backup og meta

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

    ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။

    အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause

    အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။

    အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ ဟော်မုန်းထုတ်လုပ်မှု ရုတ်တရက် ကျသွားတာမျိုးပါ။ ဒီအခြေအနေကို အမျိုးသမီးများ သွေးဆုံးခြင်းလို့ ခေါ်တာပါ။

    အမျိုးသားတွေမှာတော့ အသက် ၄၀ နောက်ပိုင်း ရောက်လာပြီဆိုရင် တက်စတိုစထရုန်း ဟော်မုန်း ထုတ်လုပ်မှုက ၁ နှစ်ကို ၁ ရာခိုင်နှုန်းလောက် ကျဆင်းလာပါတယ်။ ဒါပေမယ့် အသက်ကြီးတဲ့ အမျိုးသား အများစုမှာတော့ တက်စတိုစထရုန်း ပမာဏက ပုံမှန်အနေအထားမှာ ရှိတတ်ကြပါတယ်။ ဒါကြောင့် သွေးဆုံးတာကို အမျိုးသားတိုင်း မဖြစ်မနေ ကြုံတာမျိုးတော့ မရှိပါဘူး။

    အမျိုးသားတွေမှာ တက်စတိုစတီရုန်းကို ဝှေးစေ့ကနေ ထုတ်ပေးတာပါ။ ဒီဟော်မုန်းက အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒအတွက်ပဲ မဟုတ်ပါဘူး။ လူပျိုဖော်ဝင်ချိန် အပြောင်းအလဲတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေ စတာတွေ လုပ်ပေးပါတယ်။

    သွေးဆုံးချိန်မှာ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

    အမျိုးသားတွေအနေနဲ့ သွေးဆုံးချိန်မှာ

    • အားအင်ကုန်ခမ်းတာ
    • စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းလွယ်တာ
    • စိတ်တက်ကြွမှုမရှိတာ
    • ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာ
    • အာရုံစူးစိုက်လို့မရတာ
    • အဆီတက်လာတာ
    • ကြွက်သားတွေ ကျုံလှီလာတာ
    • ရင်သားတွေဆူလာတာ
    • အရိုးသိပ်သည်းဆ နည်းလာတာ
    • လိင်တံမထောင်မတ်နိုင်တာ
    • လိင်စိတ်နည်းလာတာ
    • ကလေးရဖို့ ခက်လာတာ စတာတွေ  ဖြစ်လာနိုင်ပါတယ်။

    အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

    အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

    အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါကတော့

    • အရက်သောက်သုံးမှုကို လျှော့ပါ

    အရက်က သွေးထဲမှာရှိတဲ့ တက်စထရိုစတုန်း ပမာဏကို လျော့ကျစေနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ တစ်ပတ်ကို အရက် ၁၅ ခွက်ထက် ပိုမသောက်သင့်ပါဘူး။ တစ်နေ့ကို ၁ ခွက်လောက်ပဲ သောက်သင့်ပါတယ်။

    • စိတ်ဖိစီးမှု လျှော့ပါ

    စိတ်ဖိစီးမှုက တက်စထရိုစတုန်းဟော်မုန်း ထုတ်လုပ်မှုကို လျော့ကျစေနိုင်တဲ့ ကော်တီစောဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီမှုကို ဖြေလျော့ဖို့ တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေက နည်းလမ်းကောင်းတွေပါ။

    • အစားအစာ ဂရုစိုက်ပါ

    အာဟာရမျှတပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာကလည်း အမျိုးသားတွေကို သွေးဆုံးချိန်မှာ ကျန်းမာနေစေဖို့ ထောက်ကူပေးပါတယ်။ နေ့စဉ် စားသုံးမှုမှာ တက်စထရိုစတုန်းဟော်မုန်းပမာဏအပေါ် သက်ရောက်နိုင်တဲ့ စားသောက်မှုတွေကို ဂရုပြုဖို့ လိုပါမယ်။ အဆီများတာ၊ အချိုကဲတာတွေကို ဆင်ခြင်ဖို့ လိုပါမယ်။

    နေ့စဉ် စားသုံးမှုမှာ ဇင့်လိုမျိုး လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ပေးနိုင်မယ့် အနီရောင်အသား၊ မှို၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း စတာတွေကို စားပေးပါ။ အိုမီဂါ – 3 ရရှိစေဖို့အတွက်တော့ အခွံမာသီးတွေ၊ ကာနိုလာဆီ၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ chia စေ့တို့ကို စားသုံးပေးဖို့ လိုပါမယ်။ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်တို့ ပြည့်ဝစေဖို့အတွက်တော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲနို့ စတာတွေကို သောက်သုံးပေးလို့ ရပါတယ်။

    အရမ်းချိုတာ၊ ကဖင်း၊ အငန်ကဲတာ၊ အကျိုးမပြုအဆီတွေ များစွာ ပါဝင်နေတာတွေက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထွက်ရှိမှုကို ထိခိုက်စေပြီး ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

  • ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
  • တစ်နေ့ကို မိနစ် ၃၀ ဒါမှမဟုတ် မိနစ် ၃၀ နဲ့အထက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက အမျိုးသားတွေကို တက်စထရိုစတုန်းဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ အလေးမတာ၊ ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေကို မှန်မှန် လုပ်ပေးတာက ကြွက်သားတွေကို အသုံးပြုရတာကြောင့် တက်စရိုစတုန်း ဟော်မုန်း ထွက်ရှိမှု ကောင်းစေဖို့ လှုံ့ဆော်ပေးပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကျန်းမာစေဖို့ အကောင်းဆုံး နေထိုင်မှုနည်းလမ်း တစ်ရပ်ပါ။

    • အိပ်ရေးဝဝ အိပ်ပါ
    အိပ်ပျော်မှုဖြစ်စဉ်ရဲ့ REM အဆင့်မှာ တက်စထရိုစတုန်းဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ပြည့်ပြည့်ဝဝ အိပ်စက်ဖြစ်ဖို့ လိုပါမယ်။ တစ်ဆက်တည်း ၈ နာရီ အိပ်ချိန်ရှိဖို့ လိုပါမယ်။ တကယ်လို့ အိပ်မရဘူး။ အိပ်ပျော်ဖို့ ခက်နေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုပါရစေ။

    အမျိုးသားထုကြီးအတွက် Helloဆရာဝန်ရဲ့ အမှာစကား

    တကယ်လို့ သွေးဆုံးချိန်မှာ ခံစားရတဲ့ andropause လက္ခဏာတွေက ပြင်းထန်မယ်ဆိုရင်တော့ တက်စထရိုစတုန်း ဖြည့်စွက်အာဟာရမှီဝဲတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလို ဖြည့်စွက်အာဟာရတွေ မှီဝဲတာက စိတ်ခံစားမှု ကောင်းစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်စေသလို ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။ အရိုးတွေကိုလည်း ကြံ့ခိုင်စေဖို့ အားဖြည့်ပေးပါတယ်။
    ဒီလို ဖြည့်စွက်မှုက ဆေးပြား၊ ကပ်ခွာ၊ ဂျယ်လ်၊ ထိုးဆေးဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ရှိနိုင်ပါတယ်။ ဟော်မုန်းအစားထိုးတာမျိုးလည်း ရှိပါတယ်။ တက်စထရိုစတုန်း ကုထုံးတွေက ပုံမှန်အားဖြင့်တော့ အမျိုးသား အများစုအတွက် ဘေးကင်းစိတ်ချရပါတယ်။ ဘေးထွက်ဆိုးကျိုး အနည်းအကျဉ်းတော့ ရှိနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး အသင့်တော်ဆုံးဖြစ်မှာမျိုးကို ရွေးချယ်ပေးဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement