backup og meta

သွားကျန်းမာရေးကို အများဆုံးထိခိုက်စေသော အစားအစာ ၈ မျိုး

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားကျန်းမာရေးကို အများဆုံးထိခိုက်စေသော အစားအစာ ၈ မျိုး

    သင့်ကျန်းမာရေးဟာ သင်စားနေတဲ့အရာတွေပေါ် မူတည်တယ်လို့ အဆိုရှိပါတယ်။ သင့်ရဲ့သွားကျန်းမာရေးအတွက်ဆိုလည်း အလားတူပါပဲ။ သင်စားသုံးလိုက်တဲ့ အရာတွေဟာ သင့်သွားနဲ့ခံတွင်း ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ အချို့သော အစားအသောက်များဟာ သွားကျောက်တည်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ သွားကျောက်များမှာ ဘက်တီးရီးယားတွေလည်း ကပ်ငြိနေနိုင်ပြီး သွားဖုံးရောဂါများနဲ့ သွားပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အချိုဓာတ်ကဲတဲ့ အစားအသောက်တွေဟာ ဘက်တီးရီးယားတွေဆီကနေ အက်ဆစ်များထွက်လာစေပြီး သွားများရဲ့ အပေါ်ယံကြွေလွှာကို ပျက်စီးစေပါတယ်။ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။

    သွားပိုးပေါက်များဟာ သွားကိုက်စေခြင်း၊ ကြိတ်ဝါးရခက်ခြင်း၊ သွားဖုံးပြည်တည်ခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန် သွားတိုက်ခြင်း၊ သွားပွတ်ကြိုးသုံးခြင်း မရှိတဲ့အခါ သွားကျောက်တည်ခြင်း ပိုမိုဆိုးရွားလာပြီး ရေစီးကမ်းပြိုပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။ အဆိုပါပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ အစားအစာတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။

    ယခု ဆက်လက်ဖော်ပြမှာကတော့ သွားကျန်းမာရေးကို အများဆုံးဒုက္ခပေးတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

    ၁။ အချဉ်ဓာတ်ကဲသော ချိုချဉ်များ

    ချိုချဉ်သကြားလုံးများဟာ ခံတွင်းကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို အတော်များများ သိကြပါတယ်။ တကယ်တော့ အချဉ်ဓာတ်ကဲတဲ့ သကြားလုံးများဟာ အက်ဆစ်ဓာတ်ပါဝင်ပြီး သွားကို ပိုပြီး ဒုက္ခပေးတတ်ပါတယ်။ ဒါ့အပြင် ဝါးစားရတဲ့အတွက်ကြောင့် သွားမျက်နှာပြင်တွေပေါ်မှာ အချိန်ကြာမြင့်စွာ ကပ်ငြိနေနိုင်ပါတယ်။ အဲဒီအခါ သွားများကို ပိုမိုပျက်စီးစေပါတယ်။ ချိုတဲ့အရာတွေကို မစားရမနေနိုင်ရင်တော့ သကြားလုံးအစား ချောကလက်ကို ပြောင်းပြီး စားသုံးဖို့အကြံပြုလိုပါတယ်။ ချောကလက်ဟာ လျင်မြန်စွာ ဝါးစားနိုင်တဲ့အပြင် အာလုတ်ကျင်းပြီးတော့လည်း အလွယ်တကူ သန့်စင်နိုင်ပါတယ်။

    ၂။ ပေါင်မုန့်များ

    စူပါမားကတ်များမှာ ပေါင်မုန့်တန်းဖက်ရောက်ပြီး ဝယ်ဖို့စိတ်ကူးပေါက်ရင် နှစ်ခါပြန်စဉ်းစားစေချင်ပါတယ်။ အကြောင်းကတော့ ပေါင်မုန့်ကို စားချိန်မှာ သင့်ရဲ့တံတွေးများဟာ ပေါင်မုန့်က ကစီဓာတ်ကို သကြားများအဖြစ် ချေဖျက်ပေးပါတယ်။ ပေါင်မုန့်ဖတ်အကြွင်းအကျန်များဟာ သွားကြားထဲကို ရောက်သွားပြီး ကြွေလွှာတွေကို ဒုက္ခပေးပါတယ်။ ဒါကြောင့် ပေါင်မုန့်ကြိုက်တတ်သူဆိုရင်တော့ အဆင့်ဆင့်ပြုပြင်ပြီး အချိုဓာတ်တွေ ထည့်သွင်းထားတဲ့ ပေါင်မုန့်တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပြီး ပေါင်မုန့်ကြမ်း၊ ပေါင်မုန့်ညိုကိုသာ ရွေးချယ်စားသုံးဖို့ အကြုံပြုလိုပါတယ်။

    ၃။ အရက်

    အရက်သောက်ခြင်းဟာ အာခေါင်နဲ့ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ခံတွင်းခြောက်သွေ့ခြင်းဟာ သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။ သွားများပျက်စီးခြင်း၊ သွားဖုံးရောဂါဖြစ်ခြင်း၊ ခံတွင်း ရောဂါပိုးဝင်ခြင်းများကို ဦးတည်စေပါတယ်။ ဒါကြောင့် ခံတွင်းကို ရေဓာတ်ကောင်းစွာရနေအောင် ရေများများသောက်သင့်ပါတယ်။

    ၄။ ကာဗွန်ထည့်ထားသော အချိုရည်များ

    ကာဗွန်ဖြည့်ထားတဲ့ ဆိုဒါများသောက်သုံးခြင်းဟာ သွားကျောက်တွေကနေ အက်ဆစ်ဓာတ် ပိုမိုထွက်လာစေပြီး သွားကြွေလွှာကို ပျက်စီးစေပါတယ်။ ဒါ့အပြင် အဆိုပါအချိုရည်များဟာ အာခေါင်ခြောက်သွေ့စေပါတယ်။ အရောင်ရင့်တဲ့ အချိုရည်များဟာ သွားများကို အစွန်းအထင်း ဖြစ်ပေါ်စေတတ်ပါသေးတယ်။ ဒါကြောင့် အချိုရည်သောက်ပြီးရင် အနည်းငယ်ကြာရင် သွားနဲ့ခံတွင်း သန့်ရှင်းရေးပြုလုပ်ပါ။ သောက်ပြီးပြီးချင်း သွားတိုက်ရင်တော့ ပိုပျက်စီးတတ်ပါတယ်။

    ၅။ ရေခဲ

    မာကြောတဲ့အရာများကို ကိုက်ဝါးခြင်းဟာ သွားရဲ့အပေါ်ယံလွှာကို ပျက်စီးစေတတ်ပါတယ်။ ကျိုးပဲ့ခြင်း၊ ယိုင်နဲ့ခြင်းလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ရေခဲရဲ့ အေးမြခြင်းဟာ အာရုံကြောတွေကို ထုံကျဉ်စေနိုင်ပါတယ်။ သင့်ကျန်းမာရေးအတွက် ရေခဲကို ဝါးစားခြင်း မပြုပါနဲ့။

    ၆။ ချဉ်သော အသီးများ

    လိမ္မော်သီး၊ ဂရိတ်ဖရု၊ လီမွန် စတဲ့အသီးများဟာ အသီးအနေနဲ့ရော ဖျော်ရည်အနေနဲ့ပါ လူကြိုက်များကြပါတယ်။ အဆိုပါ အသီးအနှံတွေမှာ ဗီတာမင်စီ ကြွယ်ဝပါတယ်။ ဒါပေမယ့် သတိပြုရမယ့် တချက်က ဒီအသီးအနှံတွေမှာပါတဲ့ အက်ဆစ်ဓာတ်ဟာ သွားရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေတတ်ပြီး သွားများကို ဆွေးမြေ့လွယ်စေပါတယ်။ အဆိုပါ အသီးအနှံတွေကို စားသုံးချင်ရင်၊ ဖျော်ရည်တွေကို သောက်သုံးချင်ရင် ထမင်းစားသောက်ချိန်နဲ့ သိပ်မကွာစေဘဲ စားသောက်ပြီးချိန်မှာလည်း ပလုတ်ကျင်းတာမျိုး ပြုလုပ်သင့်ပါတယ်။

    ၇။ အာလူးကြော်

    အာလူးကြော်ဟာ အသင့်စား စားစရာအနေနဲ့ အတော်များများ စားသုံးကြပါတယ်။ သူတို့မှာပါတဲ့ ကစီဓာတ်ဟာ သွားကြားတွေရဲ့ရောက်နေပြီး သွားကျောက်တည်ခြင်းကို ဖြစ်စေတတ်ပါတယ်။ သေချာစွာ သန့်ရှင်းရေး မပြုလုပ်ရင် အက်ဆစ်ဓာတ်များပါ ထွက်ပေါ်လာတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သွားပွတ်ကြိုး သုံးသင့်ပါတယ်။

    ၈။ အသီးခြောက်များ

    အသီးခြောက်များဟာ သရေစာတွေထဲမှာ ကျန်းမာရေးနဲ့ ကိုက်ညီတယ်လို့ လက်ခံထားကြပါတယ်။ သကြားဓာတ်ပါတဲ့ အဆိုပါအစားအစာတွေဟာ သွားကြိုသွားကြားတွေထဲမှာ ခိုအောင်းပြီး သွားကို ဒုက္ခပေးတတ်ပါတယ်။ အသီးခြောက်တွေကို စားမယ်ဆိုရင် အချိုဓာတ်နည်းတဲ့ စားစရာတွေကို ရွေးချယ်စားသုံးပါ။

    အထက်ပါ အစားအသောက်တွေကို လေ့လာကြည့်မယ်ဆိုရင် အများစုဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဖြစ်စေတဲ့ စားစရာတွေဖြစ်တာကို သတိပြုမိပါလိမ့်မယ်။ သွားကျန်းမာရေးအတွက်တော့ သတိထားရပါမယ်။

    ဒါပေမယ့် လုံးဝရှောင်ကြဉ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီအာဟာရဓာတ်တွေကို ကိုယ်ခန္ဓာက လိုအပ်ပါသေးတယ်။ စားသုံးပြီးချိန်မှာသာ သွားနဲ့ခံတွင်းထဲမှာ အကြွင်းအကျန်တွေ ကျန်ရစ်မနေအောင် ပုံမှန် သန့်ရှင်းရေးပြုလုပ်ဖို့ကသာ အရေးကြီးပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement