backup og meta

တန်ဖိုးရှိတာမို့ တန်ဖိုးထားရမယ့် လူငယ်ဘဝ


Ye Zon Aung မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တန်ဖိုးရှိတာမို့ တန်ဖိုးထားရမယ့် လူငယ်ဘဝ

    လူငယ်ဘဝအကြောင်း ပြောကြတဲ့အခါ ပြုံးချင်စရာ၊ ရွှင်ချင်စရာ၊ မျက်ရည်ဝဲချင်စရာ အတိတ်ရဲ့ အစိတ်အပိုင်းလေးတွေဟာ အတွေးပုံရိပ်တွေထဲမှာ တစ်လွှာခြင်း တစ်ချပ်ခြင်း ပေါ်လာလိမ့်မယ်။

    “ငါတို့ ငယ်ငယ်တုန်းကဆိုရင်ကွာ” လို့ စကားချီပြီး တချို့က မျက်ရည်လေး စမ်းစမ်း၊ စမ်းစမ်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြလိမ့်မယ်။ ကျောင်းဝန်းထဲက ကုက္ကိုပင်ကြီးအောက်မှာ ဘောလုံးကန်ခဲ့တာကနေစလို့ ယုန်ရုပ်မီးပုံးလှည်းလေးတွန်းရင်း တန်ဆောင်တိုင်းပွဲဈေးထဲ ပတ်လျှောက်ခဲ့ကြတာအဆုံး ဘဝမှာ အမှတ်တရတွေ ဒုနဲ့ဒေးမဟုတ်လား။

    အမှတ်တရတွေနဲ့အတူ ကိုယ်ဖြတ်သန်းခဲ့တဲ့လူငယ်ဘဝနဲ့ ပတ်သက်ပြီး တစ်ဦးချင်းစီအလိုက် မှတ်ယူထားတဲ့ သတ်မှတ်ထားတဲ့ တန်ဖိုးတွေရှိနေတတ်ကြတယ်။ ဖြတ်သန်းမှုအပေါ်မူတည်ပြီး တန်ဖိုးထားမှုခြင်း၊ စံနှုန်းခြင်း ကွာဟနိုင်တာမှန်ပေမယ့် အကြောင်းတိုက်ဆိုင်လာတိုင်း “ငါတို့တုန်းကတော့ ဒီလိုကွ” ဆိုပြီး ရှင်းပြတတ်ကြတာပါပဲ။

    တချို့တွေကတော့ အမှတ်တရတွေနဲ့အတူ လူငယ်ဘဝ တန်ဖိုးတွေဟာ မှေးမှိန်ပျောက်ကွယ်သွားကြပြီလားလို့ တွေးထင်နေမိနိုင်ပါတယ်။ ဒီနေ့ခေတ်လူငယ်တွေရဲ့ တန်ဖိုးတွေဟာ အရင်မျိုးဆက်တွေနဲ့ ကွာဟမှုတွေ ရှိလာနေလို့ ထင်မြင်ယူဆချင်စရာဖြစ်လာနေတယ်မဟုတ်လား။

    လူငယ်ဘဝဟာ တန်ဖိုးရှိပါတယ်။ လူငယ်ဘဝက အမှတ်တရတွေ၊ တန်ဖိုးတွေဟာ တစ်နေ့လူကြီးတစ်ယောက်အဖြစ် လူလားမြောက်လာချိန်မှာ သင်ဘယ်လိုလူဖြစ်လာမယ်ဆိုတာကို ပုံသွင်းပေးမယ့်အရာတွေပါ။

    မျိုးဆက်မတူမှုနဲ့ တန်ဖိုးမတူမှု

    ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့အတူ လူငယ်ဘဝရဲ့ တန်ဖိုးအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း ပြောင်းလဲလို့လာပါတယ်။ ခေတ်မတူတာကြောင့် ကွဲလွဲမှုတွေရှိလာခဲ့ရင်တောင်မှ အခြေခံသဘောတရားတွေကတော့ တူညီနေကြဦးမှာပါ။

    အခြေခံအားဖြင့် လူငယ်ဘဝရဲ့ စံတန်ဖိုးအဖြစ် အောက်ပါ အချက် ၅ ချက်ကို သတ်မှတ်ထားပါတယ်။

    ၁။ မျှဝေခံစားလိုစိတ်

    လူငယ်တိုင်းအတွက် မျှဝေခံစားချင်တဲ့ စိတ်ဓာတ်လေးက အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အပေါင်းအသင်း၊ မိတ်ဆွေသင်္ဂဟတွေနဲ့ ပျော်ရွှင်စရာတွေပဲဖြစ်ဖြစ် ခက်ခဲတာတွေကိုပဲ ဖြစ်ဖြစ် အတူမျှဝေရင်ဆိုင်ဖူးမှ ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေး၊ မိသားစုဆက်ဆံရေးတွေကို ဖန်တီးနိုင်မှာပါ။

    မျှဝေခံစားလိုစိတ်ဟာ လူငယ်ဘဝမှာတင်မကပါဘူး ကလေးဘဝကနေစလို ဘဝတစ်သက်တာလုံးမှာ အရေးပါလှတဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတစ်ခုပါ။ ကိုယ့်ပတ်ဝန်းကျင်ကို မျှဝခံစားနိုင်တဲ့လူတစ်ယောက်ဟာ တစ်ကမ္ဘာလုံးကို နေပျော်ဖွယ်ဖြစ်အောင် ဖန်တီးနိုင်မယ့်သူဖြစ်တယ်လို့ ဆိုကြတယ်မဟုတ်လား။

    ၂။ ရိုကျိုးတတ်ခြင်း

    လူကြီးသူမပေါ် လေးစားရိုကျိုးတတ်တဲ့စိတ်ထားမျိုးက ဒီနေ့ခေတ်မှာ ရှားပါးလာနေပြီလို့တောင် ဆိုကြတယ်။ ဆိုရှယ်မီဒီယာတွေ၊ နည်းပညာတွေနဲ့ လူတိုင်းဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးကို ဆက်သွယ်နိုင်နေတဲ့ခေတ်မှာ လူကြီးတွေကို ရှေ့တန်းတင်စရာမလိုတော့ဘူးလို့ တွေးမြင်လာတဲ့ လူငယ်တွေများလာကြတယ်မဟုတ်လား။

    ကိုယ်တွေ ငယ်ငယ်တုန်းကဆိုရင်တော့ လူကြီးဆုံးမတာကို နာခံရမယ်၊ ကျိုးနွံရမယ်၊ လေးစားသမှုပြုရမယ်လို့ ဆုံးမသွန်သင်တာကို ခံခဲ့ကြရဖူးတာပါ။ ဒီအချက်ဟာ ခေတ်တွေပြောင်းလဲလာလို့ အတွေးအခေါ်တွေ ပြောင်းသွားရင်တောင်မှ မပျောက်ကွယ်သွားသင့်တဲ့ တန်ဖိုး၊ အလေ့အထတစ်ခုပါ။

    ၃။ ပေါင်းသင်းဆက်ဆံမှု အရည်အသွေး

    မိသားစုဝင်တွေအကြားမှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်နဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံတဲ့အရည်အသွေးဟာ လူငယ်ဘဝမှာကတည်းက တည်ဆောက်ခဲ့ရတဲ့ အရာတစ်ခုပါ။ ဒီကနေ့ခေတ်မှာတော့ နည်းပညာရဲ့ ကျေးဇူးတွေကြောင့် လူတိုင်းဟာလူချင်းမမြင်တွေ့ပေမယ့်လည်း အပြန်အလှန်ဆက်သွယ်လို့ရနေပါပြီ။

    ဒါဆို ဒီလို Communication Skill တွေက မလိုအပ်တော့ဘူးလား။ ဒီလိုလဲမဟုတ်ပါဘူး။ မမြင်တွေ့ရတဲ့ နည်းပညာကွန်ယက်တွေထဲမှာဆို တက်ကြွစွာ ဆက်ဆံနေကြသလောက် တကယ့်အပြင်လောကထဲရောက်လာချိန်မှာ မျက်နှာချင်းဆိုင်က လူကိုတောင် ဘာတွေ ဘယ်လို ပြောဆိုဆက်ဆံရမယ်ဆိုတာကို နားမလည်ကြတော့တဲ့ လူငယ်တွေအများကြီးပါ။ နည်းပညာတိုးတက်မှုဟာ ကောင်းပါတယ်။ ဒါပေမယ့် တကယ့် တန်ဖိုး၊ တကယ့်အရည်အသွေးကိုလည်း ဆက်လက်ပြီး ထိန်းသိမ်းထားဖို့ လိုအပ်ပါသေးတယ်။

    ၄။ လူလားမြောက်နိုင်စွမ်း

    လူရယ်လို့ဖြစ်လာရင် အခက်အခဲတွေ၊ ဘေးဒုက္ခတွေ၊ စိတ်ညစ်ညူးစရာတွေကို တွန်းလှန်ကျော်ဖြတ်ပြီး လိုချင်တဲ့ပန်းတိုင်ဆီကို အရောက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အသက်အရွယ်အလိုက် အခက်အခဲတွေကနေ ရုန်းထွက်နိုင်စွမ်းတွေ တွန်းလှန်နိုင်စွမ်းတွေက အနာဂတ်မှာ ကိုယ်ဘယ်လိုလူစားမျိုးဖြစ်လာမယ်ဆိုတာကို ပုံသွင်းပေးသွားမှာပါ။

    အိမ်စာတွေကို ဘယ်လိုလုပ်ကြမယ်ဆိုတာကနေစလို့ စာမေးပွဲအတွက် ဘယ်စာတွေကျက်မယ်ဆိုတာအထိ လူငယ်ဘဝမှာ အခက်အခဲပေါင်းများစွာ ရှိနေတတ်ပါတယ်။ ဒါတွေကို တွန်းလှန်ကျော်ဖြတ်ရင်း တဖြည်းဖြည်း ကြီးပြင်းလာကြရတာမဟုတ်လား။ ဒီအချက်ကို လူလားမြောက်နိုင်စွမ်းလို့ ဆိုရမယ်ထင်ပါတယ်။ ဒီအချက်ကပဲ သင့်ကို ပိုမိုရင့်ကျက်လာစေမှာပါ။

    ၅။ နိုးကြားသတိရှိခြင်း

    လူငယ်ဘဝရဲ့ တက်ကြွမှုတွေဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ လျော့ပါးသွားရမှာပါ။ ဒါပေမယ့် အဲ့ဒီလို သတိရှိမှု၊ တက်ကြွမှု၊ စိတ်အားထက်သန်မှုတွေဟာ လူငယ်ဘဝထဲကနေ ဖယ်ထုတ်ထားလို့မရနိုင်တဲ့ တန်ဖိုးတစ်စုံတရာပါပဲ။ တစ်နေ့မှာ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်ရှင်သန်ရပ်တည်ရာကမ္ဘာကို ပြောင်းလဲပစ်လိုက်မယ်ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ စိတ်အားတက်ကြွနေကြချိန်လေးတွေဟာ နောင်တစ်ချိန်မှာ အမှတ်တရဖြစ်စရာ စိတ်ခွန်အားလေးတွေပါပဲ။

    ဒီအချက် ၅ ချက်ဟာ လူငယ်တိုင်းရဲ့ ငယ်ဘဝကို တန်ဖိုးရှိအောင် ကူညီပေးပါလိမ့်မယ်။ လူငယ်ဘဝတန်ဖိုးတွေကပဲ လူတိုင်းရဲ့ အနာဂတ်ပုံရိပ်လွှာကို ဖန်တီးပေးမှာမဟုတ်လား။ ဒီတော့ ငယ်ဘဝတန်ဖိုးဆိုတာ ဘယ်လောက်အရေးပါတယ်ဆိုတာကို နားလည်သဘောပေါက်ကြမယ်ထင်ပါရဲ့။

    တန်ဖိုးထားပါ၊ တန်ဖိုးမပျောက်ပါစေနဲ့

    ခေတ်တိုင်းမှာ လူကြီးတိုင်းက လူငယ်တွေကို ပြောနေကျစကားရှိပါတယ်။ “ငါတို့ ခေတ်ကလို မဟုတ်တော့ဘူး” ဆိုတာပါပဲ။ တန်ဖိုးတွေ၊ စံနှုန်းတွေဟာ ပြောင်းလဲနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူငယ်ဘဝဆိုတာကတော့ တန်ဖိုးရှိနေမှာပဲ မဟုတ်လား။

    ခေတ်မတူလို့ တန်ဖိုးမတူတာမျိုး မဖြစ်နိုင်ပါဘူး။ တန်ဖိုးထားမှု အကြောင်းအရာ မတူရုံသက်သက်ရယ်ပါ။ ဘယ်ခေတ် ဘယ်ကာလမှာမဆို လူငယ်ဘဝဟာ တန်ဖိုးရှိတာမို့ တန်ဖိုးထားပြီး ဖြတ်သန်းဖို့ပဲ လိုအပ်တာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement