backup og meta

အိပ်ရာပေါ်မှာ သင် စွမ်းဆောင်ရည်မဲ့နေတာ မဟုတ်ပါဘူး၊ ဒီ အချက် (၉) ချက်ကြောင့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရာပေါ်မှာ သင် စွမ်းဆောင်ရည်မဲ့နေတာ မဟုတ်ပါဘူး၊ ဒီ အချက် (၉) ချက်ကြောင့်ပါ

    အမျိုးသားတစ်ယောက်ရဲ့ အတွင်းစိတ်ထဲက တောင့်တမှုတွေထဲမှာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဘယ်အချိန်မှာမဆို တစ်ဖက်သား ကျေနပ်သွားအောင် စွမ်းဆောင်ပြနိုင်ဖို့ အမျိုးသားတိုင်းက မျှော်လင့်ကြပါတယ်။

    ဒါပေမယ့် လူတိုင်းတော့ ဆန္ဒပြည့်ဝကြတယ်လို့တော့ မဟုတ်ပါဘူး။ အဓိက အကြောင်းပြချက်ကတော့ မြင့်မားလှတဲ့ မျှော်လင့်ချက်ကြောင့်ပါပဲ။ မျှော်မှန်းချက်မြင့်မြင့်မားမားထားရှိနေတာမို့ အဲ့ဒီမျှော်မှန်းချက်ကပဲ စိုးရိမ်စိတ်ကို ပြန်ဖြစ်စေတာပါပဲ။

    ဒီလိုပြဿနာမျိုးကို အိပ်ရာပေါ်မှာ မကြာခဏ ကြုံဆုံရလေ့ရှိပါတယ်။ ဒီကိစ္စမျိုးက အတွေ့အကြုံရှိသူရော မရှိသူပါ ကြုံရနိုင်တဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ ငါလုပ်နိုင်ပါ့မလား၊ ငါအဆင်ပြေပါ့မလား၊ ပုံမှန်စွမ်းဆောင်ရည်မျိုး ပြနိုင်ပါ့မလားဆိုတာတွေကို တွေးပူရင်း ကိစ္စပြီးမြောက်ဖို့ အခက်တွေ့ကုန်ကြတော့တာပါပဲ။

    လိင်ဆက်ဆံရာမှာ အဓိကအကျဆုံး အစိတ်အပိုင်းက ဘယ်အရာလဲလို့ မေးမြန်းတဲ့အခါ လူတိုင်းက လိင်အင်္ဂါအစိတ်အပိုင်းတွေကိုသာ လက်ညှိုးညွှန်ကြမှာပါ။ ဒါပေမယ့် တကယ်တမ်းအရေးအကြီးဆုံးက ဦးနှောက်ဖြစ်ပါတယ်။

    ဦးနှောက်ရဲ့ မောင်းနှင်အားက ဒီဖြစ်ရပ်တစ်ခုလုံးရဲ့ အသက်ပါပဲ။ စိတ်အားထက်သန်မှု၊ ယုံကြည်မှုမပြည့်ဝဘူးဆိုရင် သင်စွမ်းဆောင်ချင်သလိုမျိုးဖြစ်လာဖို့ မမျှော်လင့်ပါနဲ့။

    ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အိပ်ရာပေါ်မှာ အမျိုးသားတွေ စိုးရိမ်ပူပန်တတ်တဲ့ အကြောင်းအရာတွေကို သိနားလည်ထားဖို့လိုအပ်ပါတယ်။ ဒါမှ ဦးနှောက်က ကြိုတင်ချိန်ဆပြီး ဖြေရှင်းနိုင်မှာမဟုတ်လား။

    အမျိုးသားတွေ ကုတင်ပေါ်မှာ တွေးပူတတ်တဲ့ ကိစ္စတွေက ဘာတွေလဲ? ကြည့်ကြည့်ရအောင်

    • စွမ်းဆောင်ရည်ကို ကြိုတင်သောကပွားတာ – လိင်အင်္ဂါမထောင်မတ်မှာ၊ အချိန်ကြာကြာ ထိန်းမထားနိုင်မှာတွေကို အမျိုးသားတိုင်း တွေးပူတတ်ကြပါတယ်။ ပြဿနာက အိပ်ရာထဲမဝင်ခင်မှာ တွေးပူမိရင်တော့ ပြဿနာတက်တော့တာပါပဲ။ အဲ့ဒီစိုးရိမ်စိတ်က တကယ်ဖြစ်သွားတတ်လို့ပါ။ ဒါကြောင့် ဖြစ်လာသမျှကို ရင်ဆိုင်မယ်ဆိုတဲ့ စိတ်နဲ့ စိတ်အေးလက်အေး ပြုမူတာက အကောင်းဆုံးဖြစ်ပါတယ်။
    • အသက်အရွယ်ကို ထည့်စဉ်းစားနေတာ – အသက်ကြီးတာ၊ ငယ်တာကို ထည်မတွေးပါနဲ့။ စိတ်ဆန္ဒကသာ အဓိကပါ။ အသက်ကြီးလာရင် ပြီးမြောက်ဖို့ ခက်နိုင်တယ်ဆိုတဲ့ အတွေးကိုဖျောက်ပါ။ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်စွမ်းရှိနေနိုင်တယ်ဆိုတာကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။
    • ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို တွေးပူနေတာ – ကိုယ့်ခန္ဓာကိုယ်က ဘာဖြစ်နေတယ်၊ ဘယ်လိုဖြစ်နေတယ်ဆိုတာက အဓိကမကျပါဘူး။ Six Pack နဲ့ပဲဖြစ်ဖြစ် ဘီယာဗိုက်ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကျေနပ်ပျော်ရွှင်မှုကို ခံစားရဖို့နဲ့၊ ရင်းနှီးဖော်ကျေနပ်ဖို့က အဓိကမဟုတ်လား။
    • ရောဂါကူးမှာ စိုးရိမ်တာ – ဒါကတော့ စိုးရိမ်သင့်တဲ့ ကိစ္စပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင်တော့ ကွန်ဒုံးလို အကာအကွယ်မျိုးသုံးပြီး ဆက်ဆံတာက အကောင်းဆုံးနည်းလမ်းပါ။ အကာအကွယ်မပါပဲ ဆက်ဆံမယ်ဆိုရင်တော့ စိုးရိမ်တဲ့အတိုင်း ဖြစ်လာနိုင်ပါတယ်။
    • အပြည့်အဝ စိတ်ကျေနပ်မှု မပေးနိုင်မှာကို စိုးရိမ်တာ – တစ်ချို့အမျိုးသားတွေက ကိုယ့် ဆက်ဆံဖော် စိတ်မကျေနပ်မှာကို စိုးရိမ်တတ်ကြတယ်။ ကျေနပ်အောင် မစွမ်းဆောင်နိုင်ရင် ကိုယ့်ကို အထင်သေးသွားမလားဆိုတဲ့ စိတ်နဲ့ပေါ့။ တကယ်တော့ အပြန်အလှန် အပေးအယူမျှတယ်ဆိုရင် နှစ်ဦးလုံး ကျေနပ်ရပါလိမ့်မယ်။ ကြိုတင်စိုးရိမ်နေတာက အခြေအနေကို ပိုဆိုးစေတာပဲရှိတာပါ။
    • သုတ်လွှတ်စောမှာကို စိုးရိမ်တာ – အမျိုးသားတွေ နောက်ပြောင်ပြီး ပြောကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ “တက်ထွက်” ဆိုတာပါပဲ။ အချင်းချင်း နောက်ကြပြောင်ကြပေမယ့် တကယ်တမ်းတော့ ဘယ်သူမှ အဲ့လိုမဖြစ်ချင်ကြပါဘူး။ နောက်ပြီး ဒီလိုဖြစ်ခဲ့ရင် ဆက်ဆံဖော်က အထင်သေးလိမ့်မယ်လို့လည်း ယူဆတတ်ကြပါတယ်။ ဒီလိုမျိုးမဖြစ်ချင်ရင် ကိစ္စမစတင်ခင်မှာ တစ်ကြိမ် အာသာဖြေလိုက်တာက ဆက်ဆံနေချိန်မှာ အချိန်ကြာစေဖို့ ထိမ်းထားနိုင်စေပါလိမ့်မယ်။ နောက်ပြီး လိင်ဆက်ဆံရာမှာလည်း ဆက်ဆံဖော်နဲ့ ကနဦးအဆင့်တွေစတင်ပြီးမှ ဆက်ဆံသင့်ပါတယ်။ အတင်းတန်းပြီး ဆက်ဆံမယ်ဆိုရင်တော့ နှစ်ဦးလုံး ကျေနပ်စရာ နည်းပါးသွားနိုင်ပါတယ်။
    • ကိုယ်ဝန်မရမှာကို စိုးရိမ်တာ – တချို့တွေကတော့ အိမ်ထောင်ဖက်နဲ့ အိပ်စက်နေပေမယ့် ကိုယ်ဝန်မရမှာကို စိုးရိမ်ကြပါတယ်။ ကိုယ်ဝန်မရရင် မစွမ်းဆောင်နိုင်သူကြီး အားနည်းသူကြီးလို့ ထင်မှာကို စိုးရိမ်တာပါ။ တကယ်တော့ ကိုယ်ဝန်ရမရဟာ အမျိုးသားရော အမျိုးသမီးနဲ့ပါ သက်ဆိုင်ပြီး ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးရမယ့် ကိစ္စသာဖြစ်ပါတယ်။
    • လိင်တန်ဖိုး လျော့နည်းမှာကို စိုးရိမ်တာ – ရိုးသွားမှာ ပျင်းရိသွားမှာကိုလည်း အမျိုးသားတွေက စိုးရိမ်တတ်ကြပါသေးတယ်။ တကယ်လို့များ ကိုယ့်ရဲ့ ဆက်ဆံဖော်က တက်တက်ကြွကြွရှိမနေဘူးဆိုရင် အဲ့လိုအတွေးမျိုး ခေါင်းထဲဝင်လာတော့တာပါပဲ။ တကယ်တော့ ဆက်ဆံဖော်ရဲ့ စိတ်ဓာတ် မတက်ကြွမှုဟာ တစ်ခြားအကြောင်းအရာတွေကြောင့်ဖြစ်နိုင်ပါတယ်။ စိုးရိမ်စိတ်မလွန်ကဲပဲ ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ရင် အဆင်ပြေသွားမှာပါ။
    • အာသာဖြေခဲ့မိလို့ စိုးရိမ်စိတ်ဝင်နေတာ – မဆက်ဆံခင်မှာ အာသာဖြေခဲ့မိရင် တကယ်ဆက်ဆံချိန်မှာ အခက်အခဲဖြစ်နိုင်တယ်လို့ တစ်ချို့က တွေးပူတတ်ကြပါတယ်။ တကယ်က မဆက်ဆံခင် အာသာဖြေတာက လိင်ကိစ္စကို ပိုအထောက်အကူဖြစ်စေတာပါ။ စိုးရိမ်စိတ်မများပါနဲ့ ဒီအချက်က သင့်ရဲ့ စွမ်းဆောင်ရည်ကို ပိုကြာကြာထိန်းထားပေးနိုင်မှာဖြစ်သလို တခြားစိုးရိမ်စရာတွေကို လျှော့ချပေးနိုင်ဖို့ပါ ကူညီပေးနိုင်တာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement