လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲဆိုတာ ပြောပြပေးချင်ပါတယ်။
သွေးလေးဖက်နာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါလို နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ကိုဗစ်ရောဂါက ပိုဒုက္ခပေးနိုင်တာကို အတော်များများသိကြပြီးဖြစ်မှာပါ။ ဒါဟာအဓိကအားဖြင့် ဆီးချိုရောဂါရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့သက်ဆိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ဆီးချိုမရှိတဲ့သူတွေလောက် ကိုယ်ခံအား မကောင်းပါတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လာမှာတဲ့အခါ ခံနိုင်ရည်သိပ်မရှိသလို ရောဂါကိုလည်းပြန်မတိုက်ထုတ်နိုင်ပါဘူး။
ဒါ့ကြောင့် ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ကိုဗစ်လက္ခဏာတွေ ပိုဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆက်တွဲပြဿနာတွေပိုဝင်လာတာဖြစ်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါအပြင် နှလုံးရောဂါ (ဒါမှမဟုတ်) အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုပါ တွဲရှိနေရင်တော့ တအားအသက်အန္တရာယ်များသွားပါပြီ။ ခန္ဓာကိုယ်ကဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်ဖို့ အင်အားမရှိသလောက်ဖြစ်သွားပါပြီ။
ဆီးချိုရောဂါရှိသူ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီအထဲမှာအန္တရာယ်အများဆုံးက DKA (Diabetic ketoacidosis) ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို ခံစားနေသူတွေမှာပိုအဖြစ်များပါတယ်။ DKA ဝင်လာရင်ကိုယ်ထဲမှာ ကီတုန်း (ketone) လို့ခေါ်တဲ့ အက်စစ်ဓာတ်တွေ မြင့်တက်လာပါတယ်။ ကီတုန်းဓာတ်တွေများလာရင် ကိုယ်တွင်းအရည်ဓာတ်နဲ့ သက်စောင့်ဓာတ်တွေ ကိုပုံမှန်အတိုင်းထိန်းညှိဖို့ခက်ခဲလာပြီး ဦးနှောက်နဲ့တခြားအစိတ်အပိုင်းတွေပါ တဖြည်းဖြည်းပျက်စီးကုန်ပါတော့ တယ်။
နောက်ထပ်ထည့်စဉ်းစားရမယ့်တစ်ချက်က ဗိုင်းရပ်စ်ပိုးကူးစက်ခံလိုက်ရင် ခန္ဓာကိုယ်ရဲ့အလိုအလျောက်တုန့်ပြန်မှု စနစ်ကအလုပ်လုပ်ပါတယ်။ တစ်ခါတလေမှာတော့ ဒီလိုအလိုအလျောက်တုံ့ပြန်မှုက ပုံမှန်ထက်ပိုကြမ်းကြမ်း တမ်းတမ်းအလုပ်လုပ်တဲ့အတွက် ပြဿနာပေါ်တတ်ပါတယ်။ ကိုယ်ထဲဝင်လာတဲ့ရောဂါပိုးကို ပြန်တိုက်ထုတ်ဖို့အတွက် သွေးထဲမှာဓာတုဓာတ်တွေ ပုံမှန်ထက်ပိုထွက်လာပြီး ဒီဓာတ်တွေကကိုယ်တွင်း ကလီစာတွေကို ရောင်ရမ်းစေပါတယ်။ ဒီလိုပုံမှန်မဟုတ်တဲ့တုန့်ပြန်မှုကို sepsis လို့ခေါ်ပါတယ်။
ဓာတုဓာတ်တွေကြောင့် သွေးကြောတွင်းသွေးခဲမှုတွေ ဆက်တိုက်ဖြစ်လာပြီး ကလီစာတွေ တဖြည်းဖြည်းပျက်စီးကုန်ပါတယ်။ ပြင်းထန်တဲ့လူနာတွေမှာ သွေးပေါင်ချိန် ရုတ်တရက်ထိုးကျပြီးရှော့ခ်ဖြစ် (Septic Shock) ကာသေဆုံးတတ်ပါတယ်။ Sepsis နဲ့ septic shock က ဆီးချိုရောဂါရှိတဲ့ကိုဗစ်လူနာတွေမှာ အစိုးရိမ်ရဆုံး နောက်ဆက်တွဲပြဿနာတွေလည်းဖြစ်ပါတယ်။
ကိုဗစ်ရောဂါက အသစ်ဖြစ်တဲ့အတွက် ရောဂါဆိုင်ရာအချက်အလက်တွေကို လေ့လာနေဆဲ ဖြစ်ပေမဲ့ အသက်ကြီးသူဖြစ်စေ ငယ်သူဖြစ်စေဆီးချိုရောဂါအခံရှိနေခဲ့ရင် တခြားသူတွေထက်ပိုပြီးရောဂါကို ဆိုးဆိုးရွားရွားခံစားရနိုင်တယ်လို့ အမေရိကန်ဗဟို ရောဂါထိန်းချုပ်ရေးအဖွဲ့ကြီး (CDC) ကထုတ်ပြန်ထားပါတယ်။ ဒီလိုတွေပြောလိုက်လို့ ဆီးချိုရောဂါရှိတဲ့သူတိုင်း ကိုဗစ်အကူးခံရရင် သေမယ်လို့တထစ်ချဆိုလိုတာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကိုဆီးချိုရောဂါရှိမှန်းသိတယ်၊ အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ဆေးသောက်သင့်တာသောက်၊ အင်ဆူလင်ထိုးသင့်တာထိုးပြီး စည်းကမ်းရှိရှိနေထိုင်ရင် ဆီးချိုရောဂါကို ထိန်းနိုင်သွားပါတယ်။ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းနိုင် (control လုပ်နိုင်) ရင်အပေါ်မှာပြောခဲ့တဲ့ နောက်ဆက်တွဲပြဿနာတွေအဖြစ်နည်းသွားပါလိမ့်မယ်။ ဒါဆိုကိုဗစ်ရောဂါကြောင့် သေဆုံးနိုင်ခြေလည်းကျသွားနိုင်ပါတယ်။
ဆေးရုံ၊ဆေးခန်းတွေကို လွယ်လွယ်ကူကူသွားပြလို့မရတော့တဲ့ အခုလိုအချိန်မျိုးမှာ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းနိုင်အောင်ကြိုးစားရတာ နည်းနည်းတော့ခက်ခဲမှာပါ။ ဒါပေမဲ့ နည်းပညာတိုးတက်မှုရဲ့ ကောင်းကျိုးကြောင့် ခုချိန်မှာအင်တာနက်ကနေ ကျန်းမာရေးဆောင်းပါးတွေအလွယ်တကူ ရှာဖွေဖတ်ရှု နေနိုင်ပါပြီ။ ရောဂါအခြေအနေကိုသေချာသိချင်လို့ဆရာဝန်နဲ့ ပြသဖို့အတွက်လည်း tele consultation service တွေအပြိုင်အဆိုင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ လူနာတွေအနေနဲ့လည်း နည်းပညာတိုးတက်မှုအကျိုးကျေးဇူး တွေကိုသုံးပြီး အခုလိုအချိန်မှာကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံးဂရုစိုက်ကြဖို့ မှာချင်ပါတယ်။
Dr. Htoo Tint
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။