backup og meta

ရွှေဖရုံသီးစေ့ စားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ


Dr. Thant Zin မှ ရေးသားသည်။ · 14/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရွှေဖရုံသီးစေ့ စားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ

    ရွှေဖရုံသီးစေ့ဟာ အရွယ်အစားအရသာ သေးငယ်ပေမယ့် အာဟာရဓာတ်တွေ များစွာပါဝင်တဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ အနည်းငယ်စားရုံမျှနဲ့တင် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေ ရရှိနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ ရွှေဖရုံသီးစေ့ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

    ၁။ အာဟာရဓာတ်များစွာ ပါဝင်ခြင်း

    ရွှေဖရုံသီးစေ့ဟာ အရွယ်အစားသေးငယ်လှပေမယ့် ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အတော်များပါတယ်။ ရွှေဖရုံသီးစေ့ တစ်အောင်စ (၂၈ ဂရမ်) မှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

    – ကယ်လိုရီ။ ၁၅၁

    – ကာဘိုဟိုက်ဒရိတ်။ ၅ ဂရမ်

    – ပရိုတိန်း။ ၇ ဂရမ်

    – အဆီဓာတ်။ ၁၃ ဂရမ်

    – ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်း

    – ဖော့စဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း

    – မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၄၂ ရာခိုင်နှုန်း

    – မဂ္ဂနီဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၃၇ ရာခိုင်နှုန်း

    – သံဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၃ ရာခိုင်နှုန်း

    – ဇင့်။ တစ်နေ့တာလိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်း

    – ကြေးနီ။ တစ်နေ့တာလိုအပ်ချက်၏ ၁၉ ရာခိုင်နှုန်း စသဖြင့် ဖြစ်ပါတယ်။

    ၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း

    ရွှေဖရုံသီးစေ့မှာ ကရိုတီးနွိုက်နဲ့ ဗီတာမင် E လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ရောင်ရမ်းမှုကို ကျစေပါတယ်။

    ၃။ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေခြင်း

    ရွှေဖရုံသီးစေ့ပုံမှန် စားသုံးခြင်းအားဖြင့် အစာအိမ်၊ ရင်သား၊ အဆုတ်၊ ဆီးကျိတ်နဲ့ အူမကြီးကင်ဆာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ရွှေဖရုံသီးစေ့မှာပါဝင်တဲ့ lignin ဆိုတဲ့ ဓာတ်ပစ္စည်းဟာ ရင်သားကင်ဆာကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်။

    ၄။ ဆီးကျိတ်နှင့် ဆီးအိမ်ကို အထောက်အကူပြုခြင်း

    ရွှေဖရုံသီးစေ့စားခြင်းဟာ ဆီးကျိတ်ရောင်ခြင်းကို သက်သာစေပါတယ်။ ဆီးအိမ်အလွန်အကျွံအလုပ်လုပ်ပြီး မကြာခဏ ဆီးသွားချင်တဲ့ ပြဿနာကိုလည်း သက်သာစေပါတယ်။ ဆီးအိမ်ပြဿနာရှိသူတွေမှာ တစ်နေ့ကို ရွှေဖရုံသီးစေ့ ၁၀ ဂရမ်စားပေးခြင်းအားဖြင့် ဆီးအိမ် အလွန်အကျွံအလုပ်လုပ်ခြင်းကို လျော့ပါးသက်သာစေတယ်လို့ ဆိုပါတယ်။

    ၅။ မဂ္ဂနီဆီယမ်ကြွယ်ဝခြင်း

    မဂ္ဂနီဆီယမ်ဓာတ်ဟာ ကိုယ်ခန္ဓာထဲက ဓာတုဓာတ်ပြုမှုပေါင်း ခြောက်ရာကျော်အတွက် မဖြစ်မနေ လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးပေါင်ချိန်ထိန်းပေးခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ ကျဆင်းစေခြင်း၊ အရိုးများသန်မာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း စတဲ့လုပ်ငန်းစဉ်တွေအတွက် အရေးကြီးပါတယ်။ ရွှေဖရုံသီးစေ့မှာ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝပြီး ရွှေဖရုံသီးစေ့ ၂၈ ဂရမ်မှာ တနေ့တာလိုအပ်တဲ့ မဂ္ဂနီဆီယမ်ဓာတ် ၃၇ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။

    ၆။ နှလုံးကျန်းမာရေးကို ကောင်းစေခြင်း

    ရွှေဖရုံသီးစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ မဂ္ဂနီဆီယမ်၊ ဇင့်နဲ့ ဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်များဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် သုတေသနတွေအရ ရွှေဖရုံသီးစေ့စားခြင်းဟာ နှလုံးရောဂါရဲ့ အကြောင်းအရင်းခံနှစ်ချက်ဖြစ်တဲ့ သွေးတိုးခြင်းနဲ့ ကိုလက်စထရောမြင့်မားခြင်းကို သက်သာစေတယ်လို့ သိရပါတယ်။

    ၇။ သုက်ပိုးအရည်အသွေးကို တိုးတက်စေခြင်း

    ဇင့်ဓာတ်နည်းပါးခြင်းနဲ့ သုက်ပိုးအရည်အသွေး ကျဆင်းခြင်းအကြား ဆက်စပ်နေပါတယ်။ ရွှေဖရုံသီးစေ့မှာ ဇင့်ဓာတ်ကြွယ်ဝတာကြောင့် သုက်ပိုးများကို အားဖြည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရွှေဖရုံသီးစေ့မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အာဟာရဓာတ်များဟာ တက်စတိုစထရုန်းဟော်မုန်းပမာဏကို မြင့်တက်စေနိုင်ပါတယ်။

    ၈။ အိပ်ပျော်စေခြင်း

    ရွှေဖရုံသီးစေ့မှာ ထရစ်တိုဖန် (tryptophan) လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တမျိုး ပါဝင်ပါတယ်။ အဆိုပါပစ္စည်းဟာ နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အားပေးပါတယ်။ ရွှေဖရုံသီးစေ့ ၂၀၀ ဂရမ်စားရင် တစ်နေ့တာလိုအပ်တဲ့ ထရစ်တိုဖန် အမိုင်နိုအက်ဆစ်ကို လုံလောက်စွာ ရစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ကူညီပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement