backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဆယ်ကျော်သက်အရွယ် ဆိုတာက အသက် ၁၀ နှစ် ကနေ ၁၉ နှစ်ကြားကို ဆိုလိုတာပါ။ ဒီအရွယ်မှာ ကလေးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ကြီးထွားဖွံ့ဖြိုးမှုတွေ ရှိလာပါပြီ။ ဒီဆယ်ကျော်သက်အရွယ်မှာ ကလေးတွေရဲ့ တွေးတောမှုပုံစံတွေ၊ ခံစားမှုတွေ၊ တစ်ဦးနဲ့တစ်ဦး ဆက်ဆံပြုမူပုံတွေ ပြောင်းလဲလာပါပြီ။ ခန္ဓာကိုယ်ကလည်း လုံလောက်အောင် ကြီးထွားလာပါပြီ။

ဒီကာလမှာ သမီးတွေဟာလည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာပြီ ဖြစ်သလို အပျိုဖော်လည်း ဝင်ပါပြီ။ ယောက်ျားလေးတွေဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးနေပါပြီ။ ဆယ်ကျော်သက်အရွယ်မှာ သားသားမီးမီးတွေ ဘယ်လို ဖွံ့ဖြိုးလာတာလဲ။ ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့် တွေကို လေ့လာလိုက်ရအောင်နော်။

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ ဘာတွေ ဖွံ့ဖြိုးလာမလဲ

ဒီကာလမှာ

  • ကလေးတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက တိုးတက်လာပြီ ဖြစ်ပါတယ်။
  • အိုင်ဒီယာတွေကို တိုတိုကျဉ်းကျဉ်းပြောရုံနဲ့ နားလည်တတ်ပါပြီ။ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကို နားလည်ပါပြီ။ လူကျင့်ဝတ်တွေကိုလည်း နားလည်တတ်ပါပြီ။
  • သူငယ်ချင်းတွေအကြား စိတ်ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတွေကို  တည်ဆောက်တတ်ပါပြီ။ အပူအပင်ကင်းကင်းနဲ့ သူတို့နဲ့ အသင့်တော်ဆုံးဖြစ်မယ့် သူငယ်ချင်းတွေကို ရွေးချယ်တတ်ပါပြီ။
  • သူတို့လေးတွေက ပိုပြီး ရင့်ကျက်လာပြီ ဖြစ်သလို သူတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေဆီကို ကောင်းကောင်း လျှောက်လှမ်း တတ်ပါပြီ။
  • လူကြီးတွေရဲ့ အယူအဆတွေကို မေးခွန်းထုတ်တတ်ပါပြီ။

ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတွေ အနေနဲ့

# ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု 

ဆယ်ကျော်သက်အရွယ်မှာ ပြောင်းလဲမှု များစွာကို တွေ့ကြုံရနိုင်ပါတယ်။ ကလေးလေးအရွယ်ကနေ လူပျိုပေါက် အပျိုပေါက်အရွယ်ကို ရောက်သွားတာလေ။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲမှုတွေ ရှိသလို ကျား/မ ကွဲပြားစွာ ဖွံ့ဖြိုးလာပါပြီ။

>> သမီးငယ်လေးတွေ

သမီးလေးတွေအနေနဲ့ ဒီကာလမှာ

  • အသက် ၈ နှစ်အရွယ်က ရင်သား စဖွံ့ဖြိုးလာပြီ ဖြစ်သလို အသက် ၁၂ နှစ်ကနေ ၁၈ ကြားမှာတော့ ရင်သားက ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးလာပါပြီ။
  • အသက် ၁၀ နှစ်ဝန်းကျင်မှာ ဆီးခုံမွေးတွေ၊ ခြေသလုံးမွေးတွေ စထွက်လာပြီ ဖြစ်သလို ၁၃ နှစ် ၁၄ နှစ် ဝန်းကျင်မှာတော့ အရွယ်ရောက်ပြီးသူ တစ်ယောက်လို စတင်ဖွံ့ဖြိုးလာပါပြီ။
  • ရင်သားတွေ ထွက်၊ ဆီးခုံမွေးတွေထွက်လာပြီး ၂ နှစ်လောက် အကြာမှာတော့ ရာသီသွေးစပေါ်ပါမယ်။ အသက် ၉  နှစ်ကနေ အနောက်ကျဆုံး ၁၆ နှစ်မှာ ရာသီသွေး စပေါ်ပါပြီ။ အများစုကတော့ ၁၂ နှစ် ၁၃ နှစ်ဝန်းကျင်မှာ အပျိုစဖြစ်ကြပါတယ်။
  • မိန်ကးလေးတွေက အသက် ၁၁ နှစ် ခွဲလောက်မှာ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပြီး ၁၆ နှစ် ဝန်းကျင် အရောက်မှာ ကြီးထွားမှုနှုန်း နှေးသွားတတ်ပါတယ်။

>> ယောက်ျားလေးတွေ

ယောက်ျားလေးတွေ အနေနဲ့ ဒီကာလမှာ

  • အသက် ၉ နှစ်လောက်ကစပြီး ကပ္ပာယ်အိတ် ကြီးထွားလာတာ၊ ဝှေးစေ့ ကြီးထွားလာတာတွေကို စသတိထားမိနိုင်ပါတယ်။ ဒီလို ကြီးထွားပြီး သိပ်မကြာခင်မှာပဲ လိင်တံက ရှည်လာပါမယ်။ အသက် ၁၇ နှစ် ၁၈ နှစ်ဝန်းကျင် ရောက်ပြီဆိုရင်တော့ သူတို့လေးတွေရဲ့ မျိုးပွားအင်္ဂါက အရွယ်ရောက်ပြီးသူတွေမှာ ရှိသင့်တဲ့ အရွယ်အစားနဲ့ ပုံစံအတိုင်း ဖြစ်လာပါပြီ။
  • အသက် ၁၂ နှစ်လောက်မှာ စပြီး ချိုင်းမွေး၊ ခြေသလုံးမွေး၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ဆီးခုံမွေးတွေ စပေါက်ပါပြီ။ အသက် ၁၇ နှစ် ကနေ ၁၈ နှစ် ဝန်းကျင်ရောက်ချိန်မှာတော့ လူကြီးတစ်ယောက်လို ဖွံ့ဖြိုးပါပြီ။
  • ယောက်ျားလေးတွေက မိန်းကလေးတွေလို ရာသီပန်းမပွင့်ကြပေမယ့် လူပျိုဖော်ဝင်တာကြောင့် လိင်စိတ် စဖြစ်လာပါပြီ။ အသက် ၁၃ နှစ် ကနေ ၁၇ နှစ်ကြားမှာ Wet dreams တွေ စရှိလာပါပြီ။ နောက်အကျဆုံးအနေနဲ့ အသက် ၁၄ နှစ်ခွဲလောက်မှာ လူပျို စဖြစ်ပါတယ်။
  • လိင်တံကြီးထွားလာတာနဲ့အတူ အသံတွေ စပြောင်းလာပါပြီ။ လူပျိုဖော်ဝင်ပြီး လိင်စိတ်တွေ ဖြစ်လာတာနဲ့အတူ လိင်တံထောင်မတ်တာတွေပါ ရှိလာပါပြီ။
  • အသက် ၁၃ နှစ် ကနေ ၁၃ နှစ်ခွဲ အတွင်းမှာ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပြီး ၁၈ နှစ် ဝန်းကျင် အရောက်မှာ ကြီးထွားမှုနှုန်း နှေးသွားတတ်ပါတယ်။

မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အပျိုဖော်ဝင်တာ စောပါတယ်။ ဒါကြောင့် စစချင်းမှာ မိန်းကလေးတွေက ပိုထွားပါတယ်။ နောက်ပိုင်းမှာတော့ ယောက်ျားလေးတွေက ပိုထွားလာပြီး မိန်းကလေးတွေကို ကျော်တက်သွားပါတယ်။

ဒီအရွယ်မှာ ကလေးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ကြီးထွားဖွံ့ဖြိုးမှုတွေ ရှိလာပါပြီ။

# စိတ်ခံစားမှု နဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပြောင်းလဲမှု

ဆယ်ကျော်သက်အရွယ် ကလေးတွေမှာ စိတ်ခံစားမှု နဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပြောင်းလဲမှု အနေနဲ့

  • စိတ်ကူးယဉ်ဆန်တဲ့ ဆက်ဆံရေးတွေကို နှစ်သက်တယ်။ ဆန့်ကျင်ဘက်လိင်ကို စစိတ်ဝင်စားတတ်လာမယ်
  • မိဘတွေနဲ့ ကတောက်ကဆလေးတွေ ရှိလာမယ်။
  • ကိုယ်ပိုင်လွတ်လွပ်ခွင့်ကို ပိုမို လိုလားလာမယ်
  • ရွယ်တူ အချင်းချင်းမှာ ပိုအလေးထားဂရုစိုက်တဲ့ ဆက်ဆံရေးတွေ ရှိလာမယ်
  • မိဘတွေနဲ့ အတူနေထိုင်ချိန် နည်းလာပြီး သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ဆုံးနေမယ်
  • ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေကို ခံစားရတာတွေက အခြား အသက်အပိုင်းအခြားထက် ပိုများမယ်
  • အရက်၊ မူးယစ်ဆေးသုံးတာ၊ လုံခြုံစိတ်ချရမှု မရှိတဲ့ လိင်မှုကိစ္စတွေ လုပ်ဆောင်တာ နဲ့ အခြား ပြဿနာတွေ ရှိလာနိုင်ပါတယ်
  • ကိုယ်ခန္ဓာကိုယ် အချိုးအစားကို သဘောမတွေ့တာ၊ အစားလျှော့ပြီး ဝိတ်ချတာတွေ ရှိနိုင်ပါတယ်
  • စိတ်ဖိစီးမှုတွေကြောင့် ပညာရေးမှာ အာရုံစိုက်မှု နည်းလာတာတွေ ရှိနိုင်ပါတယ်။

# တွေးခေါ်ပုံ နဲ့ သင်ယူမှုဆိုင်ရာ ပြောင်းလဲမှု

ဆယ်ကျော်သက်အရွယ် ကလေးတွေမှာ တွေးခေါ်ပုံ နဲ့ သင်ယူမှုဆိုင်ရာ ပြောင်းလဲမှု အနေနဲ့

  • အသစ်အဆန်းတွေကို လေ့လာချင်တယ်
  • အလုပ်ခွင် အလေ့အထတွေလိုမျိုး အရာတွေကို သင်ယူချင်မယ်
  • အနာဂတ်မှာ ဘာဖြစ်ချင်တယ်ဆိုတာကို တွေးခေါ်တတ်လာမယ်
  • မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိုယ်တိုင်ရွေးချယ်မှုတွေ လုပ်လာမယ်။

# အပြုအမူပိုင်း ပြောင်းလဲမှု

ဆယ်ကျော်သက်အရွယ်ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှု အနေနဲ့

  • ရုတ်တရက်ဆိုသလို ပြောင်းလဲသွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် သူတို့ရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ထိခိုက်မခံနိုင်တာမျိုး ဖြစ်နိုင်တယ်။
  • ရွယ်တူအချင်းချင်း နှိုင်းယှဉ်ပြောခံရတာကို မကြိုက်ကြပါဘူး။
  • ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက ချောချောမွေ့မွေ့နဲ့ ပုံမှန်အစီအစဉ်အတိုင်း ဖြစ်တာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ရုတ်တရက် ပြောင်းလဲတာမျိုးဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေဆိုရင် ရာသီစက်ဝန်းကို စတင် ကြုံတွေ့ရပြီး ယောက်ျားလေးတွေဆိုရင်လည်း သူတို့ရဲ့ ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ စိတ်ခံစားမှုကို ရေရေရာရာ မသိတာမျိုး ဖြစ်နိုင်ပါတယ်။

ဘေးကင်းစေဖို့

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတွေကို ဘေးကင်းစိတ်ချရစွာနဲ့ အရွယ်ရောက်လာစေဖို့ဆိုရင်

  • သူငယ်ချင်းတွေကို ဂရုစိုက် ပေါင်းသင်းဖြစ်အောင် ရှင်းပြပါ
  • မူးယစ်ဆေး သုံးစွဲတာမျိုးတွေ မရှိအောင် သေချာ ရှင်းပြပေးပါ
  • ကလေးမှာ ဆေးလိပ်သောက်တာ၊ အရပ်သောက်တာ၊ မူးယစ်ဆေးသုံးတာမျိုး ရှိလားဆိုတာကို အမြဲမပြတ် ဂရုစိုက်ပါ
  • အုပ်စုဖွဲ့ ဆိုးသွမ်းနေတာမျိုး မဖြစ်အောင် အပြုအမူတွေ ပြောင်းလဲနေလား ဂရုစိုက်ပါ
  • ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်အောင် ယုံကြည်မှုရှိအောင် သင်ပေးပါ
  • အားကစားတွေ လုပ်တဲ့အခါ ဘေးကင်းစေဖို့ အကာအကွယ်တွေ ဝတ်တတ်အောင် သင်ပေးပါ
  • ဒီအရွယ်မှာ လိင်ပိုင်းဆိုင်ရာ ဘေးကင်းစိတ်ချရစေဖို့ အသ်ပညာပေးတာတွေကို လုပ်ဆောင်ပေးပါ
  • မလိုလားအပ်တဲ့ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်တာမျိုးတွေ မဖြစ်လာအောင် ဂရုစိုက်ပေးပါ
  • လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေအကြောင်း သတိပေးပါ
  • ကလေးတွေက စိတ်ဓာတ်ကျနေလားဆိုတာကို ဆန်းစစ်ပါ
  • ကလေးတွေကို အချိန်ပေးပြီး သူတို့ရဲ့ ခံစားချက်တွေကို နားထောင်ပေးပါ
  • သူတို့ရဲ့ အယူအဆတွေကို လက်ခံပေးပါ
  • သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးဖို့ မမေ့ပါနဲ့
  • ပြဿနာတွေ ရှိလာတဲ့အခါ သူတို့လေးတွေ အနေနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာကို သိရှိအောင် လုပ်ဆောင်ပေးပါ
  • လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးပါ
  • အာဟာရပြည့်ဝအောင် ပြင်ဆင်ကျွေးမွေးပါ
  • အိပ်ချိန်ပြည့်ဝအောင် ဂရုစိုက်ပါ
  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ တိုက်တွန်းပါ
  • သူတို့လေးတွေရဲ့ ဝါသနာကို အားပေးပါ။

ကျန်းမာစေဖို့

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတွေကို ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေဖို့အတွက်

  • အိပ်ချိန်ပြည့်ဝစေဖို့ ဂရုစိုက်ပေးပါ။ ၁၃ နှစ် ကနေ ၁၈ နှစ်ကြားမှာ တစ်ညတာကို အိပ်ချိန် ၈ နာရီ ကနေ ၁၀ နာရီ ရရှိဖို့ လိုပါမယ်။
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ဖြစ်အောင် ဂရုစိုက်ပါ။ တစ်နေ့ကို ၁ နာရီလောက် ပုံမှန် လေ့ကျင့်ခန်း လုပ်ခိုင်းပါ
  • ကျန်းမာပြီး အာဟာရပြည့်ဝတဲ့ စားသုံးသူဖြစစ်လာအောင် ပျိုးထောင်ပေးပါ
  • ဆယ်ကျော်သက် သားသားမီးမီးတို့ရဲ့ အခန်းထဲမှာ တီဗွီ မထားပါနဲ့။ Screen Time ကို ကန့်သတ်ပါ။ ဆဲလ်ဖုန်း၊ ကွန်ပျူတာ၊ ဗီဒီယိုဂိမ်း ကစားတာတွေကို ကန့်သတ်ပါ
  • မိသားစုနဲ့အတူ ထမင်းလက်စုံစားဖြစ်အောင် တိုက်တွန်းပါ။ ထမင်းလက်စုံ စားတာက ကျန်းမာတဲ့ အစားအစာကို ရွေးချယ်မိစေပြီး ဝိတ်မတက်စေဖို့ ထောက်ကူပေးသလို မိသားစုတွေ အချင်းချင်းကြား နွေးထွေးစေပါတယ်။ ပညာရေးကောင်းစေပြီး ကလေး ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးသုံးတာ၊ အရက်သေစာ သောက်စားတာတွေကို ဖြစ်နိုင်ခြေ နည်းစေသလို ကလေးအချင်းချင်း ခိုက်ရန် ဖြစ်ပွားတာ၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဖေဖေမေမေတို့အတွက် အမှာစကား

ဆယ်ကျော်သက်အရွယ်က လွတ်လပ်မှုကို လိုလားပြီး အရာရာကို စူးစမ်းချင်နေတာကြောင့် အပြုအမူပိုင်းကအစ အရာရာကို သတိထားစောင့်ကြည့်လို့ ကလေးကို နားလည်အောင် အေးအေးဆေးဆေး ရှင်းပြပါ။ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းတာက မိဘနဲ့ သားသမီးကြားမှာ ဆက်ဆံရေး တင်းမာစေပြီး ကလေးကို လမ်းမှားရောက်သွားစေနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement