backup og meta

အမျိုးသားတွေက သန်မာရမယ် လို့ ဘယ်သူတံဆိပ်ကပ်ခဲ့တာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေက သန်မာရမယ် လို့ ဘယ်သူတံဆိပ်ကပ်ခဲ့တာလဲ။

    အမျိုးသားတွေက သန်မာရမယ် ။ ပျော့ညံ့ညံ့ မဖြစ်ရဘူး။ မငိုရဘူး။ ယောက်ျားကြီးတန်မဲ့၊ မိန်းမလို မိန်းမရနဲ့ စတဲ့ အပြောအဆိုတွေ အကုန်လုံးက ကျား၊ မတွေကို တံဆိပ်ကပ်နေခဲ့တာ ကြာပါပြီ။ တံဆိပ်ကပ်ရုံတင်မဟုတ်ဘဲ စည်းမျဉ်းတစ်ခုလို စွဲကိုင်လာတဲ့အခါ ဒီစည်းမျဉ်းက သွေဖီရင် သူက ပျော့ညံ့တဲ့ ယောက်ျား၊ ဘာမှသုံးမရဘူးဆိုပြီး ခွဲခြားဆက်ဆံမှုတွေပါ ပါလာပါတယ်။

    အမျိုးသားတွေက သန်မာရမယ် လို့ ဘယ်သူတံဆိပ်ကပ်ခဲ့တာလဲ။

    ထုံးတမ်းစဉ်လာတွေ၊ မိဘအစဉ်အဆက် လက်ဆင့်ကမ်းခဲ့တဲ့ အယူအဆတွေကတော့ အဓိကပါပဲ။ ဒါတင်ပဲလားဆိုတော့ ရုပ်ရှင်နဲ့ မီဒီယာတွေမှာ အမျိုးသားတွေကို အဘက်ဘက်က ပြည့်စုံပြီး အားကြီးတဲ့ပုံစံ ဖော်ပြတာ၊ အမျိုးသမီးတွေအပေါ်မှာ အနိုင်ကျင့်တာကို ပုံမှန်ကိစ္စတစ်ခုအနေနဲ့ ပြတာ ဒါတွေကလည်း ပူးတွဲ တရားခံတွေပါပဲ။

    အမျိုးသားဆိုတာနဲ့ ဒီလိုတံဆိပ်တွေ ကပ်ခံထားရပါတယ်။

    • သူများကို ရင်ဖွင့်တာက အားနည်းတဲ့ သူတွေရဲ့လုပ်ရပ်

    အမျိုးသားဆိုတာ ဘာပဲဖြစ်ဖြစ် သည်းခံရမယ်။ မငြီးငြူရဘူး။ ရင်မဖွင့်ရဘူးလို့ ဆုံးမခံရပြီး ကြီးပြင်းလာတဲ့အခါ ဒီအမျိုးသားတွေက ကျိတ်မှိတ်ခံစားတတ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အမျိုးသမီးတွေမှာ ပိုတွေ့နေရတယ်ဆိုတာက အမျိုးသားတွေက စိတ်မညစ်တတ်လို့ မဟုတ်ပါဘူး။ သူတို့ကို မပြောရဘူးလို့ တံဆိပ်ကပ်ထားလို့ပါ။

  • ကြမ်းကြမ်းတမ်းတမ်း နေရမယ်။
  • ရပ်ကွက်ထဲမှာ ယောကျာ်းလေးတွေ ရန်ဖြစ်ပြီဆိုရင် ‘ယောကျာ်းလေးတွေပဲ ဒီလောက်တော့ ရှိမှာပေါ့’ ‘ယောကျာ်းလေးပဲ ရန်ဖြစ်တတ်ရမှာပေါ့’ ‘ထိုးတတ်ကြိတ်တတ်ရမှာပေါ့’ စတဲ့ တံဆိပ်တွေ ကပ်ခံရပါတယ်။ ဒါနဲ့ ပြောင်းပြန် ရန်မဖြစ်တတ်တဲ့ ခပ်အေးအေး နေတဲ့ ယောကျာ်းလေးတွေကျ ယောကျာ်းမှ စစ်ရဲ့လား မသိဘူးဆိုပြီ စကားနာထိုးခံရပါတယ်။

    • ကျားဆန်ဆန် ကြည့်ကောင်းရမယ်။

    အမျိုးသားတွေက ပါးသိုင်းမွေးနဲ့ နှုတ်ခမ်းမွေးနဲ့မှ ကြည့်ကောင်းတယ်ဆိုတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါတယ်။ အသားဆိုလည်း ညိုမှပေါ့။ ဟိုးအရင်တုန်းကဆို ခုခေတ်လို အမျိုးသားတွေ မိတ်ကပ်လိမ်းတာ၊ skin careတာ၊ ဖြူဖတ်ဖတ်လေးတွေ ဖြစ်နေတာမြင်ရင် တစ်မျိုးတစ်မည် အထင်ခံရပါတယ်။

    • ယောကျာ်းဆိုတာ ပိုက်ဆံရှာရမယ်။ အိမ်ထောင်ဦးစီးဖြစ်တယ်။

    ဒီတော့ အမျိုးသမီးတွေက အလိုလိုနေရင်း အိမ်ထောင်သားမွေး၊ အိမ်ထောင်ထိန်းဆိုတာတွေ ဖြစ်ကုန်ရော။ အစွဲကြီးတဲ့ လူကြီးတွေဆို ယောကျာ်းလေးဆိုတာ တံမြက်စည်း မကိုင်ရဘူးတို့၊ မီးဖိုချောင်ထဲ ဘာလာလုပ်တာလဲတို့အထိ တားမြစ်ဖူးပါတယ်။

    • Gayတွေနဲ့ မပေါင်းရဘူး။

    ယောကျာ်းစစ်စစ်ဆိုတာ Gayတွေနဲ့ မပေါင်းရဘူး။ သူတို့လိုပဲ Gayဖြစ်သွားလိမ့်မယ်ဆိုတဲ အယူအဆတွေလည်း ရှိခဲ့ပါတယ်။ ဒီလို ဆုံးမခံခဲ့ရတဲ့ အမျိုးသားတွေက Gayအပါအဝင် LGBTတွေကို ရွံရှာသလို ဆက်ဆံကြပါတော့တယ်။

    • လိင်စိတ်တက်ကြွနေရမယ်။

    ဘူးရင်ဘူး၊ မဘူးရင် (ဂန်)ဒူး ဆိုတာကို ကြားဖူးမှာပေါ့။  အမျိုးသားတွေက အမြဲလိင်စိတ်တက်ကြွနေရမယ်။ စိတ်မပါဘူးဆိုရင် ဒီအမျိုးသားက တစ်ခုခုချို့ယွင်းနေပြီလို့ ယူဆကြပါတယ်။ ဒါတင်မကဘဲ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်တဲ့ အမျိုးသားတွေကို အသုံးမကျတဲ့ အမျိုးသားအဖြစ်တံဆိပ်ကပ်ကြပါတယ်။

    • အမျိုးသားတွေက လက်ပါလို့ရတယ်။

    အိမ်ထောင်ဖက်ကိုပဲဖြစ်ဖြစ်၊ သားသမီးကိုပဲ ဖြစ်ဖြစ် လက်ပါတဲ့ အမျိုးသားက ပုံမှန်ပဲ။ ဒါသူ့လုပ်ပိုင်ခွင့်လို့ပဲ သတ်မှတ်ကြပါတယ်။ ဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်နေ၊ အမျိုးသားက အမျိုးသမီးကို ရိုက်နေတာတောင် ဒါသူတို့ အိမ်ထောင်ရေးကိစ္စ သူများတွေ ဝင်မပါရဘူးဆိုတဲ့ အယူအဆတွေ ရှိလာတာပေါ့။ နောက်ပြီး တစ်ခုခုဆို အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေက ဆုံးဖြတ်ချက်ရမယ်။ ကောင်းသည် ဆိုးသည် ပြန်ပြောခွင့်မရှိဆိုတာလည်း ဖြစ်လာပါတယ်။

    ဒီလိုတံဆိပ်ကပ်ခံရတဲ့ အကျိုးဆက်တွေက

    • အမျိုးသားတွေက စိတ်ပိုင်းပြဿနာတွေကို ခံစားလာရတယ်။

    မငိုရဘူး။ ရင်မဖွင့်ရဘူးဆိုမှတော့ ဒီခံစားချက်တွေကို ကျိတ်ပြီး ခံစားရုံပဲ ရှိမှာပေါ့။ ဒီတော့ စိတ်ပိုင်းပြဿနာတွေ၊ နောက်ဆုံး ထွက်ပေါက်တွေကို ရှာလာကြပါတယ်။ နောက်ဆုံးထွက်ပေါက်ရှာခဲ့ရင်တောင် အခန့်မသင့်ရင် ယောကျာ်းကြီးတန်မဲ့ စိတ်ပျော့လိုက်တာလို့ အပြစ်တင်ခံရဦးမှာပါ။

    • ပတ်ဝန်းကျင်ကနေ ပစ်ပယ်ခံရတယ်။

    အမျိုးသားတွေအနေနဲ့ လှရင်လည်း လှချင်မယ်။ အိမ်မှာပဲ နေပြီး ကလေးထိန်းချင်လည်း ထိန်းမယ်။ အိမ်အလုပ်တွေ လုပ်တာ၊ ဟင်းချက်တာတွေ လုပ်ရင်လည်း လုပ်မယ်။ ဒါက သဘာဝပါပဲ။ ဒါပေမယ့် အများအမြင်မှာ သူ့ကို မိန်းမကြောက်၊ အသုံးမကျဘူး စတဲ့ တံဆိပ်တွေကပ်ပြီး ပစ်ပယ်လိုက်တာမျိုးတွေ ရှိနိုင်ပါတယ်။

    • မဟာပုရိသဝါဒတွေ စွဲကိုင်လာမယ်။

    အိမ်ထောင်ရေးမှာ ငါပဲရှုပ်မယ်။ နင်မရှုပ်နဲ့ ဆိုတာမျိုး၊ ငါပေးတာယူ ကျွေးတာစားဆိုပြီး ငါအာဏာပြလာတတ်ပါတယ်။ ဒါကြောင့် မိသားစုတွေနဲ့ အဆင်မပြေဖြစ်ခဲ့ရင်တောင် သူတို့အပြစ်၊ ငါ့အပြစ်မဟုတ်ဘူးဆိုတဲ့ ငါတကောကောစိတ်တွေ ဖြစ်လာနိုင်ပါတယ်။ တော်တဲ့၊ ငွေရှာတတ်တဲ့ အမျိုးသမီးတွေဆိုရင်လည်း သူတို့ကို ခြေရာတိုင်းတယ်လို့ မြင်တတ်ကြပါတယ်။

    • အန္တရာယ်များတဲ့ အပြုအမူတွေ လုပ်တတ်လာတယ်။

    ယောကျာ်းတစ်ယောက်  အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဆေးသုံးတာတွေကို ပုံမှန်လို့ ပတ်ဝန်းကျင်က ယူဆထားတတ်ပါတယ်။ မသောက်တတ်လို့ပါ ဆိုရင်တောင် အထူးအဆန်းသတ္တဝါလို ကြည့်တတ်ကြပါတယ်။ နောက်ဆုံး အပျော်အပါးလိုက်စားရင်တောင် ဒါက ပုံမှန်ပဲ။ မိန်းကလေးတွေလို ဗိုက်ထွက်လာမှာမှမဟုတ်တာဆိုပြီး မသိချင်ယောင်ဆောင်ထားကြပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေဆိုရင် အမျိုးသားတွေမှာ ခံစားရတာ များပါတယ်။

    • ကျန်းမာရေး စောင့်ရှောက်မှု ခံယူတာ နှောင့်နှေးလာတယ်။

    တစ်ခုခုဆို ကျိတ်မှိတ်ခံစားတတ်တဲ့ အကျင့်က ကျန်းမာရေးကိစ္စအထိပါ ပါလာပါတယ်။ နေမကောင်းရင်လည်း ငါသန်မာတာပဲ။ ဆေးခန်းသွားရလောက်အောင် မပျော့ညံ့သေးပါဘူးဆိုပြီး နေရာကနေ ရောဂါတွေရင့်ပြီး ပိုပိုဆိုးလာပါတယ်။

    အမျိုးသားတွေကို တံဆိပ်မကပ်ပါနဲ့တော့။

    အမျိုးသားတွေက တံဆိပ်ကပ်ခံရတာ ငယ်ငယ်တည်းကပါ။ ကလေးဘဝတည်းက ယောကျ်ားလေးဆိုတာ အပြာရောင်  ကြိုက်ရမှာပေါ့။ ပန်းရောင်ကြိုက်စရာလားက စခဲ့တာပါ။ ဒီလိုတံဆိပ်ကပ်ခံရတဲ့ ကလေးတွေက ကြီးလာတော့လည်း သူတို့ရဲ့ တံဆိပ်ကို သူတို့မျိုးဆက်တွေကို လက်ဆင့်ကမ်းလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာဆို အပိုဆောင်းအနေနဲ့ ယောကျာ်းက မိန်းမထက် မြတ်တယ်ဆိုပြီး အသင်ခံရတာ၊ သားကိုသခင် လင်ကိုဘုရားဆိုတာတွေတောင် ရှိပါတယ်။

    တကယ်တော့ ယောကျာ်းပီသတာထက် လူပီသတာက အရေးကြီးတာပါ။ သူတို့မှာလည်း ခံစားချက်ရှိတာကြောင့် ငိုလို့ရတယ်။ ရင်ဖွင့်လို့ရပါတယ်။ ဒါက အဆန်းတာ မဟုတ်ပါဘူး။ လူထဲက လူဖြစ်နေလို့ပါ။ အမျိုးသားတွေက သန်မာရမယ် ဆိုတဲ့ အတွေးတွေကို ထားခဲ့လိုက်ပါတော့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement