အမျိုးသားတွေက ဆေးရုံဆေးခန်းသွားရမှာ၊ ဆေးသောက်ရမှာ၊ ကုသမှု ခံယူရတာကို သဘောမတွေ့ကြပါဘူး ဒါပေမယ့် လူတိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာပါ။
အမျိုးသားဆိုသည်မှာလည်း လူသားတွေပဲမို့ ကျန်းမာရေးကို သေချာလေး စောင့်ရှောက်ဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ မြန်မာနိုင်ငံက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာလေးတွေကို ပြောပြပေးသွားပါမယ်။
မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ အမျိုးသား ကျန်းမာရေး ပြဿနာတွေက ဘာတွေလဲ……….
မြန်မာနိုင်ငံက အမျိုးသားတွေဟာ
- ဆီးချို
- သွေးတိုး
- သွားနဲ့ခံတွင်းကျန်းမာရေးပြဿနာ
- ခံတွင်းကင်ဆာ
- ဆီးကျိတ်ကြီးခြင်း
- ဆီးကျိတ်ကင်ဆာ
- အူမကြီးကင်ဆာ
- နှလုံးသွေးကြောဆိုင်ရာ ရောဂါ
- အသည်းအဆီဖုံးတာတွေကို ခံစားရပါတယ်။
နေထိုင်မှုပုံစံ၊ အစားအသောက်၊ အရက်နဲ့ ဆေးလိပ်တွေ သောက်သုံးမှု များလွန်းတာကြောင့် အခုလို ကျန်းမာရေးပြဿနာတွေကို ခံစားရတာပါ။ နောက်တစ်ခုက မြန်မာနိုင်ငံက အမျိုးသားတွေက ကွမ်းစားတာပါ။ ကွမ်းကြောင့် သွားနဲ့ ခံတွင်းတွေ ပျက်စီးသလို ခံတွင်းကင်ဆာကိုလည်း ခံစားရပါတယ်။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ…
ခံစားရနိုင်တဲ့ ရောဂါတွေက များသလို တစ်မျိုးနဲ့တစ်မျိုးက လက္ခဏာတွေလည်း မတူနိုင်ပါဘူး။ ဥပမာ –
ဆီးချိုဝေဒနာ ခံစားနေရမယ်ဆိုရင်
- ဆီးခဏခဏသွားတာ
- ရေအရမ်းငတ်တာ
- ခြေလက်တွေကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။
သွေးတိုးရောဂါခံစားနေရမယ်ဆိုရင်တော့
- ခေါင်းကိုက်တာ
- မအီမသာဖြစ်တာ
- ခေါင်းတစ်ခြမ်းကိုက်တာ
- နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ
- ချွေးစေးတွေပြန်တာမျိုး တွေ ခံစားရနိုင်ပါတယ်။
သွားနဲ့ခံတွင်းပြဿနာဖြစ်နေမယ်ဆိုရင်တော့
- သွားကိုက်တာ
- သွားနာတာ
- သွားဖုံးရာင်တာ
- ခံတွင်းအနံ့ဆိုးတာ
- သွားဖုံးကနေ သွေးထွက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ခံတွင်းကင်ဆာ ခံစားနေရမယ်ဆိုရင်တော့
• နှုတ်ခမ်း၊ ပါးစပ်ထဲမှာ အနာတွေ ပေါက်လာပြီး တော်တော်နဲ့ မပျောက်တာ
• ပါးစပ်မှာ အဖုအကျိတ်တွေဖြစ်တာ
• သွားဖုံးကနေ သွေးထွက်တာ
• သွားတွေက နဲ့နေတာ
• အစာ၊ ရေမျိုချရခက်တာ၊ နာကျင်တာ
• လည်ပင်းမှာ အကျိတ်ဖြစ်တာ
• နားကိုက်တာ အချိန်အတော်ကြာတဲ့အထိ မသက်သာတာ
• သိသိသာသာ ကိုယ်အလေးချိန်ကျသွားတာ
• အောက်နှုတ်ခမ်း၊ မျက်နှာ၊ လည်ပင်း၊ မေးစေ့ထုံနေတာ
• ပါးစပ်၊ နှုတ်ခမ်းပေါ်မှာ အဖြူရောင် သို့မဟုတ် အနီရောင်အနာကွက်တွေ ပေါက်နေတာ
• လည်ပင်းနာတာ
• မေးရိုးနာကျင်တာ၊ တောင့်တင်းနေတာ
• လျှာနာတာတွေ ခံစားရနိုင်ပါတယ်။
ဆီးကျိတ် ကြီးနေမယ်ဆိုရင်တော့
- ဆီးသွားရခက်တာ
- ဆီးကျန်နေတယ်လို့ ခံစားရတာ
- ဆီးခဏခဏသွားတာ
- ဆီးမထိန်းနိုင်တာ
- ညဘက်တွေ ဆီးခဏခဏ သွားရတာ
- ဆီးသွားပြီးပေမယ့်လည်း ဆီးက တစ်စက်တစ်စက်ကျနေတာ
- ဆီးသွားပြီးလည်း ထပ်သွားချင်နေတာ
- ဆီးသွာတဲ့အခါ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
- ဆီးမကြာခဏ သွားတာတွေ ခံစားရနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာ ဖြစ်နေမယ်ဆိုရင်တော့
- ဆီးသွားရခက်တာ
- ဆီးနည်းနည်းပဲ သွားတာ
- ဆီးသွားတဲ့အခါ နာကျင်တာ
- ဆီးကျန်နေသလို ခံစားရတာ
- ဆီးထဲမှာသွေးပါတာ
- သုက်ရည်ထဲမှာ သွေးပါတာ
- ဆီးမသွားနိုင်တာ
- ဆီးအိမ်တင်းနေတာ
- ခါးအောက်ပိုင်း၊ တင်ပါးနဲ့ ပေါင်တွေနာတာ
- အရိုးကို ကင်ဆာဆဲလ်တွေ ပြန့်သွားရင် အရိုးနာတာ၊ ကျိုးလွယ်တာ (အထူးသဖြင့် ခါးနဲ့ တင်ပဆုံရိုး)
- လိင်တံထောင်မတ်နိုင်စွမ်း ကျတာ
- သုက်လွှတ်ရင်နာတာ
- အစားအသောက်ပျက်တာ၊
- ကိုယ်အလေးချိန်ကျတာ စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အူမကြီးကင်ဆာ ခံစားနေရမယ်ဆိုရင်တော့
- ဝမ်းပျက်တာ
- ဝမ်းချုပ်တာ
- မအီမသာဖြစ်တာ
- အော့အန်တာ
- ဝမ်းသွားပြီးတိုင်း ဝမ်းကျန်နေသလို ခံစားရတာ
- အမြဲလိုလို ပင်ပန်းနေတာ
- ဝမ်းသွားရင် သွေးပါမယ်၊ ဝမ်းအမည်းရောင်တွေ သွားတာ
- ဝမ်းသွားတာနည်းသွားတာ
- ဗိုက်ကယ်နေသလို လေထိုးလေအောင့်သလိုမျိုး ဖြစ်ပြီး မကြာခဏ ဗိုက်အောင့်တာ
- အကြောင်းအရင်း မရှိဘဲ ပိန်သွားတာတွေ ခံစားရနိုင်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားနေရမယ်ဆိုရင်တော့
- ရင်ဘတ်အောင့်တာ
- မောတာ
- အသက်ရှူရခက်တာ
- မောပန်းလွယ်တာတွေ ခံစားရနိုင်ပါတယ်။
အသည်းအဆီဖုံးနေမယ်ဆိုရင်တော့
- ဗိုက်ကပူနေမယ်
- မျက်လုံးနဲ့အသားတွေဝါနေမယ်
- မောပန်းလွယ်မယ်
- ဗိုက်ညာဘက် အပေါ်ဘက်နားက အောင့်မယ်
- သွေးကြောတွေဖောင်းလာမယ်စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အမျိုးသားတွေရောဂါကင်းစေဖို့ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ
အမျိုးသားတွေအနေနဲ့ ရောဂါတွေကင်းပြီး ကျန်းမာစေဖို့ဆိုရင်
သဘာဝအစားအစာတွေကိုပဲစားပါ။ – ပြုပြင်ထားတဲ့အစားအစားတွေကို မစားပါနဲ့။ အော်ဂဲနစ် စစ်စစ် ဟင်းသီးဟင်းရွက်တွေ၊ လတ်လတ်ဆတ်ဆတ် အသား၊ ငါး စတာတွေကို စားပါ။
လှုပ်လှုပ်ရှားရှားနေပါ။ – လေ့ကျင့်ခန်း လုပ်တာ၊ လှုပ်လှုပ်ရှားရှားနေတာက အမျိုးသားတွေကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အများကြီး အထောက်အကူ ပြုပေးနိုင်ပါတယ်။ အမျိုးသားများအနေနဲ့ တစ်ပတ်တာမှာ သင့်တင့်တဲ့ ကိုယ်လကလှုပ်ရှားမှု အနည်းဆုံး မိနစ် ၁၅၀ လောက်လုပ်ဆောင်ဖို့ လိုပါမယ်။
ကျန်းမာတဲ့ ခါးဆိုဒ်ကို ထိန်းသိမ်းပါ။ – အမျိုးသားတစ်ယောက် အနေနဲ့ ကျန်းမာစေဖို့ဆိုရင် ခါးဆိုဒ်က လက်မ ၄၀ ဝန်းကျင်ပဲ ရှိသင့်ပါတယ်။ ခါးဆိုဒ်က လက်မ ၄၀ နဲ့အထက် ရှိနေမယ်ဆိုရင် အဝလွန်တာနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ခံစားလာရနိုင်ပါတယ်။
ဗီတာမင် ပြည့်ဝပါစေ။ – များသော အားဖြင့်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို နေ့စဉ် စားသုံးနေတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကနေ ရရှိနိုင်ပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေကို ဖျောက်ပစ်ပါ။ – ဆေးလိပ်သောက်တာက ကျန်းမာရေးကို အထိခိုက်စေနိုင်ဆုံး အချက်တွေထဲက တစ်ခုပါ။ နောက်ထပ်ဆင်ခြင်ရမှာက အရက်သောက်တာနဲ့ မူးယစ်ဆေး သုံးစွဲတာပါ။
ဒါတွေအပြင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ဖို့ လိုပါမယ်။
ဘယ်လိုအခြေအနေမှာ ဆရာဝန်ပြမလဲ………
အပေါ်မှာပြောထားတဲ့ လက္ခဏာတွေထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ခံစားနေရပြီဆိုရင် အမြန်ဆုံး စစ်ဆေးကုသမှု ခံယူဖို့လိုပါမယ်။ ဒါမှ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။
ဒါကြောင့် ကိုယ့်ကျန်းမာရေးအခြေအနေကို နေ့စဉ် ကိုယ်တိုင် စစ်ဆေးစေချင်ပါတယ်။
Takeaways
အမျိုးသားတွေမှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများတာ၊ သွေးတွင်းကိုလက်စထရောပမာဏကို ပိုမိုမြင့်တက်နေတာ၊ သွေးပေါင်ချိန် မြင့်နေတာတွေက ရောဂါတွေဖြစ်စေဖို့ အားပေးရာရောက်ပါတယ်။ ဒီအခြေအနေတွေကို ကြိုတင် ကာကွယ်ဖို့ဆိုရင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို လုပ်ဆောင်ဖို့ လိုပါမယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။