backup og meta

အသက် ၂၀ အရွယ်မှာ ပျော်ရွှင်နေတဲ့ လူငယ်တစ်ယောက် ဖြစ်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၂၀ အရွယ်မှာ ပျော်ရွှင်နေတဲ့ လူငယ်တစ်ယောက် ဖြစ်စေဖို့

    လူတစ်ယောက်ရဲ့ ဘဝခြေလှမ်းအစဆိုတာ အသက် ၂၀ ပြည့်ပြီး ၃၀ မရောက်ခင် အချိန်ကာလမှာ စတင်ပါတယ်။ ကလေးဘဝ၊ ဆယ်ကျော်သက် ဘဝနဲ့ လုံးဝမတူ ပြောင်းလဲနေတဲ့ ဘဝအသစ်တစ်ခုကို ရှာဖွေဖော်ထုတ်ကြရတယ်။ ဒီဘဝထဲမှာ ကျင်လည်ဖြတ်သန်းနိုင်ဖို့ စတင်ရုန်းကန်ကြရတယ်။ လောကဓံရဲ့ တိုက်စားမှုဒဏ်ကို စတင်ခံစားကြရတဲ့ အရွယ်ပေါ့။ ဒီဆောင်းပါးမှာတော့ အသက် ၂၀ မှ ၂၉ နှစ်ထိ လူငယ်တစ်ယောက်ရဲ့ ဘဝကို ပျော်စရာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ၁။ အိပ်မက်ကို စတင်ရှာဖွေပါ။

    ဒီလိုအချိန်ဟာ ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာ ရှိတဲ့ အနာဂတ်တစ်ခုကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါ။ တက္ကသိုလ်မှာ လူကြီးစကားတွေ နားယောင်ပြီး ကိုယ်စိတ်မပါတဲ့ မေဂျာ၊ ကျောင်းကို တက်ခဲ့မိတယ် ဆိုရင်လည်း အချိန်မီ ပြင်ဆင်သင့်တဲ့ အရွယ်ကောင်းပေါ့။ ကိုယ့်ရဲ့ အိပ်မက်ကို ကိုယ်တိုင်ရှာဖွေတဲ့ နေရာမှာ တခြားသူတစ်ဦးတစ်ယောက်ရဲ့ စကားတွေကို နားယောင်ဖို့ မလိုအပ်သလို တခြားသူတွေ လုပ်သမျှ အကုန်အတုယူပြီး လိုက်လုပ်စရာလည်း မလိုပါဘူး။

    ၂။ သူငယ်ချင်းအသစ်တွေ စတင်ရှာဖွေပါ။

    ဘဝအသစ်ကို စတင်ခြေလှမ်းတော့မယ့် အရွယ်မှာ ကလေးဘဝ၊ ကျောင်းနေအရွယ်၊ တက္ကသိုလ်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက ပါလာချင်မှ ပါလာတော့မှာပါ။ ပါလာခဲ့တယ်ဆိုရင်တောင် အကုန်လုံးက သူ့လမ်းသူလျှောက်၊ သူ့ဘဝသူဖောက်ရတော့မယ့် အချိန်ဖြစ်တာကြောင့် အရင်လို အမြဲအတူ လျှောက်သွား၊ လျှောက်စားနေလို့ မရတော့ပါဘူး။ ဒီအတွက် ကိုယ်လက်ရှိရောက်နေတဲ့ နေရာ၊ အလုပ်အကိုင်၊ နယ်ပယ်မှာ ကိုယ့်လိုပဲ ဝါသနာတူ၊ အကျင့်စရိုက်တူတဲ့သူတွေ၊ ကိုယ့်ဘဝအတွက် အကြံကောင်း ပေးနိုင်မယ့်သူတွေကို ပေါင်းသင်းဖို့ စတင်ရှာဖွေရပါမယ်။

    ၃။ စွန့်စွန့်စားစား လုပ်ကိုင်ပါ။

    တစ်ခါတလေ ဘဝမှာ အောင်မြင်ဖို့ဆိုတာ တခြားသူတွေ ဖောက်ခဲ့တဲ့လမ်းကို နောက်က လိုက်လျှောက်တာမျိုး မဟုတ်ဘဲ ကိုယ်တိုင် လမ်းအသစ်တွေကို ဖောက်တတ်ဖို့လည်း လိုအပ်ပါတယ်။ အစပိုင်းမှာတော့ ကြောက်စရာ ကောင်းနေမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့ ရင်းနှီးအကျွမ်းတဝင်မရှိတဲ့ နယ်ပယ်အသစ်မှာ လမ်းစဖောက်ရမှာကိုး။ ဒါပေမယ့်လည်း အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးမယ့်သူတွေ၊ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ အကြံကောင်း ပေးနိုင်မယ့်သူတွေကို အနားမှာ ထားပြီး အတူတကွ လက်တွဲလုပ်ကိုင်ပါ။ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေ ဝင်လာရင် မောင်းထုတ်ပါ။ ဘယ်အရာကမှ စွန့်ဦးတီထွင်သူ မရှိဘဲ သူ့အလိုလို စတင်ပြီး အောင်မြင်သွားတယ်ဆိုတာ မရှိပါဘူး။ အကုန်လုံးက စတင်ကြိုးစားပြီး လမ်းဖောက်ခဲ့သူ ရှိလို့ နောင်လာနောက်သားတွေ အဆင်ပြေချောမွေ့စွာနဲ့ လျှောက်လှမ်းနေကြတာပါ။

    ၄။ အလုပ်အတွက် အားအင်အပြည့်အဝ စိုက်ထုတ်ပါ။

    ဒီလို အသက် ၂၀ အရွယ်ဆိုတာ အားအင်ပြည့်ဝ၊ စိတ်ကူးဉာဏ်ရင့်သန်ပြီး ကြိုးစားချင်စိတ် အပြည့်အဝ ရှိနေတဲ့ လူငယ်တစ်ယောက်ရဲ့ အကောင်းဆုံး အရွယ်ပါ။ ဒါကြောင့် ခုလိုအရွယ်မှာ ကိုယ်နိုင်တာထက် ပိုပြီး ကြိုးစားလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့လို ကြိုးစားပြီး ကိုယ်ဝါသနာပါတဲ့ နယ်ပယ်မှာ အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့ရင် ကိုယ့်ရဲ့ ဘဝအနာဂတ်ဟာ သိပ်ကို လှပပျော်ရွှင်နေဖို့ဆိုတာ ရာနှုန်းပြည့်နီးပါး သေချာသွားပါပြီ။ အချိန်တွေ လုံးဝမဖြုန်းပါနဲ့။ စိတ်နဲ့ ခန္ဓာကို အနားပေးနေတဲ့ အချိန်မှာလည်း ကိုယ့်ဘဝအတွက် တက်လမ်းတွေကို ရှာဖွေနေပါ။

    ၅။ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြတ်သားတတ်ပါစေ။

    လူငယ်နဲ့ လူကြီးရဲ့ ကြားကာလ ဖြစ်တဲ့အတွက် ဒီလိုအရွယ်မှာ ပြတ်သားသင့်တာတွေ ပြတ်သားပစ်ဖို့ အရေးကြီးပါတယ်။ အချစ်ရေးဟာလည်း ထိုနည်းတူပါပဲ။ ကိုယ့်ဘဝအတွက် ရေရှည်လက်တွဲဖို့ အဆင်မပြေတဲ့သူဆိုရင် စောစောစီးစီး ချန်ထားခဲ့ပါ။ ကိုယ်ကြိုးစားနေသလောက် အချိန်ကာလက ကိုယ့်ဘဝအတွက် အသင့်တော်ဆုံး ဖြစ်မယ့် လက်တွဲဖော်တစ်ယောက်ကို တွေ့ဆုံလာဖို့ အခွင့်အရေး ပေးပါလိမ့်မယ်။ အဲ့ဒီအခါမှာ ကိုယ့်ဘဝလက်တွဲဖော် ဂုဏ်ယူလောက်စရာ အရည်အချင်းရှိတဲ့ လူသားတစ်ယောက် ဖြစ်နေဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေဖို့ အရေးကြီးပါတယ်။

    ၆။ ခရီးများများ ထွက်ပါ။

    ခရီးထွက်ခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်ကို လွတ်မြောက်ခွင့် ပေးနိုင်သလို ပျော်ရွှင်ခြင်းတွေလည်း ပေးစွမ်းနိုင်တယ်။ နေရာအသစ်၊ ယဉ်ကျေးမှုအသစ်တွေနဲ့ တစ်ခါမှ မမြင်ဖူးတဲ့ အသစ်အဆန်းတွေကို ကိုယ့်မျက်စိနဲ့ လေ့လာခံစားကြည့်နိုင်မယ်။ စိတ်ကူးဉာဏ်၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရင့်သန်စေပြီး ကိုယ့်ရဲ့ စိတ်ကို ကလေးဘဝကတည်းက ခတ်ထားခဲ့တဲ့ ဘောင်တွေ၊ နံရံတွေကနေ လွတ်ထွက်လာစေဖို့ တံခါးချပ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပြည်တွင်းဖြစ်စေ၊ နိုင်ငံရပ်ခြားဖြစ်စေ ခရီးသွားပါ။ ဝင်ငွေ အများကြီး မရှိသေးဘူးဆိုရင်လည်း စရိတ်နည်းနည်းနဲ့ သွားလို့ရမယ့် budget trip မျိုးတွေ ထွက်ပါ။ အပေါင်းအသင်းတွေနဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ ခရီးသွားပါ။

    ၇။ မိဘတွေရဲ့ စကားတွေကို ဆင်ခြင်တရား ထည့်ပြီး နားထောင်ပါ။

    ဒါက ကျွန်တော်တို့ လူငယ်တွေကြား အမြဲအမေးများတဲ့ ကိစ္စတစ်ခုပါ။ တချို့ကျတော့လည်း လူငယ်သဘာဝ ကိုယ့်သဘောအတိုင်း လုပ်ချင်သလို လုပ်မယ်။ တချို့ကျတော့လည်း ငယ်ငယ်ကတည်းက မိဘစကား တသွေမတိမ်း နားထောင်တဲ့ ဘေဘီလေးတွေဆိုတော့ မိဘတွေ ဘာပြောပြော လိုက်နာတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆင်ခြင်တုံတရား ထည့်ပြီး စဉ်းစားပြီးမှ လိုက်နာပေးပါ။ မိဘတွေ ပေးတဲ့ အကြံမှာ ကိုယ့်ဘဝအတွက် အကျိုးဖြစ်စေတာ ရှိနိုင်သလို ကိုယ်မျှော်မှန်းထားတဲ့ အနာဂတ်နဲ့ ဘာမှမဆိုင်တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ အဓိက ကိုယ့်ကိုယ်ကိုယ် လူကြီးတစ်ယောက်လို သဘောထားပြီး အသင့်တော်ဆုံးဖြစ်မယ့် အကြံဉာဏ်ကို လိုက်နာဖို့သာ အရေးကြီးပါတယ်။

    ဒီနေရာမှာ နောက်ထပ် ပြောချင်တာတစ်ခုက လူကြီးတွေ မကြာခဏ ပြောတတ်တဲ့ ငါတို့က လူငယ်ဘဝက တက်လာတယ်ဆိုတဲ့ ကိစ္စပါ။ မှန်သင့်သလောက် မှန်တယ်ဆိုပေမယ့် လူကြီးတွေ ဖြတ်သန်းလာတဲ့ ခေတ်ကာလ လူငယ်ဘဝနဲ့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ လက်ရှိ လူငယ်ဘဝဆိုတာ လုံးဝကွာခြားပါတယ်။ အဲ့လိုပဲ ကျွန်တော်တို့တွေ လူကြီးဖြစ်ရင်လည်း နောက်လူငယ်တွေ တွေ့ကြုံရမယ့် လူငယ်ဘဝက ကွာခြားနေဦးမှာပါ။ ဒါကို Generation Gap ခေတ်ကာလရဲ့ ကွာခြားခြင်းလို့ ခေါ်ပါတယ်။ ဒါကြောင့်ပဲ ပြောသမျှ စကားတိုင်းကို ဆင်ခြင်တုံတရားထည့်ပြီး စဉ်းစားပြီးမှ လိုက်နာသင့်တာ လိုက်နာဖို့ အကြံပေးရခြင်း ဖြစ်ပါတယ်။

    ၈။ နောင်တရစေမယ့် ကိစ္စတွေကို မလုပ်ပါနဲ့တော့။

    ဒီလိုအရွယ်ဟာ ငါလုပ်သင့်ပါ့မလားဆိုပြီး တွေးတောပူပန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ့်စိတ်ကူးအိပ်မက်ထဲက အတိုင်း လက်တွေ့ဖြစ်အောင် ဖန်တီးရတော့မယ့် အချိန်ကာလပါ။ ဒီလိုအချိန်မျိုးမှာ နောင်တတွေနဲ့ အသက်ရှင်ရင်တော့ ကိုယ့်ဘဝခရီးလမ်းက ထင်သလောက် ခရီးပေါက်တော့မှာ မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ်မှာ မှားခဲ့တဲ့ အရာတွေ ရှိရင်လည်း ဒီလို ၂၀ အရွယ်မှာ ရအောင် ပြန်ပြင်ဖို့ မမေ့ပါနဲ့။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ဖြတ်သန်းရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement