backup og meta

အမျိုးသားတွေ လျစ်လျူမရှုသင့်တဲ့ ကင်ဆာအစောပိုင်း လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေ လျစ်လျူမရှုသင့်တဲ့ ကင်ဆာအစောပိုင်း လက္ခဏာများ

    ကင်ဆာက ကမ္ဘာတလွှားမှာ အမျိုးသားတော်တော်များများကို အသက်ဆုံးရှုံးစေတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လို့ လာနေပါတယ်။ နေထိုင်စားသောက်မှုပုံစံတွေကြောင့်လည်း ကင်ဆာ ဖြစ်ပွားမှုတွေ မြင့်တက်လာရတာဖြစ်ပါတယ်။  အချို့သော ကင်ဆာတွေက မျိုးရိုးလိုက်တာဆိုပေမယ့် အချို့သော ကင်ဆာတွေကတော့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်ရတာပါ။

    ကင်ဆာတွေကို ကာကွယ်ဖို့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလို့ ရသလို ရောဂါရဲ့ အစပျိုးလက္ခဏာတွေကို သိရှိပြီး ထိရောက်တဲ့ ကုသမှု ခံယူမယ်ဆိုရင်လည်း ကင်ဆာကြောင့် အသက်ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေ လျစ်လျူမရှုသင့်တဲ့ ကင်ဆာအစောပိုင်း လက္ခဏာများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    ကင်ဆာတွေက အစောပိုင်း လက္ခဏာ ပြတတ်လား

    ကင်ဆာတွေက အစောပိုင်းမှာ လက္ခဏာမပြတတ်ပါဘူး။ ဒါပေမယ့် ကင်ဆာက လက္ခဏာပြလောက်အောင် ကြီးလာပြီဆိုရင်တော့ လက္ခဏာစပြတာကို သတိထားမိဖို့ လိုပါတယ်။ ကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာဆိုပေမယ့် ကင်ဆာရဲ့ အစောပိုင်း လက္ခဏာ အများစုကတော့ မသိသာတာကြောင့် အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတတ်ကြပါတယ်။ ဒါ့ပြင် လက္ခဏာအများစုကလည်း သာမန်နေထိုင်မကောင်းဖြစ်တာနဲ့ တူနေတာကြောင့် ကင်ဆာလို့ မထင်ကြပါဘူး။ တကယ်ကတော့ ကင်ဆာက အစောပိုင်းလက္ခဏာကို သေချာ သိရှိပြီး ကုသမှု မြန်မြန်ခံယူမယ်ဆိုရင် ကုထုံး ထိရောက်မှု ကောင်းသလို ရလဒ်ကောင်းစေမှာပါ။

    အမျိုးသားတွေ လျစ်လျူမရှုသင့်တဲ့ ကင်ဆာအစောပိုင်း လက္ခဏာများ

    အမျိုးသားတွေ လျစ်လျူမရှုသင့်တဲ့ ကင်ဆာအစောပိုင်း လက္ခဏာများ အကြောင်း လေ့လာလိုက်စို့နော်။

    • ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလာတာ

    တစ်ခါတလေ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာက ဖြစ်တတ်ပေမယ့် ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ဝမ်းသွားတဲ့ အလေ့အထက မကြာခဏဆိုသလို ပြောင်းလဲနေပြီဆိုရင်တော့ အူမကြီး ကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာတွေ ခံစားနေရတာမျိုး ဖြစ်နေနိုင်သလို ဒီကင်ဆာတွေရဲ့ အစောပိုင်း လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။

    အူမကြီးကင်ဆာက အူမကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပြီး အစာဟောင်းအိမ်ကင်ဆာကတော့ စအိုနဲ့ အူမကြီးကို ဆက်ပေးတဲ့ အစာဟောင်းအိမ်မှာ အဖြစ်များပါတယ်။ မကြာခဏဆိုသလို ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေကလည်း ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

    • စအိုကနေ သွေးကျတာ

    စအိုကနေ သွေးကျတာက အစာဟောင်းအိမ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် ဖြစ်နိုင်တာကတော့ လိပ်ခေါင်းပါ။ စအိုက သွေးကျတာက ရေရှည်မှာ သွေးဆုံးရှုံးမှုကြောင့် သွေးအားနည်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စအိုက သွေးကျတာမျိုး ဖြစ်မယ်ဆိုရင် ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။ အသက် ၄၅ နှစ် ရောက်ပြီဆိုရင် ပုံမှန် အူမကြီးကင်ဆာ စစ်ဆေးမှု ခံယူသင့်ပါတယ်။

    • အသားအရေပြောင်းလဲတာ

    မှဲ့တွေက အရေပြားနေရာတိုင်းမှာ ရှိနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာ၊ လည်ပင်း နဲ့ ခန္ဓာကိုယ်မှာပါ။ ဒါပေမယ့် မှဲ့တွေက အရွယ်အစား၊ ပုံစံနဲ့ အရောင်တွေ ပြောင်းလာမယ်ဆိုရင်တော့ အရေပြားကင်ဆာရဲ့ အစောပိုင်း လက္ခဏာဖြစ်နေနိုင်ပါတယ်။ အရေပြားမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ကြုံတဲ့အခါ အရေပြားကင်ဆာ စစ်ဆေးမှုကို ခံယူဖို့ လိုပါမယ်။

    အထူးသဖြင့် အမျိုးသားတွေက အပြင်သွားတဲ့အခါ ထီးဆောင်းတာ၊ နေလောင်ကာခရင်မ်လိမ်းတာမျိုး မရှိတဲ့အတွက် အရေပြားကင်ဆာကို ပိုသတိထားသင့်ပါတယ်။

  • ပြန်ရည်ကျိတ်တွေ ကြီးလာတာ
  • ပြန်ရည်ကျိတ်တွေ ဆိုတာက လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတို့မှာ ရှိတဲ့ ပဲစေ့ပုံ ဂလင်းလေးတွေပါ။ ဒီဂလင်းတွေထဲမှာ သွေးဖြူဥဆဲလ်တွေ ပါဝင်နေပြီး ရောဂါတွေနဲ့ ကူးစက်မှုတွေကို တိုက်ထုတ်ဖို့အတွက် ထုတ်လွှတ်ပေးပါတယ်။

    ပြန်ရည်ကျိတ်တွေ ရောင်နေတာ၊ ပုံမှန်ထက် ကြီးနေတာတွေက ခန္ဓာကိုယ်က ရောဂါတစ်ရပ်ရပ်ကို ခုခံတိုက်ထုတ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

    ဒီလို ပြန်ရည်ကျိတ်တွေရောင်တာ ပြောင်းလဲတာတွေ ဖြစ်မယ်ဆိုရင် အမှုမဲ့အမှတ်မဲ့ မနေပါနဲ့။ ၃ ပတ် ၄ ပတ် ကြာတဲ့အထိမှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။ ဒါကလည်း ကင်ဆာရဲ့ အစောပိုင်း လက္ခဏာ တစ်ခု ဖြစ်နေနိုင်ပါတယ်။

    အမျိုးသားတွေ လျစ်လျူမရှု့သင့်တဲ့ ကင်ဆာအစောပိုင်း လက္ခဏာများ ကို သေချာ သိရှိပြီး ကုသမှု ခံယူမယ်ဆိုရင် ကုထုံး ထိရောက်သလို ရလဒ်ကောင်းစေမှာပါ။

    • ဆီးသွားပုံ ပြောင်းလဲတာ

    အသက်အရွယ် ရလာတဲ့အခါ ဆီးသွားပုံ ပြောင်းလဲတာ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆီးသွားပုံ ပြောင်းလဲတာက ဆီးကျိတ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ အထူးသဖြင့် အသက် ၆၀ အထက် အမျိုးသားတွေမှာပေါ့။

    ဆီးသွားပုံ ပြောင်းလဲမှု အနေနဲ့

    • ဆီးမထိန်းနိုင်တာ
    • ဆီး တစိမ့်စိမ့်နဲ့ ထွက်နေတာ
    • ဆီးသွားချင်ပေမယ့် သွားမရတာ
    • ဆီးနည်းတာ
    • ဆီးသွားရင် နာကျင်တာတွေပါ။

    အမျိုးသားတွေအနေနဲ့ အသက် ၄၀ – ၄၅ နှစ်လောက် ရောက်ပြီဆိုရင် ဆီးကျိတ်စစ်ဆေးမှု ပုံမှန် ခံယူသင့်ပါတယ်။

    • ဆီးထဲသွေးပါတာ

    ဆီးထဲသွေးပါမယ်ဆိုရင် ခပ်ပေါ့ပေါ့ မနေသင့်ပါဘူး။ ဆီးထဲသွေးပါတာက ဆီးအိမ်ကင်ဆာ လက္ခဏာ တစ်ရပ် ဖြစ်နိုင်ပါတယ်။ ဆီးအိမ်ကင်ဆာက ဆေးလိပ်သောက်တဲ့သူတွေ၊ အရင်က ဆေးလိပ်သောက်ဖူးသူတွေမှာ အဖြစ်များပါတယ်။ ဆီးကျိတ်ရောင်တာ၊ ဆီးကျိတ်ကင်ဆာ နဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်လည်း ဆီးထဲမှာ သွေးပါနိုင်ပါတယ်။

    • အစာမျိုချရခက်တာ

    အစားအစာတွေကို မျိုချရခက်တာက လည်ချောင်းနာနေတာကြောင့် ဖြစ်နိုင်သလို အစာရေမျိုပြွန်ထဲကို အစာခြေအက်ဆစ်ရည်တွေ ပြန်ဆန်တက်တဲ့ အစာခြေစနစ် ပြဿနာ (GERD)ကြောင့် ဖြစ်နိုင်ပါတယ်။ အစာမျိုချရခက်တာက လည်ချောင်းကင်ဆာ၊ အစာရေမျိုကင်ဆာ နဲ့ အစာအိမ်ကင်ဆာတွေရဲ့ အစောပိုင်း လက္ခဏာ တစ်ရပ်ပါ။

    • အမြဲလိုလို ရင်ပူနေတာ

    အစာမကြေတာ၊ အစားမှားတာတွေကြောင့် ရင်ပူနိုင်ပါတယ်။ ရင်ပူတယ်ဆိုတာက အမြဲဖြစ်တာမဟုတ်ဘဲ တစ်ခါတလေမှ ဖြစ်တာက ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံ ရှိနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။

    ဒါပေမယ့် အမြဲလိုလို ရင်ပူနေတာကတော့ အစာရေမျိုမှာ ရောင်ရမ်းတာဖြစ်နေတယ်ဆိုတာက ဖော်ပြနေတာပါ။ ဒါက တွေ့ရခဲတဲ့ လည်ချောင်း နဲ့ အစာရေမြိုကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

    • အမြဲလိုလို ခါးနာနေတာ

    ခါးနာက အမျိုးသား အများစုမှာ ဖြစ်လေ့ဖြစ်ထရှိတာကြောင့် ကင်ဆာလက္ခဏာ ဆိုတာကို တော်တော်များများက သတိမထားမိကြပါဘူး။ ကင်ဆာက အရိုးတွေ၊ ကျောရိုးတွေလိုမျိုး ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီကို မကူးစက်မချင်း လက္ခဏာ မပြတတ်ပါဘူး။

    ဆီးကျိတ်ကင်ဆာက တင်ပဆုံအရိုးတွေ နဲ့ ခါးအောက်ပိုင်း အရိုးတွေဆီကို ပြန့်သွားပြီဆိုရင်တော့ အမြဲလိုလို ခါးနာတာမျိုး ခံစားရနိုင်ပါတယ်။

    • ခံတွင်းထဲမှာ ပြောင်းလဲမှုဖြစ်တာ

    ဆေးလိပ်သောက်တဲ့သူ၊ ကွမ်းစားတဲ့သူနဲ့ ဆေးရွက်ကြီး ဝါးတဲ့သူတွေမှာ ခံတွင်းကင်တာ ဖြစ်နိုင်ခြေ များပါတယ်။ ပါးစပ် အတွင်း ပါးစောင်နဲ့ နှုတ်ခမ်းတွေမှာ အဖြူရောင်၊ အနီရောင်၊ မီးခိုးရောင်နဲ့ အဝါရောင် အကွက်တွေ ဖြစ်မယ်ဆိုရင် ကင်ဆာလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

    ခံတွင်းအနာတွေဖြစ်မယ် ရက်သတ္တပတ် တော်တော်ကြာတဲ့အထိ မပျောက်တာ၊ ဆေးကုနေပေမယ့် မသက်သာလာဘူးဆိုင်တော့ ခံတွင်းကင်ဆာ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

    • ချောင်းဆိုးတာ

    ဆေးလိပ်သောက်တဲ့သူတွေ၊ အအေးမိတာ၊ ဓာတ်မတည့်တာတွေ ခံစားနေရသူတွေမှာ ချောင်းဆိုးတာက ပုံမှန်ပဲဆိုပေမယ့် ချောင်းအဆက်မပြတ်ဆိုးနေတာက အဆုတ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

    • လိင်အင်္ဂါမှာ အဖုအကျိတ်ရှိတာ

    လိင်တံကင်ဆာက ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာတို့နဲ့ နှိုင်းစာရင် အမျိုးသားတွေမှာ အဖြစ်နည်းတယ်ဆိုပေမယ့် လိင်တံနဲ့ လိင်အင်္ဂါမှာ အဖုအကျိတ်တွေ ဖြစ်မယ်ဆိုရင် ကင်ဆာ စစ်ဆေးကြည့်ဖို့ လိုပါမယ်။

    • ခြေကုန်လက်ပမ်းကျတာ

    ခြေကုန်လက်ပမ်းကျတာက နာတာရှည် ကျန်းမာရေး ပြဿနာတွေနဲ့ ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ် ခံစားနေရတယ်ဆိုတာကို ဖော်ပြနေတာပါ။ အရမ်းပင်ပန်းနေတာက ခန္ဓာကိုယ်မှာ တစ်ခုခု ချို့ယွင်းနေတယ်ဆိုတာကို ဖော်ပြနေတာပါ။

    ကင်ဆာဆဲလ်တွေ ဖြစ်ပေါ် ကြီးထွားလာတာနဲ့အမျှ ခန္ဓာကိုယ်က အားနည်းလာပါတယ်။ ခြေကုန်လက်ပမ်းကျတာ ကင်ဆာအများစုရဲ့ အစောပိုင်း လက္ခဏာပါ။

    • အဖျားအမြဲရှိနေတာ

    အဖျားရှိနေတာ ခန္ဓာကိုယ်က ရောဂါတစ်ခုခုကို တိုက်ထုတ်နေတာဖြစ်နိုင်သလို ကုထုံးတစ်ခုခုကို အခြေကျအောင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအရင်း မရှိဘဲ အမြဲလိုလို အဖျားရှိနေတာက သွေးကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နိုင်ပါတယ်။

    • ရုတ်တရက် ကိုယ်အလေးချိန် ကျတာ

    အကြောင်းအရင်း မရှိဘဲ ရုတ်တရက် ကိုယ်အလေးချိန် ကျတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ် ဖြစ်နိုင်သလို ကင်ဆာ ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေတာ ကိုယ်အလေးချိန် ထိန်းဖို့ အစားရှောင်နေတာတွေ မရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက် ကျသွားမယ်ဆိုရင် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ။ အထူးသဖြင့် လပိုင်းအတွင်းမှာ သိသိသာသာ ကိုယ်အလေးချိန်ကျသွားတယ်ဆိုရင် သတိထားဖို့ ကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement