တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ COVID-19 ပြင်းထန်အဆုတ်ရောင်ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးအဖြစ် ကမ္ဘာ့နိုင်ငံအားလုံးမှာ ကူးစက်ပြန့်နှံ့နေပြီးတော့ လူ ၆ သိန်းနီးပါး ကူးစက်ခံထားရပါတယ်။
သေဆုံးသူအရေအတွက် ၄ သောင်းနီးပါးအထိ ရှိလာနေပြီဖြစ်သလို ပြန်လည်သက်သာလာသူ အရေအတွက်ဟာလည်း ၁၇၀၀၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။
ကူးစက်နှုန်းမြန်ဆန်လွန်းပြီး ကုသနိုင်တဲ့ ဆေးဝါးရော ကာကွယ်ဆေးရော မပေါ်ထွက်လာသေးတာကြောင့် တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာရဲ့ ကျန်းမာရေးအခြေအနေတွေကို ပြင်းထန်စွာချိန်းခြောက်နေတဲ့ ရောဂါကပ်ဘေးတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
လက်ရှိအချိန်မှာတော့ သိပ္ပံပညာရှင်တွေ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ထိပ်တန်းဆေးဝါးကုမ္ပဏီကြီးတွေဟာ ဒီရောဂါကို ကုသနိုင်မယ့် ကုထုံးတွေ၊ ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေကို ဖန်တီးထုတ်လုပ်နိုင်ဖို့ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း နည်းလမ်းအမျိုးမျိုးနဲ့ အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။
တိုးတက်မှု လက္ခဏာတွေမြင်တွေ့လာနေရပြီဖြစ်ပေမယ့် စစ်မှန်စွာ ပျောက်ကင်းကုသပေးနိုင်မယ့် ဆေးဝါးမျိုးဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ခါနီးကာလတွေအထိ စောင့်ဆိုင်းရဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
ကာကွယ်ဆေးထုတ်ဖို့ ဒေါ်လာ ၁ ဘီလီယံသုံးမယ်
အမေရိကန်အခြေစိုက် ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းကုမ္ပဏီ Johnson & Johnson ရဲ့ လက်အောက်ခံ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Janssen Pharmaceutical ဟာ ရောဂါကာကွယ်ရေးနည်းလမ်းကို ဖန်တီးနေပြီဖြစ်ပြီးတော့ ယခုနှစ်ထဲမှာတင် စတင်ထွက်ရှိလာဖို့ရှိနေတယ်လို့ Forbes သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။
အဆိုပါ ကုမ္ပဏီဟာ ကာကွယ်ဆေးဖန်တီးရေးအတွက် ၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ ရည်မှန်းထားပြီးတော့ အမေရိကန်ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ သုတေသနဌာတစ်ခုဖြစ်တဲ့ Biomedical Advance Research and Development Authority (BARDA) နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့် စက်တင်ဘာလမှာ ဆေးဝါးစတင်ထွက်ရှိလာဖို့ ခန့်မှန်းထားပြီး လူသားနဲ့ စမ်းသပ်မှုတွေ စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။
အများပြည်သူထံ ဖြန့်ချိမှုတွေကိုတော့ ၂၀၂၁ ခုနှစ် အစောပိုင်းကာလမှာ ဖြန့်ချိနိုင်ဖို့လည်း ရည်မှန်းချက်ထားနေပါတယ်။ တကယ်လို့ အဆိုပါ နည်းလမ်းသာအောင်မြင်ခဲ့မယ်ဆိုရင် ကာကွယ်ဆေးကို မူလခန့်မှန်းထားတဲ့ နှစ်ကုန်ပိုင်းထက် လပေါင်းများစွာ ပိုမိုစောလျှင်ပြီး လူထုဆီ ဖြန့်ချိနိုင်ဖို့ မျှော်မှန်းနေကြောင်း ကုမ္ပဏီဘက်က ဆိုထားပါတယ်။
တဖက်မှာလည်း COVID-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် တရုတ်ပြည်နဲ့ အမေရိကန်ကုမ္ပဏီ Moderna တို့ကလည်း အပြိုင် စမ်းသပ်ဖန်တီးမှုတွေ ပြုလုပ်နေပြီးတော့ အားလုံးဟာ အစောဆုံးထုတ်လုပ်နိုင်ဖို့ ရည်သန်နေကြပါတယ်။
ကာကွယ်ဆေးထုတ်လုပ်ရာမှာ နည်းလမ်းခြင်း ကွဲပြားမှုတွေ ရှိနေပြီးတော့ J&J ရဲ့ နည်းလမ်းက coronavirus DNA ကို လူ့ခန္တာကိုယ်ထဲ ပြန်လည်ထိုးသွင်းပြီး ကုသမယ့် ကုထုံးဖြစ်ပြီးတော့ Moderna ရဲ့ နည်းလမ်းကတော့ genetic code ကို အခြေပြုပြီး ဆဲလ်စ်တွေကို ခွဲထုတ်မယ့်နည်းလမ်းဖြစ်ပါတယ်။
တစ်ဖက်မှာလည်း Moderna က သူတို့ရဲ့ နည်းလမ်းဟာ ပိုမိုနီးစပ်နေပြီလို့ ဆိုထားပြီးတော့ ကာကွယ်ဆေးတွေကို ယခုလပိုင်းတွေမှာတင် ဖြန့်ချိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုထားဖူးပါတယ်။
ဆေးဝါးတွေ ထွက်ပေါ်လာတော့မှာလား
လက်ရှိအချိန်အထိတော့ COVID-19 ကို တရားဝင်ကုသနိုင်တဲ့ ကုထုံးမျိုးနဲ့ ကာကွယ်ဆေးမျိုးတွေ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာနိုင်တဲ့ အခြေအနေမျိုး မရှိသေးပါဘူး။ အပြိုင်အဆိုင် ကြိုးပမ်းနေကြပေမယ့် အနီးစပ်ဆုံး အောင်မြင်မှုက လူမှာ စမ်းသပ်ဆဲအဆင့်အထိသာ ရှိနေပါသေးတယ်။
တစ်ဖက်မှာလည်း ဆေးဝါးထုတ်လုပ်နိုင်ခြင်းမရှိသေးချိန်မှာ ဆေးမြှီးတိုနည်းလမ်းတွေ၊ ခန့်မှန်းကုသမှုနည်းလမ်းတွေ အမျိုးမျိုး ပေါ်ထွက်လာနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ သက်ဆိုင်ရာ နိုင်ငံအလိုက် အာဏာပိုင်အစိုးရက ဆေးရုံတွေမှာ ကြားခံကုသရေးအနေနဲ့ သုံးစွဲနေတဲ့ တရားဝင် ကုထုံးတွေကလွဲလို့ တခြား (အနောက်တိုင်းဆေး၊ တိုင်းရင်းဆေး၊ ဆေးမြှီးတိုစသဖြင့်) ဘယ်လို ဆေးဝါးတွေကိုမဆို စမ်းသပ်မသုံးစွဲဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ကူးစက်ခံရသူ ၁၄ ဦးအထိ ရှိလာနေပြီဖြစ်တဲ့ မြန်မာနိုင်ငံထဲမှာလည်း ဆေးမြီးတိုတွေ၊ မသေချာမရေရာတဲ့ ကုထုံးနည်းလမ်းတွေနဲ့ ပတ်သက်ပြီး ကောလဟာလ အမြောက်အများထွက်ပေါ်နေကာ စိုးရိမ်စိတ်ပြင်းထန်နေတဲ့ လူထုက ယုံကြည်ချက်ထားပြီး သုံးစွဲဖို့ ကြိုးပမ်းနေကြတာကို မြင်တွေ့နေရပါတယ်။
စိတ်ချရခြင်းမရှိပဲ ခိုင်လုံတဲ့ သက်သေပြချက်မရှိတဲ့ ဆေးမြီးတိုတွေနဲ့ အနောက်တိုင်း ဆေးဝါးတွေကို ရမ်းသမ်းမှန်းဆကာ အသုံးပြုကြတာဟာ COVID-19 ရောဂါ ပျောက်ကင်းဖို့ထက် ဘေးထွက်ဆိုးကျိုးတွေ ရင်ဆိုင်ရဖို့ ပိုဖြစ်နိုင်ခြေရှိတာကို သတိထားသင့်ပါတယ်။
လက်ရှိအချိန်အထိ ဆေးဝါးတွေကို ဖန်တီးနေကြဆဲသာဖြစ်ပြီးတော့ တကယ်ပျောက်ကင်းအောင် ကုသပေးနိုင်မယ့် ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေ မထွက်ပေါ်လာခင်အချိန်အထိ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာ ကျင့်သုံးတာကသာ အကောင်းဆုံးဖြစ်တယ်လို့ အသိပေးချင်ပါတယ်။
117,946
97,819
2,484
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။