home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

ဗြိတိန်တိုင်းပြည်ကတော့ ကမ္ဘာ့သမိုင်းမှာ ပထမဆုံး COVID-19 ကာကွယ်ဆေးကို အသုံးပြုမယ့် တိုင်းပြည်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေဟာ Pfizer/BioNTech ကုမ္ပဏီက ဖန်တီးထားတဲ့ COVID-19 ကာကွယ်ဆေးကို တိုင်းပြည်အတွင်းမှာ အသုံးချဖို့ အတည်ပြုခွင့်ပြုပေးလိုက်တာကြောင့်ပါ။

ဒါကြောင့်လည်း ရှေ့လာမယ့်အပတ်အစောပိုင်းကာလမှာ ဗြိတိန်နိုင်ငံမှာ COVID-19 ကာကွယ်ဆေး ထိုးနှံမှုတွေကို ပထမဆုံးစတင်ပြုလုပ်တော့မှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်ရေးဌာနဟာ သီးခြားလွတ်လပ်သော ကျန်းမာရေးနဲ့ ဆေးဝါးထုတ်ကုန် စီမံခန့်ခွဲမှု အေဂျင်စီ (MHRA) ရဲ့ ထောက်ခံချက်အရ အဆိုပါဆေးဝါးကို တိုင်းပြည်တွင်းမှာ အသုံးပြုဖို့ လက်ခံလိုက်တာဖြစ်ပါတယ်။

MHRA ဟာ ဆေးဝါးရဲ့ စမ်းသပ်မှုအဆင့်ဆင့်ရလဒ်တွေကို စမ်းစစ်ခဲ့ပြီးတဲ့နောက်မှာ စိတ်ချရမှု၊ အရည်အသွေး၊ ထိရောက်မှုဆိုင်ရာ စံနှုန်းတွေကိုလည်း စနစ်တကျတိုင်းတာအကဲဖြတ်ခဲ့ပြီး အေခြေအနေကောင်းမွန်တာမို့ တိုင်းပြည်အတွင်းမှာ အသုံးပြုဖို့ စောလျှင်စွာ ထောက်ခံချက်ပေးခဲ့တာပါ။

ဒါကြောင့် လာမယ့်အပတ်မှာ ဗြိတိန်ပြည်သူတွေဟာ COVID-19 ကာကွယ်ဆေးတွေကို စတင်ရရှိတော့မှာဖြစ်ပါတယ်။ ဗြိတိန်အစိုးရရဲ့ အစီအမံအရ ပထမဆုံးအကြိမ် ထိုးနှံမှုမှာ ဆေးအလုံးရေ ၈၀၀၀၀၀ နဲ့ စတင်သွားဖို့ရှိနေပါတယ်။

ဗြိတိန်နိုင်ငံဟာ Pfizer/BioNTech ကုမ္ပဏီထံကနေ ဆေးဝါး အလုံးရေ သန်း ၄၀ အထိ မှာယူထားပြီး ဒီပမာဏဟာ တိုင်းပြည်လူဦးရေရဲ့ ၃ ပုံ ၁ ပုံကို ကာကွယ်ဆေး လုံလောက်စွာထိုးနှံပေးနိုင်မယ့် ပမာဏဖြစ်ပါတယ်။

Pfizer/BioNTech

Fortune 500 စာရင်းဝင် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး Pfizer ဂျာမန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဆေးဝါးသစ်ဟာ ရလဒ်ကောင်းတွေနဲ့ ပထမဆုံးပွဲထွက်လာခဲ့တဲ့ COVID-19 ကာကွယ်ဆေးဖြစ်ပါတယ်။ ရောဂါကာကွယ်နိုင်စွမ်း ၉၄% ကျော် ထိရောက်မှုရှိတယ်လို့ ကြေညာထားတဲ့ ဆေးဝါးလည်းဖြစ်ပါတယ်။

အဆိုပါကာကွယ်ဆေးဟာ ရောဂါကို တားဆီးနိုင်စွမ်းကောင်းမွန်ပြီး သုတေသနရလဒ်တွေအရဆိုရင် ၉၄% ကျော်အထိ ကာကွယ်နိုင်သလို စမ်းသပ်မှုရလဒ်တွေအရလည်း စေတနာ့ဝန်ထမ်း စမ်းသပ်ခံသူတွေအားလုံးမှာ သိသာထင်ရှားတဲ့ ရောဂါကူးစက်ခံရမှုလက္ခဏတွေ မပြသခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တဲ့ ဆေးဝါးပါ။

နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စွမ်းကို နှိုးဆွပေးနိုင်စေဖို့ ဆေးကို အသုံးမပြုခင်မှာ အနှုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ထိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ လူအများအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပြီး လက်ရှိ ဆေးအရေအတွက် သန်း ၄၀ ဝယ်ယူထားတဲ့ ဗြိတိန်ကိုယ်တိုင် အကျပ်ရိုက်နေတဲ့ ပြဿနာဖြစ်ပါတယ်။

ဒီဆေးဝါးဟာ ကလေးတွေနဲ အသက် ၆၅ နှစ်အထက် လူကြီးတွေဆီမှာလည်း အသုံးပြုလို့ရပြီးတော့ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ သတ်မှတ်ခြင်းခံထားရပါတယ်။

Pfizer/BioNTech ရဲ့ ဆေးဟာ ၂ လုံးထိုးရတဲ့ ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး ပထမဆေးကို ထိုးနှံပြီး ၂၁ ရက်အကြာမှာ ဒုတိယဆေးကို ထပ်မံထိုးနှံရမှာဖြစ်ပါတယ်။ ပထမဆေးထိုးပြီး ၇ ရက်ဝန်းကျင်မှာ ရောဂါပိုးကို ကာကွယ်တိုက်ထုတ်နိုင်တဲ့ Antibody တွေ ထွက်ရှိလာမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဗြိတိန်အစိုးရက ယုံကြည်စွာနဲ့ အသုံးပြုဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပေမယ့် အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ကတော့ အဆိုပါဆေးဝါးကို အသိအမှတ်ပြုထားခြင်းမရှိသေးပါဘူး။

Pfizer ကတော့ သူတို့ရဲ့ ဆေးဝါးကို ဗြိတိန်က ဝယ်ယူခဲ့ပြီးတဲ့နောက်မှာ ယုံကြည်မှုပိုမိုပြင်းထန်လာခဲ့ပြီဖြစ်ပြီး လာမယ့် နှစ်အတွင်းမှာ ဆေးဝါးအရေအတွက် ၁.၃ ဘီလီယံအထိ ထုတ်လုပ်သွားဖို့ စီစဉ်နေပြီလို့ပါ ဆိုနေပါပြီ။

ထိပ်တန်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရတော့ အဆိုပါဆေးဝါးဟာ တစ်ခုကို အမေရိကန်ဒေါ်လာ ၁၉.၅ (မြန်မာငွေ ၂၅၀၀၀ ဝန်းကျင်) ကျသင့်တယ်လို့ သိထားရပေမယ့် ကုမ္ပဏီဘက်ကတော့ တိကျတဲ့ဈေးနှုန်းကို ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။

ကာကွယ်ဆေးနဲ့ မြန်မာပြည်

မြန်မာနိုင်ငံဟာလည်း တခြားတိုင်းပြည်တွေနည်းတူ COVID-19 ရောဂါရဲ့ သက်ရောက်မှုတွေကို ပြင်းထန်စွာ ခံနေရတဲ့ တိုင်းပြည်တစ်ခုပါ။ ခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေ့စဉ်လူနာ ၁၄၀၀ ဦးဝန်းကျင်တိုးတက်နေသလို သေဆုံးမှုနှုန်းကလည်း ၂၀-၃၀ ဦးကြားပမာဏ ပုံမှန်ရှိနေပါတယ်။

နိုင်ငံတကာ တိုင်းပြည်တွေနည်းတူ ကာကွယ်ဆေးရရှိဖို့ ကျန်းမာရေးအာဏာပိုင်တွေဘက်က ကြိုးပမ်းမှုတွေကို ပြုလုပ်နေပြီဖြစ်ပေမယ့် အစောဆုံးလာမယ့်နှစ် ပထမ ၃ လပတ်ကာလမှာသာ ဆေးဝါးရရှိနိုင်မယ်လို့ သက်ဆိုင်ရာက ဆိုထားပါတယ်။

ချမ်းသာကြွယ်ဝတဲ့တိုင်းပြည်တွေနဲ့ ဓနအင်အားခြင်းမယှဉ်သာတာမို့ ဆေးဝါးရယူမှုအပိုင်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရဲ့ အကူအညီတွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် ရယူရဦးမှာဖြစ်တာကြောင့် ခုလို အချိန်အနည်းငယ်ကြံ့ကြာဖို့ရှိနေတာပါ။

ဒါကြောင့် ကာကွယ်ဆေးနဲ့ လက်တကမ်းအကွာကို ရောက်ရှိနေပြီဖြစ်ပေမယ့် ပေါ့လျော့လို့တော့မရသေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒီလက်ကျန်ကာလတွေမှာ နေအိမ်မှာပဲ စည်းကမ်းတကျနေထိုင်ပြီး ကာကွယ်ဆေးမထိုးနှံရသေးခင်အချိန်အထိ စည်းကမ်းလိုက်နာပြီးနေထိုင်တာက အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုနည်းလမ်းဖြစ်တယ်ဆိုတာကိုလည်း အသိပေးပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။