COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ ကို ဖော်ပြပေးလိုက်ပါတယ်။
လည်ချောင်းနာတယ်ဆိုတာက ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပေမယ့် အတော်လေး ခံရက်တဲ့ ဝေဒနာတစ်ခုပါ။ နောက်ပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲမှာလည်း လည်ချောင်းနာတာက တစ်ခုအပါအဝင်ဖြစ်နေတော့ လည်ချောင်းနာဝေဒနာခံစားလာရပြီဆိုရင် ယုန်ထင်ကြောင်ထင်နဲ့ တွေးပူစရာပါ။
COVID-19 ဆိုတာက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးမို့ လည်ချောင်းနာဝေဒနာက သူ့ရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နေတာ သိပ်တော့ မထူးဆန်းလှပါဘူး။ လေ့လာချက်တွေအရဆိုရင် Positive လူနာ ၁၄% လောက်မှာ လည်ချောင်းနာတဲ့ လက္ခဏာတွေ ပြသခဲ့ကြပါတယ်တဲ့။
သေချာသိနားလည်ထားသင့်တာကတော့ လည်ချောင်းနာတာက COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲက တစ်ခုသာဖြစ်ပြီးတော့ လည်ချောင်းနာတိုင်း COVID-19 လို့ တထစ်ချမှတ်ယူလို့မရဘူးဆိုတာပါပဲ။
အအေးမိ၊ တုပ်ကွေးနဲ့ တခြားရောဂါတွေကြောင့် လည်ချောင်းနာတာမျိုးခံစားရနိုင်ပါတယ်။ တကယ်တမ်း ဒီလို လည်ချောင်းနာဝေဒနာမျိုး ခံစားလာရတယ်ဆိုရင် အိမ်တွင်းကုထုံးတွေနဲ့တင်ကုစားလို့ရနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို သက်သာလျော့ပါးစေနိုင်တဲ့ အိမ်တွင်းကုထုံးတွေကို ပြောပြပေးချင်ပါတယ်။
COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ
COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ဆားရေနဲ့ ပလုပ်ကျင်းပါ၊
- Apple cider vinegar ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါမှုန့်ကို ရေဖော်ပြီးလည်း ပလုပ်ကျင်းနိုင်ပါတယ်၊
- အေးမြတဲ့ရေကို များများသောက်ပေးပါ၊
- ရေခဲတုံး ငုံပေးပါ၊
- ခြောက်သွေ့တဲ့လေကို ရှောင်ပါ၊ စိုထိုင်းစရှိတဲ့နေရာမျိုးမှာနေပါ၊
- အက်စစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ၊
- ငုံဆေးပြား ငုံပါ၊
- လက်ဖက်ရည်ကြမ်းကို အနည်းငယ်စီ သောက်ပေးပါ၊
- ပျားရည် ငုံပါ၊ မျိုချပါ၊
- အကိုက်အခဲပျောက်ဆေး သောက်ပါ၊
- နှာရှူဆေးသုံးကြည့်ပါ၊
- နာကျင်မှုသက်သာအောင် စကားပြောတာကို လျှော့ပါ၊
- ဘက်တီးရီးယားတွေ လျော့နည်းစေဖို့ သွားကြားက အညစ်အကြေးတွေကို ရှင်းလင်းပါ၊
- ဓာတ်မတည့်မှုဝေဒနာတစ်မျိုးမျိုးရှိနေရင် သက်သာစေမယ့် ဆေးဝါးမှီဝဲပါ၊
- ခွန်အားပြည့်ပြီး ကိုယ်ခံအားမြင့်တက်လာအောင် အနားယူပါ၊
- ရေနွေးငွေ့ပါဝင်တဲ့ရေနဲ့ ရေချိုးပါ၊
- အိပ်စက်ရာမှာ ခေါင်းကို မြင့်မြင့်ထားပြီး အိပ်ပါ။
အထက်ပါ နည်းလမ်းတွေက လည်ချောင်းနာခြင်းဝေဒနာကို လျော့ပါးစေမယ့် အိမ်တွင်း ကုထုံးတွေဖြစ်ပါတယ်။
အကယ်၍ COVID-19 လို့ သံသယရှိနေတယ်ဆိုရင်
လည်ချောင်းနာတိုင်း COVID-19 မဟုတ်ပါဘူး။ တကယ်လို့ COVID-19 ကြောင့် လည်ချောင်းနာတာဆိုရင်လည်း အထက်ပါအိမ်တွင်းကုထုံးတွေက လည်ချောင်းနာတာကိုသာ သက်သာစေမှာပါ။ ရောဂါကိုတော့ တိုက်ထုတ်နိုင်မှာမဟုတ်ပါဘူး။
လည်ချောင်းနာတဲ့ဝေဒနာကို ဖျားနာကိုက်ခဲမှုတွေ၊ ရာသီတုပ်ကွေးလိုရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ COVID-19 ကြောင့်လား တခြားဝေဒနာတွေကြောင့်လားဆိုတာကို သိချင်ရင် အကြမ်းဖျဉ်းအားဖြင့် အောက်ပါ အခြေအနေတွေကို ကြည့်ရှုပြီး ခွဲခြားနိုင်ပါတယ်။
- COVID-19 : လည်ချောင်းနာခြင်းနဲ့အတူ ဖျားမယ်၊ ကိုယ်ပူမယ်၊ ချောင်းဆိုးမယ်၊ ပင်ပန်းနွမ်းနယ်မယ်။ တခြားလက္ခဏာတွေလည်း ပြသနိုင်ပါတယ်။ သေချာတာကတော့ ပိုးရှိမရှိ စစ်ဆေးကြည့်မှ တိကျတဲ့ အဖြေထွက်နိုင်တယ်ဆိုတာပါပဲ။
- ပုံမှန် အဖျားဝေဒနာ : နှာခေါင်းတွေနီရဲနေအောင် နှာစေးမယ်၊ လည်ချောင်းလည်းနာမယ်။ ဖျားနိုင်ပေမယ့် ပြင်းထန်လေ့မရှိဘူး။
- တုပ်ကွေး : တုပ်ကွေးလက္ခဏာအများအပြားဟာ COVID-19 နဲ့ ဆင်တူတတ်ပါတယ်။ ဒါပေမယ့် လည်ချောင်းနာခြင်းအပြင် ချမ်းတုန်ဖျားတာ၊ ခေါင်းကိုက်တာ၊ နှာချေတာ၊ ကိုလက်ကိုက်ခဲတာနဲ့ နာကျင်တာတွေဖြစ်တယ်ဆိုရင်တော့ တုပ်ကွေးဖြစ်နိုင်ခြေပိုများပါတယ်။
တကယ်လို့ ကိုယ့်ရဲ့လည်ချောင်းနာဝေဒနာအပေါ် စိတ်မချလို့ သံသယရှိတယ်ဆိုရင်တော့ နီးစပ်ရာ Fever Clinic တွေဆီကို သွားရောက်ပြီး စမ်းသပ်စစ်ဆေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
[embed-health-tool-bmi]