အပြုအမူတွေဟာ တယောက်လုပ်ချင်တာနဲ့ တဖက်သတ် လုပ်လို့ရတဲ့ ကိစ္စတွေဆိုပြီး တဖြည်းဖြည်း ယူဆလာပါတယ်။ တဖက်လူ ကြိုက်တာမကြိုက်တာ၊သဘောတူတာမတူတာ အရေးမပါတော့ပါဖူး။
မိဘတွေ နားလည်ထားသင့်တာက သင့်ကလေးအနေနဲ့ ချစ်ခြင်းမေတ္တာနဲ့ ရင်းနှီးခြင်းကို ဖော်ပြလို့ရတဲ့ တခြားနည်းလမ်းတွေ အများကြီးရှိသေးတယ်ဆိုတာပါပဲ။
ကလေးတွေကို အတင်းအကျပ် ခိုင်းမယ့်အစား “မီးမီးလေး တီတီကို အာဘွားပေးချင်လား” ဒါမှမဟုတ် “သားသား ကိုကိုနဲ့ ရှိတ်လိုက်ပါဦး” စတဲ့ အရိပ်အမြွက်လေးတွေပြပြီး စောင့်ကြည့်လို့ ရပါတယ်။ အရေးအကြီးဆုံးက “သဘောတူခွင့်ပြုချက်” ဟာ အင်မတန်အရေးကြီးတယ်ဆိုတာ သင့်ကလေး စွဲစွဲမြဲမြဲ နားလည်အောင် သင်ပေးရပါမယ်။
အကျိုးအကြောင်းမသိဘဲ ရမ်းပြီး အပြစ်တင်တာ
“မင်းကဘာသွားလုပ်လိုက်လို့ သူက ပြန်လုပ်တာလဲ” တခါတလေ မိဘတွေက ဒီလိုမေးခွန်းမျိုးမေးလေ့ရှိတာ သင်ကြားမိမှာပါ။ ကလေးတွေ ဆော့ကြရင်း တယောက်နဲ့ တယောက် ထိခိုက်မိကြတယ်ဆိုတာ သဘာဝပါ။
ဒီလို အနေအထားမျိုးမှာ မိဘတွေရဲ့ ကိုင်တွယ်မှုက အရေးကြီးလာပါပြီ။ ခုနက မေးခွန်းမျိုးကို မေးလိုက်ခြင်းဟာ “ပြဿနာတခုဟာ ခံရသူကြောင့် ဖြစ်ရတာ၊ခံရသူသာ မှားတာ” ဆိုတဲ့ အယူအဆကြီးကို စပြီး ရိုက်သွင်းပေးလိုက်တာပါပဲ။ ဆက်စပ်ပြီးတွေးရင် အကြမ်းဖက်မှု၊အနိုင်ကျင့်မှုတခုဟာ ခံရသူမှားလို့ဖြစ်တယ်၊လုပ်တဲ့သူအနိုင်ကျင့်တဲ့သူရဲ့ အပြစ်မဟုတ်ဖူးလို့ ထင်သွားပါပြီ။
ဒါဟာ အရပ်ထဲမှာ ကြားရလေ့ရှိတဲ့ “ဖြစ်မှာပေါ့ ကောင်မက ဘယ်လိုအတိုအပြတ်တွေ ဝတ်ပြီး ညကြီးသန်းခေါင် လျှောက်သွားနေလဲမှ မသိတာ” ဆိုတဲ့ victim blaming လို့ ခေါ်တဲ့ အနိုင်ကျင့်ခံရသူကို အပြစ်တင်တဲ့ အခြေအနေပြောစကားမျိုးနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် သင့်ကလေး ရန်ဖြစ်လာတယ်ဆိုရင် ဘာမှမပြောခင် ပြဿနာအခြေအနေနဲ့ အကြောင်းရင်းကို ပြည့်ပြည့်စုံစုံသိအောင် အရင်လုပ်ပါ။
ပြီးမှ လိုအပ်သလို မှန်ကန်စွာ ဆုံးမဆွေးနွေးပါ။ ဒါ့အပြင် အနိုင်ကျင့်တဲ့သူအနေနဲ့ ဒေါသကို ချုပ်ထိန်းလို့ ရကြောင်း၊ကိုယ့်စိတ်မပါဘဲ အကြမ်းဖက်ရန်ဖြစ်ဖို့ ဘယ်သူကမှ အတင်းလာဆွလို့ မရဖူးဆိုတဲ့အကြောင်း သဘောပေါက်နားလည်အောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြဆွေးနွေးပေးပါ။
အမျိုးသမီးတွေကို အထင်အမြင်သေးစိတ် ဝင်လာအောင် (မရည်ရွယ်ဘဲ)ပြောမိတာ
မိဘဆိုတာ ကလေးတွေရဲ့ လက်ဦးဆရာပါ။ မိဘတွေ ပြောသမျှ၊လုပ်သမျှတွေဟာ ကလေးတွေ လိုက်အတုခိုးဖို့ချည်းပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အမျိုးသမီးတယောက်ရဲ့ ဝတ်စားဆင်ယင်မှုကို ရှုံ့ချမကောင်းပြောမယ် ဒါမှမဟုတ် အမျိုးသမီးတွေကို နှိမ့်ချပြီးပြောမယ်ဆိုရရိရိ သင့်ကလေးဟာ သင်ပြောသမျှတွေကို မှတ်ထားမှာပါ။
တဖြည်းဖြည်းနဲ့ ကလေးရဲ့ စိတ်ထဲမှာ ဒါကြီးဟာ စွဲလာပြီး (အခြေအနေတခုခုနဲ့ ကြုံတွေ့ရတဲ့အခါ) အမျိုးသမီးတွေဟာ မုဒိမ်းကျင့်ခံရဖို့ ထိုက်တန်တယ်ဆိုတဲ့ အတွေးရိုင်းတွေ စွဲသွားတတ်ပါတယ်။
[embed-health-tool-bmi]