ရေ အသက် တစ်မနက်ပါ။ ရေက ခန္ဓာကိုယ်အတွက်အရေးပါတဲ့အရာတစ်ခုပါ။ ရေဓာတ်ခမ်းခြောက်မှုက အသက်အန္တရာယ်ကို ထိခိုက်တာမျိုးအထိပြင်းထန်ပါတယ်။ ဒါကြောင် နေ့စဉ်တိုင်းမှာ ရေပြည့်ဝအောင်သောက်သုံးဖို့လိုပါမယ်။ ဒီလိုဆိုတာနဲ့ ရေဖြစ်ရင်ပြီးရောဆိုပြီး သောက်လိုက်လို့ မဖြစ်ပါဘူး။ ရေ ဆိုတဲ့နေရာမှာ သန့်စင်တဲ့ သောက်သုံးရေဖြစ်ဖို့လိုပါမယ်။
သောက်သုံးမယ့်ရေ က သန့်စင်ရဲ့လား………..
သောက်သုံးမယ့်ရေ က သန့်ပါစေ လို့ ပြောရတာက ရေတိုင်းကို သောက်သုံးလို့မဖြစ်ပါဘူး။ သန့်စင်တဲ့ သောက်သုံးရေကသာ ကျန်းမာရေးကို အကောင်းဆုံး အကျိုးပြုနိုင်မှာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်သုံးရေဖြစ်ဖို့ဆိုရင်
- အရောင်ကင်းရမယ်
- အနံကင်းရမယ်
- အရသာကင်းရပါမယ်။
သောက်သုံးရေသန့်စင်မှုကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ………
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေပြီး ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ သန့်ရှင်းတဲ့သောက်သုံးရေကခန္ဓာကိုယ်အတွက် ဘာတွေများလုပ်ပေးလဲချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။
- အဆစ်တွေလှုပ်ရှားရအဆင်ပြေစေတယ်
အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ ရာခိုင်နှုန်းလောက်အထိရှိနေတာကိုတွေ့ရပါတယ်။ ဒီလိုရေတွေရှိနေတာကပဲ သင့်ကို လိုသလိုလှုပ်ရှားလို့ရအောင် အကောင်းဆုံးထောက်ပံ့ပေးနေတာပါ။ တကယ်လို့ သင့်အနေနဲ့သာ ရေကို လုံလောက်အောင်မသောက်လို့ ဒီအရိုးအဆစ်လေးတွေထဲမှာ ရေနည်းသွားမယ်ဆိုရင် အဆစ်တွေကတောင့်တင်းပြီး အဆစ်နာတာ၊ လှုပ်ရှားရအဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်။
- တံထွေးနဲ့ အချွဲတွေကိုဖြစ်စေတယ်
တံထွေးက အစာကြေစေပြီး ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ တံထွေးထွက်လာအောင် ထောက်ပံ့ပေးတာက သောက်သုံးလိုက်တဲ့ရေကပါ။ ခံတွင်း၊နှာခေါင်း နဲ့ မျက်လုံးကို အစိုဓာတ်ရစေဖို့လည်း သောက်ရေက အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ရေသောက်တာက ခံတွင်းကျန်းမာစေနိုင်သလို အချိုစာတွေစားတာသောက်တာကြောင့် သွားမပျက်စီးအောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
- ကိုယ်တွင်းမှာ အောက်ဆီဂျင်စီးဆင်းမှုကို ကောင်းမွန်စေနိုင်တယ်
သွေးရဲ့ ၉၀ ရာခိုင်နှုန်းကို ပါဝင်ဖွဲ့စည်းထားတဲ့အရာက ရေပါ။ သွေးကအောက်ဆီဂျင်ကို ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကိုပို့ဆောင်ပေးတာပါ။ ဒါကြောင့် ရေသောက်ပေးတာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကောင်းစေမှာပါ။
- အသားအရေကို ကျန်းမာစေနိုင်တယ်
ရေဓာတ်မပြည့်ဝလို့ အသားတွေမွဲခြောက်တာက ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဒီတော့ အသားအရေကိုရေဓာတ်ဖြည့်ဖို့ဆိုရင် အစိုဓာတ်ထိန်းခရင်မ်လူးတာထက် ရေသောက်တာကပိုထိရောက်ပါတယ်။ အရေပြားပြဿနာကင်းပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကိုကာကွယ်ဖို့ဆို ရေသောက်ပါ။
- ဦးနှောက်ကို ကျန်းမာစေနိုင်တယ်
ရေဓာတ်ခမ်းခြောက်မှုက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ကောင်းမွန်ပြီး အတွေးစိတ်ကူးတွေဆန်းသစ်စေဖို့ရေသောက်ပေးပါ။ တွေးရကြပ်လာရင် ရေသောက်လိုက်ပါ။
- ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တယ်
ရေကို အရေပြားရဲ့အတွင်းလွှာမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်က ပူလာတဲ့အခါ ဒီသိမ်းဆည်းထားတဲ့ ရေတွေက ချွေးအဖြစ်နဲ့ထွက်လာပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။ အပူလျှပ်တာတွေ မဖြစ်စေဖို့ဆိုရင်လည်း ရေကိုလုံလောက်အောင်သောက်သုံးဖို့လိုပါမယ်။
- အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်
အူမကြီးကောင်းကောင်းလုပ်ဆောင်နိုင်စေဖို့ ကရေဓာတ်လုံလောက်စွာရရှိဖို့လိုပါမယ်။ တကယ်လို့ရေဓာတ်ပြည့်ဝမှုမရှိတဲ့အခါ အစာအိမ်အက်ဆစ်တွေက ပြင်းနေတာမျိုး၊ အူတွေက အာဟာရစုပ်ယူနိုင်စွမ်းကျတာနဲ့ ဝမ်းချုပ်တာတွေ ခံစားရနိုင်ပါတယ်။ ရေသောက်နည်းတာက အစာမကြေတာ၊ ရင်ပူတာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
- ကိုယ်တွင်းကအဆိပ်အတောက်တွေဖယ်ရှားပေးတယ်
ရေက ချွေး၊ ဆီး၊ ဝမ်းတို့ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။
- သွေးပေါင်ထိန်းညှိပေးတယ်
ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက သွေးကိုပျစ်စေပြီး သွေးပေါင်ချိန်ကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတာကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိချင်တယ်ဆိုရင် ရေကို လုံလောက်တဲ့ပမာဏရအောင် သောက်ပါ။
- အသက်ရှူလမ်းကြောင်းကျန်းမာစေနိုင်တယ်
ရေဓာတ်ခမ်းခြောက်တဲ့အခါ အသက်ရှူလမ်းကြောင်းတလျှောက်ခြောက်သွေ့မှုတွေဖြစ်ပြီး ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကိုပိုဖြစ်စေနိုင်ပါတယ်။
- ကိုယ်တွင်းမှာ အာဟာရဓာတ်တွေ ပြန့်နှံ့ရောက်ရှိမှုကိုကောင်းစေတယ်
ရေက အာဟာရဓာတ်တွေကို ပျော်ဝင်စေပြီး ခန္ဓာကိုယ်အနှံ့စီးဆင်းရောက်ရှိမှုကို ကောင်းစေပါတယ်။
- ကျောက်ကပ်မပျက်စီးအောင် ကာကွယ်ပေးတယ်
ကျောက်ကပ်က ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးဖို့ အဓိကတာဝန်ယူထားတဲ့ အစိတ်အပိုင်းလေးတွေပါ။ ရေသောက်နည်းတာက ကျောက်ကပ်မှာ ကျောက်တည်တာအပါအဝင် အမျိုးမျိုးသော ကျောက်ကပ်ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
သင်က ဝိတ်ချနေတာဆိုရင်တော့ ရေသောက်ပါလို့ပြောပါရစေ။ အကြောင်းကတော့ ရေသောက်တာက ကိုယ်အလေးချိန်ကျဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်လို့ပါ။ အစားမစားခင်ရေသောက်ခြင်းက အများကြီးမစားမိအောင်ကာကွယ်ပေးနိုင်သလို ဗိုက်ပြည့်တယ်လို့လည်း ခံစားရစေနိုင်ပါတယ်။
သောက်သုံးရေက သန့်ရှင်းမှုအားနည်းတဲ့အခါ
သောက်သုံးရေ သန့်ရှင်းမှုအားနည်းတဲ့အခါ
- ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
- အော့အန်တာ
- ဖျားနာတာ
- အသည်းရောင် အသားဝါ
- ကျောက်ကပ်ထိခိုက်တာ နဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတော်တော်များများကိုခံစားရနိုင်ပါတယ်။
[embed-health-tool-bmr]